ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ မြစ်သုံးခွဆိုင်အနီး ပန်းလှိုင်မြစ်ပေါ်တွင် တည်ရှိသည့် ညောင်တုန်းမြို့၌ မြစ်ရေသည် စိုးရိမ်ရေမှတ် ၂၂.၆ ပေ အထက် ၃ ပေခန့် ကျော်လွန်ပြီး ယနေ့နံနက်ပိုင်းအထိ တည်ငြိမ်နေကြောင်း ညောင်တုန်းမြို့ မြို့ဖွံ့ဖြိုးရေးနှင့် အထောက်အကူပြု(ဖွံ့/ထောက်) အဖွဲ့မှ သိရသည်။
“မြို့ကိုပတ်ထားတဲ့ တာက မြေသားကြီးပဲ။ တာက နှစ်ကြာနေပြီ။ ရေကမဆင်းဘဲ ငြိမ်နေတဲ့အတွက် တာကျိုးကျမှာကို စိုးရိမ်နေ တယ်”ဟု ညောင်တုန်းမြို့ ဖွံ့/ထောက်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကြည်က ဧရာဝတီကို ပြောသည်။
လက်ရှိအချိန်၌ ရေများတိုးမြင့် ရောက်ရှိနေသည့် နေရာသည် တာရိုး ထိပ်သို့ ရောက်ရန် တပေ၊ နှစ်ပေခန့် အထိသာ လိုတော့ကြောင်း၊ ညောင်တုန်းမြို့ပေါ်ရှိ ဌာနပေါင်းစုံနှင့် ဒေသခံများ၊ တပ်မတော်သားများ ပူးပေါင်းပြီး နေ့၊ ည ကင်းချ၍ ပူးပေါင်းလုပ်ဆောင် နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ညောင်တုန်းမြို့တွင် အိမ်ထောင်စု ၅၃၉၃ စု ရှိပြီး လူဦးရေ ၂၃, ၃၀၉ ဦး နေထိုင်ကာ တမြို့နယ်လုံး အနေဖြင့် အိမ်ထောင်စု ၄၆,၀၀၄ စု၊ လူဦးရေ ၁၉၇,၅၅၇ ဦးရှိကြောင်း၊ တာရိုးအပြင်ဘက်တွင် ရှိနေသည့် ညောင်ချောင်းသာ အပန်းဖြေ စခန်းဝန်းကျင် အပါအဝင် ကျေးရွာအုပ်စု ၂၇ စုသည် ရေနစ်မြုပ်နေကြောင်း မြို့ ဖွံ့/ထောက် အဖွဲ့က ပြောသည်။
မြို့အတွင်း ကယ်ဆယ်ရေး စခန်းနေရာ ၁၀ ခု သတ်မှတ်ထားပြီး အမှန်တကယ် ရေဘေးသင့်သူ ၃၀၀ နီးပါးကို တိုက်သစ်ကျောင်း တွင် ကူညီထောက်ပံ့မှုများ ပေးနေကြောင်းနှင့် မြို့အတွင်း ရွှေ့ပြောင်းနေထိုင်သူများ အပါအဝင် ကယ်ဆယ်ရေး စခန်းများတွင် အိမ်ထောင်စု ၅၀၀ ကျော် ရှိနေပြီဖြစ်ကြာင်း သိရသည်။
ညောင်တုန်းမြို့တွင် မြစ်ရေသည် စိုးရိမ်ရေမှတ် ကျော်လွန်၍ ၂၅.၆ ပေသို့ ရောက်ရှိနေသည့်အတွက် အစိုးရက ညောင်တုန်းမြို့ကို သဘာ၀ ဘေးအန္တရာယ် ကျရောက်ရန် စိုးရိမ်ရသော လိမ္မော်ရောင် အဆင့်အဖြစ် သတ်မှတ်ထုတ်ပြန်လိုက်ပြီး ကယ်ဆယ်ရေး စခန်းများသို့ သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးငယ်များအား ရွှေ့ပြောင်းမှုများ ပြုလုပ်လျက် ရှိသည်ကို တွေ့ရသည်။
ညောင်တုန်းမြို့အား ပတ်ထားသည့် တာရိုးသည် ၂ မိုင်ခန့်ရှည်ပြီး မြို့မြေမျက်နှာပြင်သည် တာရိုးအောက် ၅ ပေခန့်နိမ့်နေပြီး ရေ ကျော်ကျမှုသည် ၁၂ လမ်းထိပ် တနေရာသာ ရှိနေသော်လည်း နေရာများစွာတွင် ရေစိမ့်မှုများကြောင့် သဲအိတ်များဖြင့် လိုက်လံ ပိတ်ဆို့နေကြသည်ကိုလည်း တွေ့မြင်ရသည်။
တာရိုးအား တာဝန်ယူ စောင့်ရှောက်နေသည့် ဖွံ့/ထောက်အဖွဲ့ဝင် ဦးဆန်းဝင်းက “ရေကမကျဘဲ စိမ်ထားသလို ဖြစ်နေတယ်၊ အခု အတိုင်း ထိန်းထားလို့ရပေမယ့် ဒီရေကမဆင်းဘဲ အထက်ရေကျလာတာနဲ့ ဆုံမှာကို စိုးရိမ်တယ်”ဟု ပြောသည်။
တာရိုးအနီး နေထိုင်သူတဦးကလည်း“ရေတက်တာက ဒီနှစ်ပိုများနေတယ်၊ တာအပြင်ဘက်ကတော့ နှစ်တိုင်း မြုပ်နေကြပဲ၊ ရေကျော်မှာ စိုးရိမ်ပေမယ့် အိမ်မှာပဲ နေနေပါတယ်၊ ပစ္စည်းတွေတော့ ကြိုပြင်ထားတာပေါ့”ဟု ပြောဆိုသည်။
ရေဘေးအန္တရာယ် စိုးရိမ်ရသည့် အခြေအနေကြောင့် မြို့တွင်းရှိ ဈေးကိုပိတ်ထားပြီး ကမ်းနားလမ်းမ တလျောက်ရှိ ဈေးဆိုင်အများစုကို ပိတ်ထားသော်လည်း စားသောက်ကုန် ဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာသည့် အခြေအနေ မရှိကြောင်းလည်း မြို့ ဖံွ့/ထောက် အဖွဲ့ဝင်များက ပြောပြကြသည်။