ရေဘေး ဒုက္ခရောက်နေသည့် ဟင်္သာတမြို့နယ် ခြင်ဘို့ကျေးရွာ အုပ်စုရှိ ရွာ ၁၂ ရွာတွင် ရေဘေးသင့်သူ ၆ ထောင်နီးပါး ရှိနေပြီး ရေဘေးကြောင့် အသေအပျောက် မရှိသေးကြောင်း ခြင်ဘို့ တိုက်နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သန်းက ဧရာဝတီသို့ ပြောသည်။
ယင်းကျေးရွာ ၁၂ ရွာတွင် ရေးဘေး ဒုက္ခရောက်နေသူ ၅၉၇၈ ဦး ရှိနေပြီး ၎င်းတို့ထဲမှ အိမ်ခြေ ၅၅၀ ခန့်ရှိ ကျောက်ရဲရွာသည် ရေဘေးသင့်သူ အများဆုံး ဖြစ်ကာ လူဦးရေ ၁၄၇၅ ဦး ရှိကြောင်း သိရှိရသည်။
ကျောက်ရဲရွာတွင် ခြေတံရှည် အမြင့်ပုံစံဖြင့် ဆောက်လုပ်ထားသည့် ဘုန်းကြီးကျောင်း ၄ ကျောင်းနှင့် စာသင်ကျောင်း ၁ ကျောင်းတွင် ကယ်ဆယ်ရေး စခန်းပေါင်း ၅ ခု ဖွင့်လှစ်ထားပြီး ရွာကို ရေစတက်လာ သည်မှာ ၂ ပတ်ခန့်ရှိပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ကျောက်ရဲရွာမှ ရေဘေးသင့်သူ ၄၂၀ ကျော်မှာ ရွာဘုန်းကြီးကျောင်းသို့ လာရောက် ခိုလှုံနေပြီး ကလေးနှင့် သက်ကြီး ရွယ်အိုပေါင်း ၂၀၀ နီးပါး ရှိကြောင်း၊ လတ်တလောတွင် ရေဘေးသင့်သူများ ဝမ်းပျက် ဝမ်းလျှောနှင့် ကူးစက်ရောဂါများ မဖြစ်ပွားအောင် ဂရုစိုက်နေရပြီး အရေးပေါ် အခြေအနေ ဖြစ်လာပါက အကြီးစား ရေယာဉ်တစီး အဆင်သင့် ထားပေးရန် မဖြစ်မနေ လိုအပ်ကြောင်း သာသနာ လင်္ကာရ ဘုန်းကြီးကျောင်းမှ ဦးဆောင် ဆရာတော် ဦးဝိမလက ဧရာဝတီသို့ မိန့်သည်။
ဘုန်းကြီးကျောင်းရှိ ဒုက္ခသည်များအတွက် စားသောက်စရိတ်သည် တရက်လျှင် ၁ သိန်းခွဲခန့်ရှိပြီး ဆန်၊ ဆီ လှူဒါန်းသူများ ရှိသော်လည်း ငွေကြေး လုံလောက်မှု မရှိကြောင်း၊ လက်ရှိ အချိန်တွင် အလှူရှင်များ လာရောက်ကြသော်လည်း ရေကျပြီး ပြန်လည် ထူထောင်ချိန် ရောက်လာပါက ရေဘေးသင့်ပြည်သူများအား မေ့လျော့သွားမည်ကို စိုးရိမ်မိကြောင်းလည်း ဆရာတော်က မိန့်သည်။
ဆရာတော်က “အခုချိန်မှာ သူတို့က လုပ်စားကိုင်စားလို့လည်း မရဘူး။ နောက် ဘယ်နှရက်မှန်းလည်း မသိဘူး။ ဒီရေကျသွားရင်လည်း ပြန်လည်ထူထောင်ရေးပေါ့။ သက်ဆိုင်ရာက နိုင်ငံတော်ကပဲ ဖြစ်ဖြစ်၊ ပိုက်ဆံတွေ ချေးချေးပေးနေတဲ့ သမဝါယမ ဝန်ကြီးဌာနကပဲ ဖြစ်ဖြစ်၊ NGO အဖွဲ့အစည်းတွေကပဲ ဖြစ်ဖြစ် ဒီဒါယကာ၊ ဒါယိကာမတွေ ပြန်လည်ထူထောင်ရေးအတွက်ကို သူတို့တွေ လုပ်စားကိုင်စားလေး ပြန်ဖြစ်အောင်၊ နောက်ဆုံး အတိုးမယူဘဲ ငွေချေးပေးတာပဲဖြစ်ဖြစ် ဦးပဉ္စင်းက လုပ်ပေးစေချင်တယ်” ဟု မိန့်သည်။
ယင်းကယ်ဆယ်ရေး စခန်းရှိ ရေဘေးသင့်သူများသည် ဟင်္သာတမြို့ အပါအဝင် နယ်ပေါင်းစုံမှ ပရဟိတ အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် ရပ်တည်နေခြင်း ဖြစ်ပြီး အစိုးရအဖွဲ့၏ ထောက်ပံ့ရေး အစီအစဉ်များ မရောက်ရှိသေးကြောင်းလည်း သိရသည်။
ရေဘေးသင့်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဟင်္သာတမြို့မှ သူနာပြုဆရာမ ၂ ဦး ရောက်ရှိ နေသည်။
တရွာလုံး ရေဖုံးလွှမ်းနေသော ကျောက်ရဲကျေးရွာသည် နှစ်စဉ် ရေလျှံသည့် အတွေ့အကြုံ ရှိသော်လည်း ယခုနှစ်တွင် တခါမျှ မကြုံခဲ့ဖူးသည့် ရေအမြင့်သို့ ရောက်ရှိနေခြင်း ဖြစ်ကြောင်း ရေဘေးသင့်၍ သာသနာ လင်္ကာရ ဘုန်းကြီးကျောင်းတွင် လာရောက် ခိုလှုံနေသော အသက် ၄၅ နှစ် အရွယ်ရှိ ဒေါ်သန်းတင့်က ဧရာဝတီကို ပြောသည်။
ဒေါ်သန်းတင့်က “ခါတိုင်းနှစ်တွေတုန်းက ဒီလိုပဲ ရေကြီးတယ်။ ဒါပေမယ့် ဒီလောက်ကြီး တခါမှ မဆိုးရွားဘူး။ ဒူးလောက်၊ ပေါင်လောက်နဲ့ပဲ ကျသွားတာ။ အခုလောက်အထိ တခါမှ မရောက်ဘူး” ဟု ပြောသည်။
လက်ရှိတွင် ရေဆက်လက် တက်နေသည့်အတွက် မည်သည့်အချိန် အိမ်ပြန်ရမည်ကို မသိဖြစ်နေကြောင်း၊ သို့သော်လည်း အိမ်အများစုမှာ ဝါးအိမ်များ ဖြစ်သည့်အတွက် ရေကျ၍ အိမ်ပြန်နိုင်ချိန်တွင် အိမ်များသည် နေမရအောင် ပျက်စီးနေလိမ့်မည်ဟု ၎င်းက ပြောသည်။
“ရေကျလို့ ကိုယ့်အိမ်ကိုယ် ပြန်လို့ရပြီဆိုရင်တောင် ဘယ်လိုနေရမယ်မှန်း မသိတော့ပါဘူး” ဟု ဒေါ်သန်းတင့်က ပြောသည်။
ကျောက်ရဲရွာသည် ကိုင်းလုပ်ငန်းဖြင့် အဓိက အသက်မွေးကြပြီး ဟင်္သာတမြို့မှ ရေမိုင် ၅ မိုင်ခန့်အကွာတွင် ရှိကာ စက်လှေဖြင့် ၄၅ မိနစ်ခန့် သွားရသည်။
ကျောက်ရဲရွာသည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိပြီး မြစ်ရေတက်သည့် အတွေ့အကြုံ ရှိသည့် အတွက်ကြောင့် လူအသေအပျောက် မရှိခြင်း ဖြစ်ကြောင်း၊ မြစ်ရေတက်သည့် အချိန်မဟုတ်ဘဲ ပွင့်လင်း ရာသီချိန်များတွင် ကျောက်ရဲရွာသို့ ဟင်္သာတမြို့မှ မြစ်တာရိုးတလျှောက် ဆိုင်ကယ်ဖြင့် သွားလာ နိုင်ကြောင်း ဒေသခံများက ပြောသည်။