ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် ယနေ့နံနက်ပိုင်း တိုင်းတာချက်များအရ မုတ်သုံလေ အားကောင်း နေရာမှ အားအလွန်ကောင်းနေပြီး ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်၍ ရေ ဖုံးလွှမ်းမှု အန္တရာယ် မြင့်မားနေကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင်ထံမှ သိရသည်။
ထို့အပြင် မွန်ပြည်နယ်တွင်လည်း မိုးကောင်မည် ဖြစ်ကြောင်း၊ ကရင်ပြည်နယ် ဘားအံမြို့တွင်လည်း ယင်းမိုးရွာသွန်းမှုကြောင့် ရေကြီးနိုင်ကြောင်းလည်း ၎င်းက ဧရာဝတီသို့ ပြောသည်။
ဦးထွန်းလွင်က“မုတ်သုံလေ အားကောင်းမှုကြောင့် မွန်ပြည်နယ်မှာလည်း မိုးတွေ ကောင်းမယ်၊ အဲဒီမှာ ရေတွေတက်နေတော့ သတိ ထားရမယ်။ နောက်ပြီး မိုးအခြေအနေကြောင့် ဧရာဝတီတိုင်းတို့၊ ဘားအံတို့မှာလည်း ရေကြီးနိုင်တယ်။ ဒါကြောင့် သတိထားရမယ်။ မြန်မာ့ ကမ်းရိုးတန်းဒေသတွေမှာ လေပြင်းတိုက်မယ်၊ နောက်ပြီး လှိုင်းကြီးနိုင်တယ်”ဟု ဆိုပြောသည်။
လက်ရှိတွင် ဧရာဝတီမြစ်ရေသည် နေ့စဉ် ဆက်လက်မြင့်တက်နေပြီး ဧရာဝတီတိုင်းအတွင်းရှိ ဟင်္သာတမြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်၊ ဇလွန်မြို့နယ်၊ ဆိပ်သာမြို့နယ်များ၏ ဧရာဝတီမြစ်ရေသည် ဇူလိုင်လကုန်ခန့်မှစ၍ နေ့စဉ် စိုးရိမ်ရေအမှတ်အထက်ကို မြင့် တက် လျက်ရှိကြောင်း ဆည်မြောင်း ဦးစီးဌာန၏ တိုင်းတာချက် မှတ်တမ်းများကို ကိုးကား၍ ယနေ့ထုတ် အစိုးရ သတင်းစာများတွင် သတင်း ထုတ်ပြန်ထားသည်။
သြဂုတ်လ ၅ ရက်နေ့ တိုင်းတာချက်အရ မြစ်ရေသည် ဟင်္သာတမြို့နယ်တွင် စိုးရိမ်ရေမှတ်အထက် ၁၀၅ စင်တီမီတာ (၁ ပေကျော်) ပိုနေကြောင်း၊ ဇလွန်မြို့နယ်တွင် စိုးရိမ်ရေမှတ်အထက် ၉၇ စင်တီမီတာ (၁ ပေခန့်) ပိုနေကြောင်း၊ ငါးသိုင်းချောင်းမြို့နယ်တွင် စိုးရိမ် ရေမှတ်အထက် ၁၀၂ စင်တီမီတာ (၁ ပေကျော်) ပိုနေကြောင်း၊ ဆိပ်သာမြို့နယ်တွင် စိုးရိမ်ရေမှတ်အထက် ၆၆ စင်တီမီတာ ပိုနေကြောင်း သိရသည်။
ဧရာဝတီ မြစ်ရေ မြင့်တက်မှု အခြေအနေများကို လေ့လာကြည့်ရာတွင် ဟင်္သာတ၊ ဇလွန်၊ ဆိပ်သာ မြို့နယ်ရှိ ဧရာဝတီမြစ်ရေ မြင့် တက်မှုသည် အမြင့်ဆုံးရေမှတ်တွင် ရပ်တန့်နေသော်လည်း ငါးသိုင်းချောင်းမြို့နယ်ရှိ ဧရာဝတီမြစ်ရေသည် နေ့စဉ် ဆက်လက် မြင့် တက်နေကြောင်း တွေ့ရသည်။
မိုးရွာသွန်းမှု အခြေအနေ ခန့်မှန်းချက်များအရ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းများတွင် နေရာကျဲကျဲ၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာ စိပ်စိပ်နှင့် ကျန်ဒေသများတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည် ဖြစ်ကြောင်း ဦးထွန်းလွင်၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ယနေ့ သတိပေး ရေးသားထားသည်။
ထို့နောက် မြစ်ဝကျွန်းပေါ်၊ မွန်ပြည်နယ်၊ တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်များတွင် တခါတရံ မိုးသက် လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တနာရီ မိုင် ၃၀ မှ ၃၅ မိုင်ခန့််အထိ တိုက်ခတ်နိုင်ကြောင်းလည်း သိရသည်။
ထို့အပြင် ရေဖုံးလွှမ်းမှု အလားအလာ မြင့်မားနေသော ဒေသများအနီးရှိ မြို့ကြီးများသည် မွန်ပြည်နယ် သထုံမြို့၊ ဧရာဝတီတိုင်း ပုသိမ်မြို့၊ မအူပင်မြို့နှင့် ပဲခူးတိုင်း ပဲခူးမြို့၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် ရန်ကုန်တိုင်း မင်္ဂလာဒုံ မြို့နယ်တို့ ဖြစ်ကြောင်းလည်း ဦးထွန်းလွင် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။
မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့် တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် ယနေ့အထိ လူ ၇၀ ခန့်သေဆုံးပြီး ၂ သိန်း ကျော် ရေဘေး ကြုံတွေ့ နေရကြောင်း သိရသည်။