အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ လွှတ်တော် ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်မှုအပေါ် လက်မခံနိုင်သည့် မြို့နယ်များမှ တိုင်စာများကို အချက်အလက် အထောက်အထား ပြည့်စုံခိုင်လုံပါက ပြန်လည်စိစစ် သုံးသပ်ပေးမည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ထံမှ သိရသည်။
NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့်က “တဘက်ကို ရွေးရင် တဘက်က ဝေဖန်မှာပဲ။ ခိုင်လုံတယ်၊ အချက်အလက် အထောက်အထားတွေ ပြည့်စုံတယ်ဆိုရင် ဗဟိုက ပြန်သုံးသပ်မယ်။ အခုဖြစ်နေတာတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်လည်း သိပါတယ်” ဟု ဧရာဝတီသို့ အတည်ပြုပြောသည်။
မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ပန်းခြံလမ်းရှိ NLD ဗဟိုအောင်နိုင်ရေးအဖွဲ့ ရုံးခန်းသို့ မြို့နယ် တော်တော်များများမှ တိုင်စာများ၊ ကန့်ကွက်စာများ၊ နုတ်ထွက်စာများ လာရောက်ပေးပို့လျက် ရှိသော်လည်း အရေအတွက်ကို အတိအကျ မသိသေးကြောင်း ဦးဝင်းမြင့်က ဆိုသည်။
NLD ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းတွင် မြို့နယ်များက လက်မခံနိုင်သူများကို ပြင်နိုင်သမျှ ပြင်ပေးသွားမည် ဖြစ်ကြောင်း ဗဟိုအောင်နိုင်ရေး ဥက္ကဋ္ဌဖြစ်သူ ပါတီနာယက ဦးတင်ဦးက ကတိပေးထားသည် ဟုလည်း သိရသည်။
လယ်ဝေး၊ ပျဉ်းမနား၊ ဥတ္တရသီရိ၊ မြောင်းမြ၊ ဆင်ပေါင်ဝဲ၊ မင်းလှ၊ နတ်မောက်၊ မြစ်သား၊ ရွှေဂူ၊ မိုးကုတ်၊ မေမြို့၊ ကမာရွတ်၊ ကြည့်မြင်တိုင်မြို့နယ်များ ပါဝင်ကြောင်း လယ်ဝေးနှင့် ပျဉ်းမနားမှ ကန့်ကွက်စာ လာတင်သူများက ဧရာဝတီကို ပြောသည်။
“ကျနော် Complaint တက်တာက အောက်ခြေကို ရွေးပါ၊ ရွေးပါဆိုပြီး ချမှတ်ပေးတယ်၊ ဒါပေမယ့့် အောက်ခြေကနေ ရွေးချယ်တင်မြှောက်ပြီးတော့မှ အဆင့်ဆင့် ရွေးချယ်မှုအရ တက်သွားတဲ့ ကျနော်တို့လိုလူတွေကို ဗဟိုကနေ လုံးဝပယ်လိုက်ပြီး အဆင့်ဆင့် ရွေးချယ်တင်မြှောက်ထားခြင်း မရှိတဲ့ လူတယောက်ကို အစားထိုးထည့်လိုက်တာကို လာကန့်ကွက်တာ။ ပါတီဗဟိုနဲ့ အောက်ခြေ ကွာဟမှုများတာကို အဓိက ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သိစေချင်တယ်” ဟု ပျဉ်းမနားမြို့၊ NLD အတွင်းရေးမှူး စိုင်းဝင်းနိုင်ဦးက ပြောသည်။
ယင်းတို့အနေဖြင့် ဗဟိုအောင်နိုင်ရေးရုံးသို့ သြဂုတ် ၃ ရက်တွင် ကန့်ကွက်စာတင်ထားပြီး ဗဟိုအလုပ်အမှုဆောင် တာဝန်ရှိသူ တဦးဦးနှင့် တွေ့ခွင့်ရရန် စောင့်ဆိုင်းနေကြောင်း၊ ယင်းတို့ အနေဖြင့် ဆန္ဒဖော်ထုတ်ခြင်း၊ နုတ်ထွက်ခြင်းများ ပြုလုပ်သွားမည် မဟုတ်ဘဲ ပြန်လည် သုံးသပ်ဆောင်ရွက်ပေးရန် တင်ပြခြင်းဖြစ်ပြီး ပါတီ၏ ပုံရိပ်ကျဆင်းစေရန် မဟုတ်ကြောင်း လယ်ဝေးမြို့နယ် NLD အတွင်းရေးမှူး ဦးစိုးထွန်းက ရှင်းပြသည်။
၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ၏ ကိုယ်စားလှယ်လောင်း စာရင်းများကို သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ကိုယ်စားလှယ်လောင်း စာရင်းတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့် နာမည်ရ တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးသမားများ မပါဝင်ခဲ့မှုအပေါ် ဝေဖန်ကန့်ကွက်မှုများ ရှိခဲ့သည်။
သြဂုတ်လ ၃ ရက်ကလည်း “ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းအား တခြား ကိုယ်စားလှယ် လဲပေးရန်” ကိစ္စနှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးဌေးမြင့်က ဦးဆောင်ကာ သတင်းစာရှင်းလင်းပွဲတရပ်ကို ပြုလုပ်ခဲ့သည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် NLD အနေဖြင့် ပြည်သူ့လွှတ်တော် ၃၁၉ နေရာ၊ အမျိုးသားလွှတ်တော် ၁၆၅ နေရာ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ၆၂၀ နေရာနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ် ၂၉ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။