တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်(NCA) လက်မှတ်ထိုးရာတွင် ပါဝင်ရမည့် နိုင်ငံတကာ အသိသက်သေ နိုင်ငံများကို မူအားဖြင့် သတ်မှတ် သဘောတူလိုက်ကြောင်း သတင်းရရှိသည်။
သြဂုတ် ၆ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်(NCA) အပြီးသတ်နိုင်ရေးအတွက် တိုင်းရင်းသားများ၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့(SD) နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC) တို့ ဆွေးနွေးပွဲ၌ NCA လက်မှတ်ထိုးရာတွင် ပါဝင်ရမည့် နိုင်ငံတကာ အသိသက်သေများကို သဘော တူ လိုက်ခြင်း ဖြစ်သည်။
နိုင်ငံတကာ သက်သေများ အဖြစ် ကုလသမဂ္ဂ(UN)၊ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်းနှင့်အိန္ဒိယ နိုင်ငံများအပြင် ဥရောပ သမဂ္ဂ(EU)လည်း ပါဝင်ကြောင်း SD အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပူးဇင်ကျုံးက ဧရာဝတီသို့ ပြောသည်။
ဆွေးနွေးပွဲတွင် အချက် ၂ချက်ဖြစ်သည့် လုံခြုံရေးဆိုင်ရာ ပေါင်းစည်းရေး၊ NCA စာချုပ် လက်မှတ်ထိုးရာတွင် နိုင်ငံတကာ အသိ သက်သေများကိစ္စကို သဘောတူညီမှုရရှိခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်ရေးတချက်သာ ကျန်ရှိနေသေးကြောင်းကိုလည်း ၎င်းက ပြောပြသည်။
“Text (NCA စာချုပ်က စာသားတွေ)မှာပါတဲ့ စာလုံးတွေ ပြင်ဆင်တာတွေ ပြီးစီးသွားပါပြီ၊ ပြည်တွင်း အသိသက်သေအနေနဲ့ အားလုံး သဘောတူပါတယ်။ ဘာမှ ပြဿနာမရှိပါဘူး။ ပြည်ပ သက်သေအနေနဲ့ကတော့ UN၊ အိမ်းနီးချင်းနိုင်ငံ ဖြစ်တဲ့ ၊ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယပါ။ ပြီးတော့ တိုင်းရင်းသားတွေတင်ပြတဲ့ EU အဖွဲ့တွေပါ”ဟု ပူးဇင်ကျုံးက ပြောသည်။
ယခင်ဆွေးနွေးပွဲတွင် ကျန်ခဲ့သည့် အချက် ၃ချက်ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ Text တွင်ကျန်ခဲ့သည့် စာသားချောများကို ပြင် ဆင်ပြီးကြောင်းနှင့် ပါဝင်လက်မှတ်ရေးထိုးမည့် ခေါင်းဆောင်စာရင်းနှင့် နိုင်ငံတကာ သက်သေအနေဖြင့် တိုင်းရင်းသားဘက်မှ တင်ပြ သည်ကို အစိုးရဘက်မှ မူးအားဖြင့်သဘောတူထားကြောင်းကိုလည်း UPWC မှ ပြောရေးဆိုခွင့်ရှိသူ ဦးလှမောင်ရွှေကလည်း ပြောကြား သည်။
ဆက်လက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးမည့်ကိစ္စနှင့်ပတ်သက်ပြီး ပူးဇင်ကျုံးက “ကျနော်တို့ နှစ်ဘက် ညှိနှိုင်းရမယ့် ကိစ္စဖြစ်တယ်လို့ ယူဆပါတယ်။ အစိုးရအနေနဲ့ လက်မခံနိုင်သေးဘူး ဆိုတဲ့ အဖွဲ့ ၆ ဖွဲ့က ကျနော်တို့ ရေရှည် တွဲလာတဲ့ အဖွဲ့တွေဖြစ်ပါတယ်။ သူတို့အနေအထားကို ကျနော်တို့ ကြည့်ပြီးတော့ သူတို့အနေနဲ့ လက်မှတ်ထိုးတာကို ချန်ထားခြင်း အားဖြင့် အကျိုးရှိတာထက် အကျိုးယုတ်တာ ဖြစ်နေတယ်လို့ ယူဆတယ်”ဟု ပြောသည်။
အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့ကို NCA လက်မှတ်ထိုးရန် သဘောတူထားနိုင်သည်ဟု ဆိုသော်လည်း ၀ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ အမျိုးသား ဒီမိုကရက်တစ် အစည်းအရုံး(LDU )တို့ အပါအဝင် တပ်မတော်နှင့် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားထားသည့် ရကိ္ခုင့်တပ်မတော် (AA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တို့ မပါဝင်သေး ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး မဟာမိတ် သုံးဖွဲ့ဖြစ်သည့် TNLA ၊ MNDAA ကိုးကန့်တပ်ဖွဲ့နှင့် AA တို့က အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန် သမ္မတ ဦးသိန်းစိန် အစိုးရကို တရားဝင် ကမ်းလှမ်းထားသည်။