ရေဘေးကြုံတွေ့နေရသော ဒုက္ခသည်များကို အစိုးရ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့က ပါဝင်လှူဒါန်း ကူညီနေကြောင်း သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ် မတော် (TNLA)နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ကိုးကန့်တပ်ဖွဲ့တို့က သီတဂူ ဆရာတော်ကြီး ထံမှတဆင့် ရေဘေးအလှူငွေများ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
သီတဂူ ဆရာတော်ကြီး၏ လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာ၌ တင်ထားသော ရေဘေးအလှူအတွက် “အလှူတော်ပြန်တမ်းလွှာ” တွင် MNDAA အဖွဲ့က ကျပ်သိန်း ၅၀၀၊ TNLA အဖွဲ့က ကျပ်သိန်း ၃၀၀ ဟု တွေ့ရှိရပြီး အလှူရှင် အဖွဲ့များကလည်း ဟုတ်မှန်ကြောင်း ပြောဆိုသည်။
ရေဘေးကူညီမှုနှင့် ပတ်သက်ပြီး TNLA အထွေထွေ အတွင်းရေးမှူး မိုင်းဘုန်းကျော်က“ဟုတ်ပါတယ်။ ရေဘေးကြုံနေကြရတဲ့ တိုင်းရင်းသား ပြည်သူတွေအတွက် ကျနော်တို့ရော MNDAA ရော သီတဂူ ဆရာတော် ဘုရားကြီးဆီက တဆင့် အတူတူလှူ ကြတာပါ” ဟု ဧရာဝတီကို ပြောသည်။
အလှူရှင်များထဲတွင် MNDAA အရာရှိများ၊ တပ်သားများ၊ ဒုက္ခသည်များနှင့် စီးပွားရေး လုပ်ငန်းရှင်တချို့ ပါဝင်ပြီး ရေဘေး ကူညီ ရေး အပေါ် ၎င်းတို့သဘောနှင့် တတ်အားသရွေ့ စုပေါင်းလှူဒါန်းကြခြင်းဖြစ်ကြောင်း MNDAA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက ဧရာဝတီကို ပြောသည်။
“စစ်တော့ ဖြစ်နေတယ်။ ဒါပေမယ့် ရေကြီးဒဏ် ခံနေရသူတွေဟာ တို့တိုင်းရင်းသား ညီအစ်ကိုတွေပဲ။ သာမာန်ပြည်သူ လူထုပဲ။ အဲဒီတော့ အခုလို ဒုက္ခကြုံတွေ့နေတဲ့ အချိန်မှာ ကျနော်တို့ဘက်မှာလည်း ဒုက္ခသည်တွေ ရှိတယ်ဗျာ။ အဲဒီတော့ သူတို့ရဲ့ဘဝ ဘယ် လို အခက်အခဲ ကြုံတွေ့နေရလည်းဆိုတာ နားလည်ပါတယ်”ဟု ဦးထွန်းမြတ်လင်းက ဆိုသည်။
ကရင်ပြည်နယ် အတွင်း၌ အစိုးရနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) အဖွဲ့မှ ဗိုလ်မှူးကြီး စောဆန်းအောင်က ရခိုင်ပြည်နယ်အတွင်း ရေဘေးသင့် ရခိုင်ပြည်သူများအတွက် အလှူခံ ပုဂ္ဂိုလ်များမှတဆင့် ကျပ် ၁ သိန်း လှူဒါန်းကြောင်း၊ အလားတူ စစ်ကိုင်းတိုင်း ရေဘေးသင့်သူများအတွက် ကျပ် ၂ သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ် မြဝတီနှင့် ကော့ကရိတ်မြို့ အကြားရှိ အာရှလမ်းမကြီးပေါ်တွင် ဇူလိုင်လ ၂ ရက်မှစတင်ပြီး ဗိုလ်မှူးကြီး စောဆန်းအောင် ဦးဆောင်သည့် အဖွဲ့နှင့် အစိုးရ တပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။
တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေကြသော ရက္ခိုင့်တပ်မတော် (AA) အပါအဝင် အခြားသော လက်နက်ကိုင်တပ်ဖွဲ့ တချို့လည်း နီးစပ်ရာ ရေဘေးကယ်ဆယ်ရေး အဖွဲ့အစည်းများမှ တဆင့် စားနပ်ရိက္ခာ၊ သို့မဟုတ် အလှူငွေများ လှူဒါန်းခြင်းရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တချို့က ပြောသည်။