မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော် ဖြစ်သော မန္တလေးမြို့၏ ၈၉ လမ်းပေါ်မှ အိမ်တခုရှေ့တွင် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် တချို့၊ ညနေခင်း လမ်းမီးရောင် မှိန်ပြပြအောက်တွင် မတ်တပ်ရပ် စကားပြောသူပြော၊ ထိုင်သူ ထိုင်နှင့် တစုံတခုကို စောင့်ဆိုင်းနေကြသည်။ အဆိုပါ အိမ်တွင် “ပါပါလေး အငြိမ့်အဖွဲ့” ဟု အပြာရောင် မြန်မာ စာလုံးဖြင့် ရေးထားသော ဆိုင်းဘုတ်ကြီး တခု ရှိနေသည်။
အိမ်ရှေ့မှ ဧည့်သည်များကို နှုတ်ဆက်ရန် ကွယ်လွန်သူ လူရွှင်တော် ဦးပါပါလေး၏ ညီဖြစ်သူ ဦးလူမော် အပြင်သို့ ထွက်လာသည်။ အာဏာပိုင်များကို ပြက်လုံးထုတ် သရော်ခဲ့ခြင်းကြောင့် လူသိများခဲ့သော လူရွှင်တော် ညီအစ်ကို သုံးယောက် အကြောင်းကို အင်္ဂလိပ်၊ ပြင်သစ်နှင့် ဂျာမန်ဘာသာဖြင့် ရေးသားထားသည့် သတင်းစာဆောင်းပါးများကို ပလတ်စတစ် လောင်းထားသည့် ကတ်ပြားများ ကမ်းပေးရင်း “ပွဲစောင့်နေတဲ့ အချိန်မှာ ဒါလေးတွေ ဖတ်ကြပါ” ဟု သူက ပြောလိုက်သည်။
ဦးလူမော်၊ ဦးလူဇော်နှင့် ဦးပါပါလေးတို့သည် နှုတ်ခမ်းမွှေးညီအစ်ကိုများ အဖြစ် အနှစ် ၃၀ ကျော် အတူတကွ ဖျော်ဖြေ ခဲ့ကြပြီး အစိုးရ၏ စီမံခန့်ခွဲမှု အလွဲများမှသည် သာမန်ပြည်သူများ၏ နိစ္စဓူဝ အခက်အခဲများ အထိ ပြက်လုံးထုတ် သရော်ခဲ့ခြင်း များကြောင့် အာဏာပိုင်များ၏ အမျက်ဒေါသနှင့် မကြာခဏ ကြုံတွေ့ခဲ့ ကြရသူများ ဖြစ်ကြသည်။
၂၀၁၃ ခုနှစ်တွင် သူတို့ ၃ ယောက်အနက် အသက်အရွယ် အကြီးဆုံး ဖြစ်သော ဦးပါပါလေး ကွယ်လွန်ခဲ့သည်။
ည ၈ နာရီခွဲ အချိန်ခန့်တွင် ဦးလူမော်က သူ့အိမ် ဧည့်ခန်းအတွင်း ယာယီ ဆောက်လုပ်ထားသော ဇာတ်ခုံငယ်လေး ဆီသို့ ဧည့်သည်များကို ခေါ်ဆောင်လာခဲ့ပါသည်။ ဧည့်ခန်း၏ နံရံများတွင် လူရွှင်တော် ညီအစ်ကို သုံးယောက်၏ ဓာတ်ပုံများနှင့် ပိုစတာများ ကပ်ထားပြီး မြန်မာ့ ရုပ်သေးရုပ်မျိုးစုံ တို့ကိုလည်း တန်းစီချိတ်ထားသည်ကို တွေ့ရသည်။
ဦးလူမော်က မိုက်ကရိုဖုန်းကိုင်၍ သူ့ကိုယ်သူ မိတ်ဆက်ရင်း မြန်မာနိုင်ငံ အကြောင်းကိုလည်း အင်္ဂလိပ်ဘာသာဖြင့် ပြောပြ သည်။ မြေပုံကို ပြရင်း မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုးစုများ အကြောင်းကို ရှင်းပြသည်။ ကရင် ရိုးရာအက ဖြင့် အဖွင့်အက မကပြမီ ဦးလူမော်က ကရင်လူမျိုးများကို သူအမြတ်နိုးဆုံး ဖြစ်ကြောင်းလည်း ပြောသည်။
အမေရိကန် သမ္မတ အိုဘားမားက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပွေ့ဖက်နေသည့် ဓာတ်ပုံကို ပြပြီး ဦးလူမော်က လက်စားချေသည့် အနေဖြင့် အမေရိကန် သမ္မတကတော် မီရှယ်အိုဘားမားအား အနမ်းမိုး စွေရွာ ချင်ကြောင်း ဟန်အမူရာ အပြည့်ဖြင့် ပြောလိုက်ရာ ပရိသတ်များ ပွဲကျသွားကြသည်။
“ဒါပေမယ့် ခင်ဗျားတို့ သိပါတယ်။ ကျနော် မီရှယ်အိုဘားမားကို နမ်းခွင့် မရှိတော့ပါဘူး၊ ဘာလို့လဲ ဆိုတော့ အိုဘားမား ဒုတိယတခေါက် လာတော့ အမေစုက အိုဘာမားကို ပြန်နမ်းလိုက်ပြီ” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် သမ္မတ အိုဘားမား တို့၏ နောက်ထပ်ပုံ တပုံကိုထုတ်ပြရင်း ဦးလူမော်သည် ညှိုးငယ်သည့် မျက်နှာထားနှင့် ဝမ်းနည်းစွာ ပြောလိုက်သည့် အခါ ရယ်သံများ ပိုမိုဆူညံ သွားခဲ့သည်။
၁ နာရီခန့် ကြာမြင့်သည့် ပွဲချိန် တလျောက်တွင် အကျင့်ပျက် ခြစားမှုများ၊ တရားစီရင်ရေး စနစ်နှင့် လွှတ်တော် အကြောင်း ပျက်လုံးများကို အင်္ဂလိပ်ဘာသာဖြင့် တင်ဆက်ခဲ့ကြပြီး ဦးလူဇော်၏ ဇနီး၊ ညီမများ၊ တူမများနှင့် အသက် ၄ နှစ် အရွယ် မြေးမလေး တယောက်တို့က အကများဖြင့် တင်ဆက် ကပြခဲ့သည်။
စစ်အစိုးရကို ဝေဖန်သော ပြက်လုံးများကြောင့် အာဏာပိုင်များ၏ မကျေနပ်မှုနှင့် မကြာခဏ ရင်ဆိုင်ရလေ့ရှိပြီး လူရွှင်တော် ညီအစ်ကိုများ၏ အစ်ကိုကြီးဖြစ်သူ ဦးပါပါလေးမှာ အကြိမ်ကြိမ် ဖမ်းဆီး ထောင်ချခံခဲ့ရသည်။ ၂၀၁၁ ခုနှစ် ကတည်းက သူတို့အဖွဲ့မှာ အများပြည်သူရှေ့ စင်မြင့်ထက် ဖျော်ဖြေ တင်ဆက်ခွင့် ပိတ်ပင်ထားခြင်း ခံခဲ့သည်။
သို့သော်လည်း သူတို့က လက်မလျှော့ဘဲ မန္တလေးမြို့၏ သာမန် လမ်းငယ်လေးတခုမှ သူတို့အိမ်ကို ဇာတ်ရုံငယ်လေး တခုအဖြစ် ပြောင်းလဲ၍ ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ရာ နိုင်ငံခြားခရီးသွား ဧည့်သည်များ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။
၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ နောက်ပိုင်းတွင် အစိုးရက နှုတ်ခမ်းမွေး ညီအစ်ကိုများအား စောင့်ကြည့်မှုကို လျှော့ချ လိုက်သည့်အခါ ပြည်တွင်းမှ ပရိသတ်များ ကိုလည်း ပြန်လည်ဆွဲဆောင် နိုင်ခဲ့သည်။
“အခုက ကျနော်တို့ ပြက်လုံး ထုတ်တဲ့ နေရာမှာ အရသာပေါ့ သွားတယ်လို့ ခံစားရတယ်။ အရင်ကဆိုရင် ကျနော်တို့ ဘာလုပ်လုပ် ဘာပြောပြော ထောက်လှမ်းရေးတွေက အမြဲစောင့်ကြည့် နားထောင်နေတော့ အစိုးရကို ဝေဖန်တဲ့ ပြက်လုံးတွေက ပရိသတ်တွေဆီကို တိုက်ရိုက် ရောက်တယ်။ ဒီတော့ အကျိုးသက်ရောက်မှု ရှိတယ်” ဟု ဦးလူမော်က ဧရာဝတီသို့ ပြောသည်။
သို့သော် နိုင်ငံခြားသား ဧည့်သည်များကို ဖျော်ဖြေရသည့် အတွက် ပျော်ရွှင်နေဆဲဖြစ်ပြီး သူ၏ အနုပညာ အရည် အသွေးကို ထုတ်ပြနိုင်သည့် အခွင့်အရေး ဖြစ်ကြောင်း ပြောသည်။ သူ၏ နိုင်ငံရေး ခံယူချက်များ ကျန်ရှိနေသေး ကြောင်းကို “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး” ဟူသည့် ဆိုင်းဘုတ်အား ကိုင်ဆောင်ထားခြင်းဖြင့် ဦးလူမော်က ပြသခဲ့သည်။
“ပြည်သူတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့ ပေမယ့် အစိုးရကတော့ နားမကြားသူလို မသိချင်ယောင် ဆောင်နေတယ်” ဟု မျက်မမြင်၊ နားမကြား ဒုက္ခိတ တယောက်ကဲ့သို့ သရုပ်ဆောင်ကာ ပြောခဲ့သည်။
နှုတ်ခမ်းမွေး ညီအကိုများအဖွဲ့၏ ခေါင်းဆောင် ဦးပါပါလေး ကွယ်လွန်သွားခဲ့ပြီးနောက် ဦးလူမော်နှင့် ဦးလူဇော်တို့က မြန်မာ့ရိုးရာ အငြိမ့်ပွဲများတွင် ထည့်သွင်းလေ့ရှိသော အကများကို သူတို့၏ ဇာတ်ခုံလေးပေါ်တွင် အမြည်းသဘော တင်ဆက် ကပြနေကြဆဲ ဖြစ်သည်။
ယခု ကပြနေသည့် သူတို့၏ အငြိမ့်ပွဲများတွင် ဦးပါပါလေး၏ နှစ်လိုဖွယ်ရာ သွင်ပြင်နှင့် ပြက်လုံးတို့ လစ်ဟာ ပျောက်ဆုံးသွားခဲ့ သော်လည်း သူ့ ညီများ၏ အကြောက်အရွံ့ ကင်းသော ပြက်လုံးများ၊ မထိတထိ လှောင်ပြောင်မှုများ နှင့် ချက်ကျလက်ကျ ဟာသပြက်လုံးများကို ယခင်ကအတိုင်း တွေ့မြင် ခံစားနိုင် ပါသေးသည်။
“ပါပါလေး မရှိတော့ကတည်းက စင်ပေါ်မှာ တယောက်ချင်း တန်းပြီး စီရပ်တဲ့အခါ တခုခု ပျောက်ဆုံးနေသလို ခံစားရ တယ်” ဟု ဦးလူမော်က ပြောသည်။
(၂၀၁၅ ခုနှစ် မေလထုတ် The Irrawaddy မဂ္ဂဇင်းတွင်ဖော်ပြခဲ့သော ဇာနည်မာန်၏ Poking Fun at The Powerful ဆုမွန်ဖြိုး ဘာသာပြန်သည်။)