ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် အဆင့်အတန်း မခွဲခြားဘဲ စစ်ရေး၊ နိုင်ငံရေး အာမခံချက် ပေးနိုင်ကြောင်း ပြောဆိုလိုက်သည်။
သြဂုတ်လ ၄ ရက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုနှစ် ပြည်ထောင်စုနေ့က အစိုးရနှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့နှင့် နေပြည်တော် ဘုရင့်နောင်ခန်းမတွင် သီးသန့်တွေ့ဆုံရာ၌ ပြောဆိုခြင်းဖြစ်ကြောင်း ယနေ့ထုတ် အစိုရ သတင်းစာများတွင် ဖော်ပြထားသည်။
“တိုင်းရင်းသားများအကြား လုံးဝခွဲခြားမှု မရှိ၍ နိုင်ငံရေး အာမခံချက်ပေးလို့ရသည်ဟု ပြောနိုင်ကြောင်း၊ စစ်ရေးအာမခံချက်နှင့် ပတ်သက်၍ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးသည့် အဖွဲ့များနှင့် ပတ်သက်ပြီး အာမခံနိုင်ကြောင်း”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုချက်ကို သတင်းစာများ၌ ဖော်ပြထားသည်။
ထို့အပြင် အပစ်ရပ်ပြီးနောက် တိုင်းရင်းသားတပ်များအတွက် လူမှုရေး အာမခံချက်ဖြစ်သည့် စားဝတ်နေရေးကိစ္စ၊ စီးပွားရေး ကိစ္စများသည် မဖြစ်မနေ လုပ်ဆောင်ပေးရမည့် ကိစ္စရပ်ဖြစ်ကြောင်းနှင့် နှစ်ဖက်အကြား ညှိနှိုင်းရန် အခက်အခဲ ဖြစ်နေသည့် DDR၊ SSR သို့မဟုတ် SSR၊ DDR ကိစ္စရပ်များသည် မည်သို့ပင်ဖြစ်စေ လုပ်ဆောင်ရမည် ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။
တပ်မတော်က အဆိုပါ အာမခံချက်များသည် ၎င်းတို့ဆွဲကိုင်ထားသည့် Disarmament၊ Demobilization၊ Reintegration (DDR) နှင့် ချမှတ်ထားသော မူ ၆ ချက်ကို လက်ခံနိုင်သည့်အဖွဲ့များနှင့်သာ ဖြစ်ကြောင်း နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလက ဧရာဝတီသို့ပြောသည်။
“NCA ကိုလက်ခံလာရင်၊ DDR ကိုလည်း လက်ခံရင်၊ ပြီးတော့ တပ်မတော်ရဲ့ မူ ၆ ချက်ကို လက်ခံရင် အဲဒါအားလုံး အာမခံချက် ဖြစ်တယ်လို့ပဲ ပြောကြားသွားတာကို ကျနော်ကြားသိလိုက်ရပါတယ် ခင်ဗျ”ဟု ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။
တပ်မတော်ဘက်က ပြောဆိုနေသည့် DDR သည် လက်နက် ဖြုတ်သိမ်းရေး၊ စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုခြင်းနှင့် အရပ်သား များအဖြစ် ပြန်လည်ပေါင်းစည်းရေး မူဝါဒများ ဖြစ်ကြောင်း သိရပြီး တိုင်းရင်းသား အင်အားစုများက ပြည်နယ်စောင့်တပ်အဖြစ်နှင့် ပြန်လည်ပေါင်းစည်းရေး ပါဝင်သည့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး Security Sector Reform (SSR)အပေါ် အခြေခံထားခြင်း ဖြစ်ကြောင်း သိရသည်။
လက်မှတ်မထိုးသေးသည့် ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် တပ်မတော်၏ ငြိမ်းချမ်းရေး မူဝါဒပါ အချက်များကို အလေးထား လိုက်နာပါက ပြဿနာ မရှိနိုင်ကြောင်း၊ ယင်းအဖွဲ့အစည်းများ မှန်ကန်စွာ ရပ်တည်နေထိုင်မှု အပေါ်တွင်သာ မူတည်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်၏ သဘောထားကို ပြောဆိုထားသည်။
တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထားရှိသည့် မူ ၆ ချက်တွင် နိုင်ငံတော်က ထုတ်ပြန်သည့် တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်၊ ဒို့တာဝန်အရေး သုံးပါးနှင့် ဒီမိုကရေစီ ကျင့်စဉ်အရ ၂၀၀၈ ဖွဲ့စည်းပုံ အရ လိုက်ပါဆောင်ရွက်ရန် စသည့် အချက်တို့ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများက လက်မခံလိုကြောင်း ပြောဆိုထားသည်။
နေပြည်တော် ဆွေးနွေးပွဲသို့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)နှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ (KPC) တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေကြောင်း ထိုလမ်းစဉ်၏ အပိုင်းအစတခုဖြစ်သည့် အပစ်အခတ် ရပ်စဲရေး အဆင့်တွင် ပိတ်ဆို့နေခြင်းကို ခွင့်မပြုနိုင်ကြောင်း နိုင်ငံ့အကျိုး ရှေးရှု၍ ပြေလည်ရန် ညှိနှိုင်းသွားကြရမည် ဖြစ်ကြောင်း KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုးက ပြောဆိုကြောင်းလည်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားးသည်။
စောမူတူးဆေးဖိုးက “KNU ၏ သဘောထားမှာ NCA လက်မှတ်ထိုးပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများဖြင့် ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစားသွားမည် ဖြစ်ကြောင်း ပြန်လည် ပြောကြားသည်”ဟု အစိုးရ သတင်းစာများတွင် ပါရှိသည်။
ငြိမ်းချမ်းရေး အောင်မြင်ရမည်ဟု ယုံကြည်ထားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆိုသည်ဟုသိရသော်လည်း တိုင်းရင်း သား လက်နက်ကိုင် အများစုက တောင်းဆိုနေသည့် NCA လက်မှတ်ထိုးရာတွင် လက်နက်ကိုင် အင်အားစုများ အားလုံးပါဝင်ရေး ကို လက်ခံမခံ ပြောဆိုသွားခြင်း မရှိပေ။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်အထိ ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်နက်ကိုင်အဖွဲ့ အားလုံးကို လက်ခံမှသာ လက်မှတ်ရေးထိုးမည်ဟု ထိပ်သီးခေါင်းဆောင်များက တညီတညွတ်တည်း ဆုံးဖြတ်ထားကြသည်။
ထိုဆုံးဖြတ်ချက်ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်း ရေးအဖွဲ့ (SD) တို့ NCA အချောသပ်နိုင်ရေးအတွက် ယခုလ ၆ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင် ရေး ဗဟိုဌာန (MPC) တွင် ထပ်မံတွေ့ဆုံ ညှိနှိုင်းကြမည် ဖြစ်ကြောင်း သိရသည်။