မကွေးတိုင်း ရေနံချောင်းမြို့နယ် အတွင်းရှိ ဧရာဝတီမြစ်နှင့် မုန်းချောင်းဆုံရာ ရေဘေးသင့် ရွာ ၇ ရွာတွင် ကယ်ဆယ်ရေး မရောက် သဖြင့် တက်နေသည့် မြစ်ရေများကို ကြိုချက်သောက်သုံး နေရကြောင်း သိရသည်။
မုန်းချောင်းသည် ဇူလိုင်လ ၁ ရက်မှစ၍ ရေတက်ခဲ့ပြီး ရေကျလာပြီဖြစ်သော်လည်း ဧရာဝတီမြစ်မှ မြစ်ရေများ တက်လာသဖြင့် ဧရာဝတီမြစ်နှင့်မုန်းချောင်းဆုံရာ နေရာရှိ ရွာ ၇ ရွာခန့် ရေဘေးဒဏ် ဆက်လက် ခံနေရသည်ကို တွေ့ရသည်။
အဆိုပါ ရွာ ၇ ရွာသည် ဝက်လွတ် ကျေးရွာအုပ်စုဖြစ်ပြီး လမ်းကူးရွာ၊ ကုန်းထောင်ရွာ၊ သမ္ဗန်တင်ရွာ၊ ရွာသစ်ကုန်းရွာ၊ ဝက်လွတ် ရွာမရွာ၊ ဝက်လွတ် ရွာသစ်ရွာနှင့် တောင်ရှားတောရွာတို့ ဖြစ်သည်ဟု လမ်းကူးကျောင်း အရှင်နန္ဒိယက ဧရာဝတီကို မိန့်သည်။
“ကယ်ဆယ်ရေးတွေ မလာကြဘူး ဒီဘက်ကို၊ ရေသန့် နည်းနည်းရှိတာတော့ မျှသောက်ကြတယ်။ သောက်စရာမရှိတော့ ရွာသား တွေက တက်လာတဲ့ ရေတွေကို ကျိုသောက်ကြတယ်။ ရေတွေက ကျိုလိုက်လည်း မကြည်ဘူး။ ဝါညစ်ညစ်ပဲ”ဟု အရှင်နန္ဒိယက မိန့်ကြားသည်။
ဝက်လွတ် ရွာမရွာ မှ ကိုဘိုဌေးကလည်း“သောက်ရေက မရှိတော့၊ မခံနိုင်တော့ ရှိတဲ့ မြစ်ရေ အနောက်တွေပဲ ကြိုသောက် နေရ တာပဲ။ အရင်က မြစ်ရေက ကျိုလိုက်ရင် အနည်ကျပြီး ကြည်တယ်၊ အခုက မကြည်ဘူး။ အဖြူအမြှုပ်တွေလည်း ထတယ်”ဟု ဧရာဝတီကို ပြောပြသည်။
ဝက်လွတ်ကျေးရွာ အုပ်စုရှိ ရွာ ၇ ရွာတွင် အိမ်ခြေ ၇၀၀ ခန့်ရှိပြီး လူဦးရေ ၃၀၀၀ ကျော် ရှိရာ အများစုသည် ရေလွတ်ရာသို့ ပြောင်း ရွှေ့သွားပြီ ဖြစ်သော်လည်း အိမ်များကို မထားခဲ့နိုင်သည့် မိသားစုများက မပြောင်းရွှေ့ဘဲ ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရ သည်။
လမ်းကူးကျေးရွာမှ ရေဘေးသင့်နေသူ တဦးဖြစ်သည့် ဦးဌေးဝင်းက“တရွာလုံးမှာ စက်တပ်လှေ တစီးပဲရှိတယ်၊ ရွှေ့ပေးမယ် ဆိုတာ ရှေးရိုးကျတဲ့ သက်ကြီးရွယ်အိုတွေက အသေခံမယ်ဆိုပြီး မလိုက်ဘူး၊ တချို့မိသားစုတွေကလည်း စုထား၊ ဆောင်းထားတာတွေရှိတော့ အိမ်ကို မခွာဘဲ ရေတက်လာတာကိုပဲ ထိုင်ကြည့်နေကြတယ်”ဟု ပြောသည်။
ဝက်လွတ်ကျေးရွာ အုပ်စုတွင် မြေအမြင့်ပိုင်းတွင် ၁၀ ပေ၊ မြေအနိမ့်ပိုင်းတွင်၁၅ ပေခန့် ရေတက်နေပြီး ရွာသူ ရွာသားများက ဧရာဝတီ မြစ်မှ လှိုင်းတက်လာမည်ကိုလည်း စိုးရိမ်နေကြကြောင်း သိရသည်။
လက်ရှိတွင် ဝက်လွတ်ကျေးရွာ အုပ်စုအတွင်းသို့ ကယ်ဆယ်ရေးများ မရောက်ရှိသေးသော်လည်း အင်းလေး ရေဘေး ကယ်ဆယ် ရေး အဖွဲ့က သောက်ရေသန့်များကို သုံးရက်အတွင်း အရောက်ပို့ပေးနိုင်ရန် စီစဉ်သွားမည်ဟု ဧရာဝတီကို ပြောသည်။
အင်းလေး ရေဘေးကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံတဦးဖြစ်သူ ဦးစိုင်းကိုက“ဧရာဝတီမြစ်နဲ့ မုန်းချောင်းကြားက ရွာတွေက သွားဖို့ ခက်တယ်၊ လှေတွေက ဒီမှာ အလုံအလောက် မရှိဘူး၊ အဲ့ဒီနေရာတွေကို ဘယ်သူမှလည်း မသွားရဲဘူး၊ ဒါကြောင့် ကယ်ဆယ်ရေး မရောက်တာ၊ အင်းလေးက လာကူတဲ့ စက်လှေကြီးတွေကိုပဲ အားကိုးရမယ်”ဟု ပြောဆိုသည်။
ရေနံချောင်းမြို့နယ်ရှိ ရွာ ၇ ရွာနှင့် ကပ်လျက်ရှိသည့် ပွင့်ဖြူမြို့နယ်၊ နန်းတော်ကျွန်း ကျေးရွာ အုပ်စုရှိ ရွာ ၆ ရွာနှင့် လေးအိမ် အုပ်စု ကျေးရွာမှ ရွာ ၄ ရွာတို့တွင် ကယ်ဆယ်ရေးအဖွဲ့တချို့ ရောက်သော်လည်း သောက်သုံးရေ ထောက်ပံ့မှု လုံလောက်စွာ မရရှိသဖြင့် မသန့်ရှင်းသည့် မြစ်ရေများကို ကြိုချက်သောက်သုံးနေရသည်ဟု နန်းတော်ကျွန်း ကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောပြသည်။