စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အနီးဝန်းကျင်ရှိ ကျေးရွာပေါင်းများစွာတွင် ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့မှုများ လုံးဝ မရ သည့်အတွက် လိုအပ်နေကြောင်း ကျေးရွာဒေသခံများ က ပြောဆိုကြသည်။
ကလေးမြို့မှ ၁၂ မိုင်ခန့်အကွာတွင် တည်ရှိနေသည့် ရေလဲဦး၊ ကြာအင်း၊ ချင်းကျောင်း၊ ထို့မူ၊ စီတာ စသည့် ရွာပေါင်းများစွာသည် ရေလွှမ်းမိုးမှုကြောင့် လယ်ယာမြေများ လုံးဝပျက်စီးသွားပြီး လူနေအိမ်များနှင့် စပါးကျီများသည်လည်း ရွှံ့နွံများပိတ်ကာ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။
“ကိုယ်ထူကိုယ်ထ စနစ်နဲ့သွားနေရတယ်။ ရွာတွေကဝေးတော့ ကယ်ဆယ်ရေးလည်း မရောက်ဘူး။ ကျမတို့အိမ်တွေမှာ ပြန်နေနိုင်ဖို့ ဒီတနှစ်တည်းတောင် မလွယ်ဘူး။ ပျက်စီးကုန်တယ်။ လယ်တွေလည်း တနှစ် ၂ နှစ်တော့ ပြန်လုပ်လို့ရတော့မှာ မဟုတ်ဘူး။ ကျမရဲ့ အလုပ်ဖြစ်တဲ့ ရက်ကန်းစင်လည်း ရေကြီးတော့ နွွွံတွေ ဖုံးကုန်တာ ရှာလို့တောင်မရတော့ဘူး။ အခုတော့ အမျိုးတွေအိမ်မှာ ခိုနေရ တယ်။ မိုးလေဝသ ကြေညာသံလည်းမကြား၊ ဒီလောက်အထိဖြစ်မယ်လည်းမထင်တော့ တရိပ်ရိပ်ရေတွေတက်တဲ့ကြားထဲ လှေတွေနဲ့ ပြောင်းခဲ့ရတယ်”ဟု ကလေးမြို့နယ် ရေလဲဦး ကျေးရွာ ဒေသခံ မမိုးမိုး က ဧရာဝတီကို ပြောပြသည်။
ကလေးမြို့ပေါ်နှင့် ၉ မိုင် မှ ၁၂ မိုင် အထိ ကွာဝေးနေသည့်အတွက် စားရေရိက္ခာလုံလောက်ရန် ဆွေမျိုးများအိမ်တွင် ခိုလှုံနေကြ သလို မိသားစုဝင်တချို့ကလည်း မြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းများတွင် သွားရောက်နေထိုင်နေရကြောင်း သိရ သည်။
“စပါးတွေကတော့ လှောင်ထားတာလည်း စားလို့မရတော့ဘူး။ ရေလှောင်ပြီး ချဉ်စော်နံကုန်ပြီ။ နေပြန်လှန်းပြီး ဝက်စာကျွေးလို့ရရင်ကျွေးမယ်။ ဒီနှစ်တော့ ပွဲစားကိုလည်း ရောင်းလို့မှမရတော့တာ။ ထောက်ပံံ့မှုကတော့ မြို့ပေါ်က စခန်းတွေမှာတော့ ရတယ်။ ရွာတွေထဲအထိတော့ မရောက်ပါဘူး။ ကျမတို့မှာ ကိုယ့်အိမ်ကို ထူထူထောင်ထောင်ဖြစ်အောင် ဘယ်လိုပြန်လုပ်ရမလဲဆိုတာ တွေးနေ ရ တယ်။ အိမ်က မွေးထားတဲ့ ကြက်၊ ဝက်နဲ့ နွားတွေလည်း သေလား ရှင်လားတောင် မစစ်နိုင်ဘူး”ဟု ရေလွှမ်းမိုးမှုဒဏ်ကို အဆိုး ဆုံး အနေအထားဖြင့် ခံခဲ့ကြရသည့် ကလေးမြို့ တောင်ဘက် ကြာအင်းရွာဒေသခံ ဒေါ်ကြီးသာ က ရှင်းပြသည်။
ရေလွှမ်းမိုးမှုကြောင့် ကလေး-ဂန့်ဂေါ- မန္တလေး ကားလမ်း၊ ပခုက္ကူကားလမ်းနှင့် မီးရထားလမ်းများသည်လည်း လုံးဝပျက်စီးသွားပြီဖြစ် သည်။
ထို့အတူ လယ်ယာမြေအားလုံးလည်း ရွှံ့နွံများ ဖုံးလွှမ်းပြီး စိုက်လက်စ စပါးခင်းများ၊ ပျိုးခင်းများ၊ နှမ်းစိုက်ခင်း၊ ပြောင်းစိုက်ခင်းများလည်း ပျက်စီးဆုံးရှုံးသွားကာ ရွှံ့နွံတောများနှင့် ချောင်း အသစ်များ ဖြစ်ပေါ်နေသည်။
အဆိုပါကျေးရွာများတွင် သယ်ယူပို့ဆောင်ရေးအတွက် ရေဖုံးလွှမ်းခဲ့သည့်နေရာသည် အခြားတနေရာသို့ ဆိုင်ကယ်တစီး အပြောင်း အရွှေ့လုပ်လိုလျှင် ငွေ ၂၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်၊ ဆန်တအိတ်ပြောင်းရွှေ့လျှင် ၁၀၀၀၀ ကျပ်နှင့် အခြားအထွေထွေ ပြောင်းရွှေ့မှုများအတွက်လည်း ငွေ ၂၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်ကြား ပေးနေရကြောင်း၊ စားဝတ်နေရေးအတွက်လည်း ကြုံသလို ဖြေရှင်းနေ ရ ကြောင်း သိရသည်။
လက်ရှိ ကလေးမြို့နှင့် အနီးတဝိုက်ရွာများသို့ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့မှုများပြုလုပ်နေသည့် ဝေဠုကျော် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုဝေဠုကျော် ကလည်း ကလေးမြို့တွင် ဆန် အဓိကလိုအပ်နေကြောင်း ပြောသည်။
အိန္ဒိယတပ်မတော်ကလည်း ၎င်းတို့ကိုယ်ပိုင်လေယာဉ်ဖြင့် ကလေးနှင့် စစ်တွေမြို့ရှိ ရေဘေးသင့် ပြည်သူများအတွက် ဆန်၊ ခေါက် ဆွဲခြောက် အပါအဝင် ထောက်ပံ့ရေးပစ္စည်းများကို သြဂုတ် ၈ ရက်မှစတင်ကာ အချိန်အတိုင်းအတာတခုအထိ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ယနေ့ကလေးမြို့သို့ရောက်ရှိသည့် အိန္ဒိယစစ်တပ် တာဝန်ရှိသူများ၏ ပြောဆိုချက်များအရ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေဘေးအန္တရာယ်ကြောင့် ရေဘေးသင့် လူဦးရေ ၁ သိန်း ၉ ထောင်ကျော်(၁၀၉၁၀၉ ဦး) ရှိခဲ့ပြီး ၇ ဦး သေဆုံးခဲ့ကြောင်း သြဂုတ် ၇ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြပါရှိသည်။