တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့နှင့် ရက္ခိုင့် တပ်မတော် (AA) တို့က အစိုးရနှင့် ၎င်းတို့အကြား အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန် သမ္မတ ဦးသိန်းစိန် အစိုးရကို တရားဝင် ကမ်လှမ်းလိုက်သည်။
“ကျနော်တို့ သုံးဖွဲ့က အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ကြမယ်ဆိုရင် တပြည်လုံး သွားချင်တဲ့ အပစ်အခတ် ရပ်စဲရေး NCA လက်မှတ်ထိုးမယ့် ကိစ္စရော၊ နိုင်ငံရေး ဆွေးနွေးပွဲရော ပိုပြီးမြန်သွားမလား။ ပိုပြီး အထောက်အကူ ဖြစ်သွားမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့က တရားဝင် ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်”ဟု TNLA အထွေထွေအတွင်းရေးမှူး မိုင်းဘုန်းကျော်က ဧရာဝတီကို ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် TNLA ၊ MNDAA ကိုးကန့်တပ်ဖွဲ့ နှင့် AA တို့က သြ ဂုတ် လ ၅ ရက် နေ့စွဲဖြင့် ကမ်းလှမ်းချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
မဟာမိတ်သုံးဖွဲ့၏ ယခုတကြိမ်ထုတ်ပြန်ချက်သည် ရန်ကုန်မြို့တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအကြား NCA စာချုပ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးကြမည့်ရက် မတိုင်ခင် တရက်အလိုတွင် အချိန်ကိုက် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး တနိုင်ငံလုံး အပစ်ရပ်ရေးကို ၎င်းတို့လည်း ဆန္ဒအပြည့် ရှိနေကြောင်း ကြေညာလိုက်ခြင်းလည်း ဖြစ်သည်ဟု ထိုသုံးဖွဲ့လုံးက ပြောဆိုသည်။
AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က “ကျနော်တို့ တိုင်းရင်းသား တပ်ပေါင်းစုတွေဘက်က ငြိမ်းချမ်းရေးကို တကယ် လိုလို လားလား ရှိတယ်ဆိုတဲ့ သဘောထားကို အခု ဒီနေ့ဆွေးနွေးကြတဲ့ အချိန်မှာ လူထုအနေနဲ့လည်း သိစေတယ်။ တခြားသိသင့် သိ ထိုက်တဲ့ လူတွေကလည်း ကျနော်တို့တွေဟာ တကယ်ပဲ နိုင်ငံရေးအရ အဖြေရှာပြီးမှ အလုပ်လုပ်ဖို့အတွက် ဆန္ဒခိုင်ခိုင်မာမာ ရှိတယ် ဆိုတာကို ပြတဲ့သဘောပါ။ ဒါမှ ဟိုဘက်ကလည်း အဖြေရှာရ စဉ်းစားရ ပိုလွယ်အောင်ပေါ့”ဟု ဧရာဝတီကို ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ အဆင်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD) က ယနေ့တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC) တွင် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCA စာချုပ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးမည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။
SD အနေဖြင့် ယနေ့ ပြုလုပ်မည့် ၉ ကြိမ်မြောက် ဆွေးနွေးပွဲ၌ နိုင်ငံတဝန်း ဖြစ်ပွားနေသော တိုက်ပွဲများကို အမှန်တကယ် ရပ်စဲနိုင် ရေးနှင့် ငြိမ်းချမ်းရေး လမ်းပြမြေပုံ အဆင့်ဆင့်ကို ဆက်လှမ်းနိုင်ရန် ရည်မှန်းကြောင်းနှင့် အားလုံးပါဝင်သည့် တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်ဖြစ်ရေး အပါအဝင် ကျန်ရှိနေသည့် စာချုပ်မူကြမ်းပါ အချက်များကို ပြင်ဆင်ညှိနှိုင်း ဆွေးနွေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်နယ်စပ် လောက်ကိုင် ဒေသတွင် အစိုးရ တပ်မတော်နှင့် ၎င်းတို့အကြား တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေဆဲ ဖြစ်သော် လည်း တနိုင်ငံလုံး အပစ်ရပ်ရေးကို လိုလားသဖြင့် မဟာမိတ် အဖွဲ့များနှင့် ညှိနှိုင်းကာ သဘောထား ကြေညာချက်ကို အချိန်ကိုက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အစိုးရနှင့် ၎င်းတို့အကြား သီးသန့်ဆွေးနွေးခြင်း မရှိသလို ယခင်က ဆွေးနွေးရန် ကမ်းလှမ်းမှုများကို အစိုးရဘက်က တုံ့ပြန်ခဲ့ခြင်း မရှိဟုလည်း MNDAA ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက ဧရာဝတီကို ပြောသည်။
ဇွန်လဆန်းပိုင်းက ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွင် ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ထိပ်သီးညီလာခံ၌ အစိုးရနှင့် ၎င်းတို့အကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်ရေးကို ချမှတ်ခဲ့သည်။
“ဝ” အမျိုးသား အဖွဲ့ချုပ် (WNO)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) နှင့် ရခိုင် အမျိုးသား ကောင်စီ (ANC) တို့ အပါအဝင် MNDAA၊ TNLA နှင့် AA ချန်ထားခဲ့ရန် အကြောင်းအမျိုးမျိုးပြ ငြင်းပယ်နေသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတို့ အကြား အကြိတ်အနယ် ဆွေးနွေးနေရသည့် အခြေအနေကို ရောက်ရှိနေသည်။
NCA လက်မှတ်ထိုးရာ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့အား ချန်ခဲ့မည်ဆိုလျှင် အစိုးရနှင့် တိုင်းရင်းသားများအကြား နှစ်ဘက်စလုံးက ကြွေးကြော်နေသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသည် ဘောင်ဝင်ခြင်း မရှိသလို စစ်မှန်သည့် ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ပြောသည်။
“သူတို့ (အစိုးရ) ချန်ထားခဲ့ခြင်တဲ့ အဖွဲ့တွေထဲမှာဆိုရင် တကယ်တိုက်ပွဲ ဖြစ်နေတဲ့ အဖွဲ့အစည်းတွေလည်း ပါနေတော့ သေနက်သံ တွေလည်း တိတ်လာမှာ မဟုတ်ဘူး။ ဒါပြည်သူလူထုအတွက်၊ ကိုယ့်နိုင်ငံအတွက် စစ်မှန်တဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု မဟုတ်ဘဲနဲ့ ကိုယ်လိုချင်တဲ့ပုံစံ ကြိုးဆွဲပြီးမှ လုပ်နေတဲ့ လုပ်ရပ်ပဲ ဆိုတာကို ပိုပြီးပေါ်လွင်သွားမယ်”ဟု AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ပြောဆိုသည်။