ဆယ်စုနှစ်များစွာ ရှိခဲ့သည့် မုန်းတီးမှုများနှင့် မသင်္ကာမှုများကို ဘေးဖယ်၍ မြန်မာ အစိုးရ နှင့် စစ်ဘက်မှ ထိပ်တန်း အရာ ရှိများသည် ဘုံရန်သူဖြစ်သော ငှက်ဖျားရောဂါကို တိုက်ဖျက်နိုင်ရေးအတွက် အဓိကအတိုက်အခံပါတီ နှင့် တိုင်းရင်းသား လူနည်းစု ကိုယ်စားလှယ်များ နှင့် ယခင်က တကြိမ်မှမပြုလုပ်ခဲ့ဖူးသော ဆွေးနွေးပွဲများ ဝါရှင်တန်မြို့တွင်ပြုလုပ်ခဲ့ကြသည်။
သြဂုတ်လ ၃ ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေးသို့ မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ တွင် ကျယ်ပြန့်လာ သည့် ဆေးယဉ်ပါးသော ငှက်ဖျားရောဂါ နှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေကြသော အမေရိကန် အစိုးရနှင့် စစ်ဘက်မှ ကိုယ် စားလှယ်များ၊ သုတေသီများ နှင့် နိုင်ငံတကာ ဖောင်ဒေးရှင်းများလည်း တက်ရောက်ခဲ့ကြသည်။
အကယ်၍ ဆေးယဉ်ပါးမှု သို့မဟုတ် ဆေးဝါးကို ခုခံနိုင်မှုက အမြစ်တွယ်သွားပြီး ပျံ့နှံ့ လာမည်ဆိုလျှင် ငှက်ဖျားတိုက်ဖျက် ရေး အတွက် အဓိက အသုံးပြုနေသည့် artemisinin ဆေး၏ ထိရောက်မှုများ အပေါ်ခြိမ်းခြောက်မှု ဖြစ်လာနိုင်သည်။ ပြီး ခဲ့ သည့် ဆယ်စုနှစ်အတွင်းတွင် artemisinin ကို အသုံးပြုသည့် ကုထုံးများကြောင့် တကမ္ဘာလုံးတွင် ငှက်ဖျားရောဂါကြောင့် သေဆုံးမှုကို ၄ ပုံ ၁ ပုံ လျှော့ချနိုင်ခဲ့သည်။ ငှက်ဖျားရောဂါကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူ ၆၀၀၀၀၀ ခန့် သေဆုံးနေ ရသည်။
Center for Strategic and International Studies တွင် အဆိုပါ အစည်းအဝေးဖြစ်မြောက်အောင် ကူညီဆောင်ရွက် ပေးခဲ့သော Maryland တက္ကသိုလ် ရှိ Institute for Global Health မှ ဒေါ်မြိုင်မြိုင်ညွှန့်က ကြားနေသည့်နေရာတခုဖြစ် စေရန်အတွက် ဝါရှင်တန်မြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည် ဟုဆိုသည်။ တက်ရောက်သူများကလည်း နိုဝင်ဘာလ ၈ ရက် နေ့တွင် ရွေးကောက်ပွဲ ကျင်းပရန်ရှိနေသော မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေကို ဘေးဖယ်ပြီး အတူတကွ အလုပ် လုပ်ကြရန် သဘောတူခဲ့ကြသည်ဟုလည်း သူက ပြောသည်။
သြဂုတ်လ ၄ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တက်ရောက်သူ အများအပြား စကားပြောခဲ့ကြပြီး နောက် ဒေါ်မြိုင်မြိုင်ညွှန့်က ပူးပေါင်းဆောင်ရွက်ရေး ဖြစ်ပေါ်လာနိုင်သည့် အကြောင်းရင်း ၂ ခု ရှိသည်ဟုပြောသည်။ တခုမှာ ဆယ်စုနှစ် ၅ ခုခန့် စစ်အုပ်ချုပ်ရေးကျင့်သုံးခဲ့ပြီးနောက် တိုင်းပြည်က တံခါးဖွင့်လာခြင်းနှင့် နောက်တခုမှာ artemisinin ဆေးကို ခုခံနိုင်မှု ကြီးမားလာခြင်းက ပြည်သူ့ကျန်းမာရေးအတွက် နောက်ဆက်တွဲများ ဖြစ်လာနိုင်ခြင်းတို့ ဖြစ်သည်။
“လာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူပဲ နိုင်နိုင် ဒီငှက်ဖျားတိုက်ဖျက်ရေး အစီအစဉ်ကို ဆက်လုပ်ရလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီရောဂါက ကျနော်တို့ နိုင်ငံကို ခြိမ်းခြောက်နေဆဲ ဖြစ်နေလို့ပါ” ဟု အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အကြံပေးပုဂ္ဂိုလ်တဦး ဖြစ်သည့် ဒေါက်တာ တင်မျိုးဝင်းက ပြော သည်။
ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သိန်းသိန်းဌေးက မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါဖြစ်ပွားမှုက ၂၀၁၃ ခုနှစ်တွင် ၃၀၀၀၀၀ ကျော်ရှိနေရာမှ ၂၀၁၄ ခုနှစ်တွင် ၂၅၀၀၀၀ ခန့်အထိကျဆင်းသွားခဲ့ကြောင်း သို့သော်လည်း တိုင်းပြည်၏ နယ်စပ်ဒေသများတွင်မူ ရောဂါကာကွယ်နိုင်စွမ်းနည်းပါးနေဆဲဖြစ်ကြောင်းပြောသည်။ ဆေးယဉ်ပါးမှုက မည်မျှအထိ ကျယ်ပြန့် နေခဲ့ပြီဆိုသည်ကို သတ်မှတ်နိုင်ရန် လေ့လာမှုများ ပြုလုပ်နေဆဲဖြစ်သည်ဟု သူက ဆိုသည်။
မြန်မာနိုင်ငံ အတွင်း နေရာ ၅၅ ခုမှ လူ ၉၄၀ ၏ သွေးနမူနာကောက်ယူ၍ သုတေသနပြုလုပ်ချက်အရ ဆေးခုခံနိုင်မှုက လူဦးရေထူထပ်သည့် အိန္ဒိယ နိုင်ငံနှင့် ထိစပ်နေသာ အနောက်ဘက် နယ်စပ်ဒေသ အပါအဝင် မြန်မာနိုင်ငံ ဒေသ အနှံ့အပြားတွင် ပျံ့နှံ့နေသည်ဟု ဖေဖော်ဝါရီလ ကထုတ်ဝေခဲ့သည့် Lancet Infectious Diseases ဂျာနယ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
ဆေးခုခံနိုင်မှုကို ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများတွင်လည်း တွေ့ရှိရသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ဆိုသည်။
မြန်မာနိုင်ငံသည် မဲခေါင်ဒေသတွင် ငှက်ဖျားရောဂါကြောင့် အသက်ဆုံးရှုံးမှု အများဆုံးဖြစ်သည်။ ထိခိုက်မှု အများဆုံးနေရာ များမှာ တိုင်းရင်းသား လူနည်းစုများနေထိုင်ကြသည့် နေရာများဖြစ်ပြီး ဗဟိုအစိုးရကို ဆန့်ကျင်တော်လှန်သည့် တိုက်ပွဲများ လည်းရှိနေသည်။ ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူ အမြောက်အများရှိနေဆဲဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု လည်း အနည်းငယ်သာ ရရှိကြသည်။
မြန်မာနိုင်ငံ အရှေ့ပိုင်းမှ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခု၏ ကျန်းမာရေးနှင့် လူမှုဖူလုံရေးဌာန ဒါရိုက်တာ Eh Kalu Shwe Oo က တိုင်းပြည်တံခါးဖွင့်ခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်၍ ကျန်းမာရေး ဝန်ကြီးဌာနနှင့် အကူအညီပေးရေး အဖွဲ့အစည်းများ၏ ကူညီမှု့ကြောင့် သူတို့ အဖွဲ့အစည်းအတွက် မြန်မာနိုင်ငံအတွင်းမှ ငှက်ဖျားဆေးများ ရရှိခဲ့သည်ဟု ပြော သည်။ နယ်စပ်ကို ဖြတ်ကျော်၍ ထိုင်းနိုင်ငံသို့ သွားရောက်ဝယ်ယူစရာ မလိုတော့ဟုသိရသည်။
သို့သော်လည်း သြဂုတ်လ ၃ရက်နေ့ကကျင်းပသည့် ဝါရှင်တန်မှ အစည်းအဝေး သည် မြန်မာကာကွယ်ရေး ဝန်ကြီးဌာနနှင့် သူ့ အနေဖြင့် ပထမဆုံး တွေ့ဆုံခြင်းဖြစ်သည်ဟု သူကပြောသည်။ ကာကွယ်ရေးဝန်ကြီးဌာန သုတေသနဌာန၏ တပ်မှူး ဗိုလ်မှူးချုပ် တင်မောင်လှိုင်က ကာကွယ်ရေး ဝန်ကြီးဌာနကို ကိုယ်စားပြုတက်ရောက်ခဲ့ပါသည်။
အစည်းအဝေးသို့ မြန်မာ ကာကွယ်ရေးဝန်ကြီးဌာနက တက်ရောက်ခြင်းသည် အခြားရှု့ထောင့်မှကြည့်လျှင် ထူးခြားမှုရှိနေသည်။ လွန်ခဲ့သည့် ၃ နှစ်မှစ၍ အမေရိကန်-မြန်မာ သံတမန်ဆက်ဆံရေး ပုံမှန်ဖြစ်လာခဲ့သော်လည်း အမေရိကန်က မြန်မာစစ် တပ်နှင့် ဆက်သွယ်မှုကို တင်းကျပ်ထားဆဲ ဖြစ်သည်။ ထို့ကြောင့် မြန်မာဗိုလ်ချုပ်များ အမေရိကန်နိုင်ငံသို့ လာရောက်ခြင်း နည်းပါးပါသည်။
သြဂုတ်လ ၃ရက်နေ့က ကျင်းပခဲ့သည့် အစည်းအဝေးသို့ တက်ရောက်လာသော အမေရိကန် စစ်တပ် ပစိဖိတ် ဒေသ တပ်ဖွဲ့မှ ဆေးဘက်ဆိုင်ရာ အကြီးအကဲ ရေတပ်ဗိုလ်ချုပ် Colin Chinn နှင့်တွေ့ဆုံခဲ့သည်ဟု ဗိုလ်မှူးချုပ် တင်မောင်လှိုင် က ပြောသည်။