• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

ယေးလ်တက္ကသိုလ် တာဝန်ယူရမည့် မြန်မာ့ခေတ်သစ် သမိုင်းကျမ်းစာအုပ်

by နေမင်း
7 August 2015
in Politics
A A
၈၈ အရေးတော်ပုံ, ဒေါက်တာ မောင်မောင်
9.1k
VIEWS
Share on FacebookShare on Twitter

၁၉၉၉ ခုနှစ်အတွင်း ယေးလ်တက္ကသိုလ်၊ အရှေ့တောင်အာရှ လေ့လာရေးဌာနမှ Monograph 49 အဖြစ် “မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်း” (The 1988 Uprising in Burma) အမည်နှင့် မြန်မာ့ခေတ်သစ် သမိုင်းကျမ်းတအုပ်ကို ကျမ်းပြုသူ ဒေါက်တာ မောင်မောင်ဟု ဖော်ပြ၍ အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ဖူးပါသည်။

ဒေါက်တာ မောင်မောင်သည် ၁၉၉၄ ခုနှစ် ဇူလိုင် ၂ ရက်က ကွယ်လွန်ခဲ့သည်ဖြစ်ရာ The 1988 Uprising in Burma စာအုပ်သည် ဒေါက်တာ မောင်မောင် ကွယ်လွန်ပြီး ၅ နှစ်ခန့်ကြာမှ အမေရိကန်ပြည်ထောင်စု၌ ထူးထူးခြားခြား ပုံနှိပ်ထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
440
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
275
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.5k

အဆိုပါစာအုပ်ကို ဒေါက်တာ မောင်မောင် ကွယ်လွန်ပြီး ၁၈ နှစ်အကြာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံအတွင်း၌ အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ၂၀၁၃ ဇွန်လတွင် မြန်မာဘာသာနှင့် ပုံနှိပ်ထုတ်ဝေခဲ့သည်။

ဒေါက်တာ မောင်မောင်၏ ၁၉၈၈ ခုနှစ် အရေးအခင်းစာအုပ်ကို ယေးလ်တက္ကသိုလ်မှ ၁၉၉၉ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့မှုနှင့် ပတ်သက်၍ ယေးလ်တက္ကသိုလ်၏ မူရင်းစာအုပ်တွင် အမှာစာရေးပေးခဲ့သူ ဖရန်ကလင် မာ့ခ် အိုဆန်ကာ (Franklin Mark Osanka) ၏ အမှာစာအရ အောက်ပါအတိုင်း သိခွင့်ရခဲ့ပါသည်။

အမှာစာရေးပေးသူ အိုဆန်ကာသည် ၁၉၆၄ ခုနှစ်မှ ၁၉၆၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ လူမှုဘ၀ သီးခြားရပ်တည်မှုနှင့် သက်ဆိုင်သော ပါရဂူဘွဲ့စာတမ်းကို အမေရိကန်ပြည်ထောင်စု အနောက်မြောက် တက္ကသိုလ် (Northwest University) လူမှုဗေဒဌာနအတွက် သုတေသန ပြုလုပ်နေသည့် ပညာရှင်တဦး ဖြစ်ရုံမက ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ရာထူးအတွက် ထိုအချိန်က လျာထားခံရသူလည်း ဖြစ်ပါသည်။

၎င်းသည် မြန်မာ့အရေး ကျွမ်းကျင်သူ မဟုတ်သော်လည်း မြန်မာနိုင်ငံသို့ ၁၉၉၄ ခုနှစ်မှစ၍ ၇ ကြိမ်မျှ လာရောက် လေ့လာခွင့်ကြုံသဖြင့် ခေတ်ပြိုင် မြန်မာ့နိုင်ငံရေးနှင့် စိမ်းသူတော့ မဟုတ်ပါ။ ၁၉၉၅ ခုနှစ်အတွင်း အိုဆန်ကာ၏ ရန်ကုန်သုတေသန ခရီးစဉ်တခုအတွင်း ကွယ်လွန်သူ ဒေါက်တာ မောင်မောင်၏ ဇနီး ဒေါ်ခင်မြင့်၏ ကိုယ်စားလှယ်တဦးက အိုဆန်ကာအား ဒေါ်ခင်မြင့်နှင့် တွေ့ဆုံနိုင်ရန် ဖိတ်ကြားခဲ့ပါသည်။ ဒေါ်ခင်မြင့် မိသားစုနှင့် အိုဆန်ကာတို့ တွေ့ဆုံရာတွင် မိသားစုရှေ့နေ ဦးမျိုးထွန်းလင်း၊ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူး ဦးသော်ကောင်းတို့ ပါဝင်ပြီး ကွယ်လွန်သူ ဒေါက်တာ မောင်မောင်၏ ၁၉၈၈ ခုနှစ် အရေးအခင်း အင်္ဂလိပ်လက်ရေး စာမူကို နိုင်ငံခြားတွင် ပုံနှိပ်ထုတ်ဝေရေးအတွက် ဆွေးနွေးသဘောတူညီချက် ရယူနိုင်ခဲ့ကြသည် ဆိုပါသည်။

အိုဆန်ကာသည် ကွယ်လွန်သူ ဒေါက်တာမောင်မောင်၏ ၁၉၈၈ ခုနှစ် အရေးအခင်းစာမူကို နိုင်ငံခြားတွင် ပုံနှိပ် ထုတ်ဝေနိုင်ရေး ကိစ္စကို ကြိုးပမ်းရာ၌ လွယ်လွယ်ကူကူ မဖြစ်ခဲ့ပါ။ ၄ နှစ်ခန့် ကြိုးစားပြီးမှ ယေးလ်တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေးဌာန၏ ကူညီပံ့ပိုးမှုဖြင့် ၁၉၉၉ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၌ စတင် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ အရေးအခင်း ကျမ်းပြုသူ ဒေါက်တာ မောင်မောင်မှာ လွန်ခဲ့သော ၅ နှစ်၊ ၁၉၉၄ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ကျမ်းပြုသူကိုယ်တိုင် ၁၉၈၈ ခုနှစ် အရေးအခင်းတွင် အဓိကနေရာမှ ပါဝင်သော တာဝန်ရှိပုဂ္ဂိုလ်လည်းဖြစ်၍ အငြင်းပွားစရာ ဖြေရှင်းရန် တာဝန်ရှိသူများလည်း ဖြစ်သည်။ ဒေါက်တာ မောင်မောင်အား ယေးလ်တက္ကသိုလ် ပညာရှင်အဖွဲ့မှ တစုံတရာ စုံစမ်းစစ်ဆေးခွင့် မရသော်လည်း ခိုင်လုံသော သမိုင်းကျမ်းစာစောင်အဖြစ် ယုံယုံကြည်ကြည် လက်ခံ၍ ယေးလ်တက္ကသိုလ် ကိုယ်စားပြု ပုံနှိပ်ထုတ်ဝေရန် ယေးလ်တက္ကသိုလ်တွင် ခိုင်လုံသော အကြောင်းရှိသည်ဟု ဆိုပါသည်။

ဒေါက်တာ မောင်မောင်သည် နယ်သာလန်နိုင်ငံ ယူးထရက် တက္ကသိုလ် (Utrecht University) မှ အပြည်ပြည်ဆိုင်ရာ ဥပဒေဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ရခဲ့သူဖြစ်ပြီး အမေရိကန်နိုင်ငံ ယေးလ်တက္ကသိုလ်တွင် ဧည့်ကထိက တာဝန်ဖြင့် လာရောက်ရင်း ၁၉၆၂ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဥပဒေပါရဂူဘွဲ့တခုကို ထပ်မံ ရယူခဲ့သည်။ ယေးလ်တက္ကသိုလ် ဥပဒေကျောင်းတွင် ပညာသင်ယူနေစဉ်အတွင်း မြန်မာမိသားစုများနှင့် သက်ဆိုင်သော မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေကျမ်းစာအုပ် (Law and Custom in Burma and the Burmese Family) နှင့် မြန်မာနိုင်ငံ၏ အောင်ဆန်း (Aung San of Burma) အတ္ထုပ္ပတ္တိကျမ်းများကို ရေးသားခဲ့သူ ဖြစ်သည်။ ဒေါက်တာ မောင်မောင်သည် ယေးလ်တက္ကသိုလ်တွင် ပညာဆည်းပူးနေစဉ် အထက်ပါ ကျမ်းစာအုပ်များကို ရေးသားနိုင်ခဲ့သဖြင့် ယေးလ်တက္ကသိုလ်က ဂုဏ်ယူသည်။ မြန်မာ့သမိုင်း၏ ကွက်လပ်များကို ၁၉၈၈ ခုနှစ်အတွင်း ထဲထဲဝင်ဝင် တာဝန်ယူခဲ့တဦး ကိုယ်တိုင်ရေးထားသော စာမူဖြစ်၍လည်းကောင်း၊ စစ်အစိုးရက တရားဝင် ရိုက်ကူးမှတ်တမ်းတင်ထားသော “လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်” သက်သေခံ ဗီဒီယိုခွေများကို ကြည့်ရှုခဲ့ရသဖြင့် လည်းကောင်း၊ ဒေါက်တာ မောင်မောင်၏ အင်္ဂလိပ်လက်ရေးစာမူ “The 1988 Uprising in Burma” စာအုပ်ကို ယေးလ်တက္ကသိုလ် ပုံနှိပ်တိုက်က ပုံနှိပ်ထုတ်ဝေရန် ဆုံးဖြတ်ခဲ့ကြောင်း အိုဆန်ကာ၏ အမှာစာတွင် အကျယ်တဝင့် ဖော်ပြပါရှိခဲ့သည်။

ဤသို့ဖြင့် ဒေါက်တာ မောင်မောင်၏ ၁၉၈၈ ခုနှစ် အရေးအခင်းစာအုပ်သည် ၁၉၉၉ ခုနှစ်တွင် ယေးလ်တက္ကသိုလ်မှ ပုံနှိပ်စာအုပ်အဖြစ် ကမ္ဘာသို့ ဖြန့်ချိခဲ့သည်။ အဆိုပါ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့်စာအုပ်ကို ၁၄ နှစ်ခန့်အကြာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ ပြန်လည် ထုတ်ဝေခဲ့သည်။ အဆိုပါစာအုပ် မြန်မာဘာသာပြန်ကို ၂၀၁၃ ဇွန်လတွင် မြန်မာနိုင်ငံ၌ အတွဲ ၂ တွဲဖြင့် ထုတ်ဝေခဲ့သည်။

မြန်မာနိုင်ငံတွင် ထုတ်ဝေသော ၁၉၈၈ ခုနှစ် အရေးအခင်းစာအုပ် အင်္ဂလိပ်-မြန်မာ နှစ်အုပ်လုံးတွင် ယေးလ်တက္ကသိုလ်မှ ၁၉၉၉ ခုနှစ်တွင် စတင်ပုံနှိပ် ထုတ်ဝေဖြစ်ခဲ့ရသည့် အကြောင်းများနှင့် ဖရန်ကလင် မာ့ခ် အိုဆန်ကာ၏ အမှာစာအကြောင်း တလုံးတပါဒမှ မဖော်ပြဘဲ ချန်လှပ်ခဲ့မှုမှာ မြန်မာနိုင်ငံထုတ် စာအုပ်နှင့် ယေးလ်တက္ကသိုလ်ထုတ် စာအုပ်တို့၏ ကွာခြားမှုပင် ဖြစ်ပါသည်။ မြန်မာဘာသာပြန် စာအုပ်တွင် ဒေါက်တာ မောင်မောင်၏ဇနီး ဒေါ်ခင်မြင့်၏အမှာစာ ထူးထူးခြားခြား ပါရှိလာပါသည်။

အဆိုပါ ဒေါက်တာ မောင်မောင်ရေး ၁၉၈၈ ခုနှစ် အရေးအခင်းစာအုပ်ကို ၁၉၉၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက် ထုတ်ဝေခဲ့ပြီး ၁၄ နှစ်ခန့်ကြာမှ မြန်မာနိုင်ငံတွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ပြန်လည် ထုတ်ဝေရခြင်းကို လည်းကောင်း၊ အမေရိကန် ပြည်ထောင်စုတွင် ထုတ်ဝေစဉ်က အမှာစာရေးခဲ့သူ၊ ဒေါက်တာ မောင်မောင်၏ လက်ရေးစာမူကို ပုံနှိပ်စာအုပ်ဖြစ်ရန် ကြိုးစားခဲ့သူ အိုဆန်ကာ၏ အမှာစာနှင့် ၎င်း၏ ကြိုးစားချက်များကို လည်းကောင်း၊ မြန်မာပြည်တွင်းထုတ် စာအုပ်များတွင် အဘယ်ကြောင့် ထိန်ချန်ထားခဲ့ရကြောင်းကို ဒေါက်တာ မောင်မောင်၏ ကျန်ရစ်သူမိသားစုများ ရှင်းပြမှသာ သိနိုင်တော့မည် ဖြစ်သည်။

စာရေးသူအနေဖြင့် မဆလပါတီ၏ နောက်ဆုံးပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတဖြစ်သူ၏ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ ကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ပုံ၊ အာဏာလွှဲပြောင်းပုံ မှတ်တမ်းများကို အသေးစိတ် စောင့်ကြည့်လေ့လာခဲ့ပါသည်။ စာရေးသူတို့ ပြည်သူများဘက်က မဆလပါတီနှင့် အစိုးရအဖွဲ့ လုပ်ဆောင်ချက်များကို The Irrawaddy အပတ်စဉ် ဂျာနယ်၌ “ရှစ်ဆယ့်ရှစ်၏ တိုင်းဆူပြည်ဖျက်များကို ဖော်ထုတ်ခြင်း” အခန်းဆက်ဆောင်းပါး၊ တခြားဂျာနယ်များ၌ “ဘက်လိုက်သတင်းမား၏ အာဏာရှင်နိုင်ငံတော်ကို ဖြိုလှဲခြင်း” အခန်းဆက်ဆောင်းပါးများနှင့် ပြန်လည်ထုတ်ဖော် တင်ပြခဲ့ပြီး ဖြစ်ပါသည်။

ဒေါက်တာမောင်မောင် မလဆပါတီဥက္ကဋ္ဌ၊ သမ္မတဖြစ်လာပုံနှင့် တာဝန်ထမ်းထောင်ခဲ့ပုံ၊ အာဏာလွှဲပြောင်းခဲ့ပုံများကို စာရေးသူက လေ့လာဆန်းစစ်ပြီး ၎င်းသည် မဆလမူရှင်း အာဏာရှင် ဦးနေဝင်းနှင့် စစ်အုပ်စု၏ ရုပ်သေးရုပ် တရုပ်အဖြစ်သာ တာဝန်ထမ်းဆောင်ခဲ့ရသူ ဖြစ်ပြီး ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကာလအတွင်း မဆလဂိုဏ်း ကျူးလွန်ခဲ့သမျှသော စစ်ရာဇဝတ်မှုနှင့် နိုင်ငံတော် သစ္စာဖောက်မှုများအတွက် ဖြေရှင်းရန် တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဟု စာရေးသူက သတ်မှတ်ခဲ့ပါသည်။

၁၉၈၈ ခုနှစ် အရေးအခင်းစာအုပ်ကို ဒေါက်တာ မောင်မောင် ကွယ်လွန်ပြီးမှ ၎င်း၏ မိသားစုများ ယေးလ်တက္ကသိုလ် အကူအပံ့ဖြင့် ကမ္ဘာသိ၊ တိုင်းသိပြည်သိ ပုံနှိပ်ထုတ်ဝေခဲ့သော်လည်း စာရေးသူတို့ ပြည်သူများဘက်က ယင်းစာအုပ် အကြောင်း လွတ်လပ်စွာ ပြန်လည်ဖြေရှင်းခွင့်ကို ပြည်တွင်း၌ မကြာမြင့်သော ကာလကမှ စတင်ရရှိခြင်း ဖြစ်ပါသည်။ ယေးလ်တက္ကသိုလ်သည် ဒေါက်တာ မောင်မောင်၏ အဖက်သတ်အမြင်ဖြင့် အဖြစ်မှန်ကို ထိန်ချန် ရေးသားချက်များအား မြန်မာ့သမိုင်း၏ ကွက်လပ်ကို ဖြည့်ဆည်းရာရောက်သည့် အရေးကြီးကျမ်းစာအုပ်အဖြစ် အိုဆန်ကာ၏ အမှာစာနှင့် အဆင်းကို ဘီးတပ်ပေးခဲ့ခြင်းဖြစ်သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးကို ရိုးသားစွာ လက်နက်မဲ့၊ ခေါင်းဆောင်မဲ့ ဆင်နွှဲခဲ့သည့် မြန်မာပြည်သူများအား ရမ်းကားသော အကြမ်းဖက်သမားများအဖြစ် ကမ္ဘာက ထင်မြင်အောင် ဝါဒဖြန့်ချိပေးမှုကြီးကို ယေးလ်တက္ကသိုလ်သည် ကွယ်လွန်သူ ဒေါက်တာ မောင်မောင်အလိုကျ အသုံးချခံအဖြစ် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ယင်းသည် ပညာရှိ သတိဖြစ်ခဲဆိုသလို မိမိတက္ကသိုလ်၏ ဧည့်ကထိက ဖြစ်ခဲ့ဖူးသည်ကို အကြောင်းပြု၍ အဂတိတရား ၄ ပါးထဲမှ ဆန္ဒာဂတိကို ကျူးလွန်ခဲ့ခြင်းဖြစ်ပါသည်။ ဗုဒ္ဓ၏ ကာလာမသုတ်ကို သင်ယူနာကြားမှုနှင့် လက်တွေ့ကျင့်သုံးမှု ပြုသူသာလျှင် ဤအမှားမှ လွတ်ကင်းမည်ဖြစ်ရာ အိုဆန်ကာနှင့် ယေးလ်တက္ကသိုလ် ပညာရှင်များကို စာရေးသူ အပြစ်မပြောလိုတော့ပါ။

မည်သို့ဆိုစေ အိုဆန်ကာနှင့် ယေးလ်တက္ကသိုလ် ပညာရှင်များအား မြန်မာနိုင်ငံတွင် မြန်မာလိုရေးသား ထုတ်ဝေသော မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်းစာအုပ်ပါ ဒေါက်တာ မောင်မောင်၏ ဇနီး ဒေါ်ခင်မြင့်၏ အမှာစကား၊ ၁၉၈၈ ခုနှစ် ပြည်သူတို့၏ ဒီမိုကရေစီ အရေးတော်ပုံ ကာလအတွင်း အဖျက်အမှောင့်လုပ်ငန်းများ၊ လှိုင်းကြီးလေထန် ဖြစ်ရပ်မှန် ဗီဒီယိုတိတ်ခွေ မှတ်တမ်းများ ဖြန့်ချိပြသခဲ့သူ ဒေါက်တာ မောင်မောင် အစိုးရ၏ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ခင်ညွန့်၏ “အင်တာနက်တွင် ပျံ့လွင့်ခဲ့သော မိန့်ခွန်းပါ အကြောင်းအချက်များ၊ အရေးတော်ပုံ ကာလအတွင်း အစိုးရသတင်းစာပါ အမိန့်ကြေညာချက် အချို့တို့ကို ယေးလ်တက္ကသိုလ် ပညာရှင်များ ထောက်ခံချက်ဖြင့် ပုံနှိပ်ထုတ်ဝေခဲ့သော The 1988 Uprising in Burma စာအုပ်ပါ” ဒေါက်တာ မောင်မောင် ရေးသားချက်ဖြင့် တိုက်ဆိုင်ဖတ်ရှုနိုင်ရန် စာရေးသူက အောက်တွင်ရွေးချယ် ထုတ်နုတ် တင်ပြလိုက်ပါသည်။

ယေးလ်တက္ကသိုလ် ပုံနှိပ်တိုက်ထုတ် The 1988 Uprising in Burma စာအုပ်၏ Chapter Eleven, P.246-247 တွင် ဒေါက်တာ မောင်မောင် ရေးသားထားသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။

“But the Myanmar section of the All India Radio announced on September 26, 1990 that my wife and I were there on a pilgrimage, guests of Guru Goneka. The news was followed by a commentary that I was the last president of Myanmar before the coup, and as such my proper place was in a detention camp. The fact that I could travel was proof, it was pointed out, that the military government in Myanmar and I were in league.

I say this without anger, rancour, or self-pity, Perhaps I should even feel pleased and flattered that I am remembered for so long after so brief and so small a role that I was called upon to play in Myanmar.”

၁၉၉၀ ပြည့်နှစ် စက်တင်ဘာလ ၂၆ ရက်နေ့ All India Radio မြန်မာပိုင်းအစီအစဉ်မှ အိန္ဒိယနိုင်ငံသို့ ဘုရားဖူးရောက်နေသော ဒေါက်တာ မောင်မောင်နှင့် ပတ်သက်၍ ၎င်းသည် တပ်မတော် အာဏာမသိမ်းမီ မြန်မာနိုင်ငံ၏ နောက်ဆုံး သမ္မတဖြစ်ကြောင်း၊ ၎င်းအတွက် နေရာမှန်သည် ထိန်းသိမ်းရေးစခန်းသာ ဖြစ်ကြောင်း၊ ယခုလို လွတ်လွတ်လပ်လပ် ဒေါက်တာ မောင်မောင် ခရီးသွားနိုင်ခြင်းသည် ဒေါက်တာ မောင်မောင်နှင့် စစ်အစိုးရကြား တကြိတ်တည်း တဉာဏ်တည်း ဖြစ်နေကြောင်း သက်သေပြလိုက်ခြင်း ဖြစ်ကြောင်း သတင်းကြေညာသွားခဲ့ပါသည်ဟု ရေးသားထားမှုကို တွေ့နိုင်ပါသည်။ အဆိုပါ All India Radio ၏ ပြောဆိုချက်အပေါ် ဒေါက်တာ မောင်မောင် အနေဖြင့် ဒေါသတစုံတရာ မဖြစ်သလို နာကြည်းမှုလည်းမရှိ၊ ကိုယ့်ကိုယ်ကိုလည်း သနားစိတ်မဖြစ်ပါဟုသာ ဝေ့လည်ကြောင်ပတ် ရေးထားပါသည်။

မဆလအစိုးရ သမ္မတ ဒေါက်တာ မောင်မောင်ထံမှ စစ်တပ်အာဏာသိမ်းသွားပုံကို All India Radio စွပ်စွဲသလို ဒေါက်တာ မောင်မောင်က ဝန်လည်းမခံ၊ ငြင်းလည်းမငြင်း ပြဿနာရင်းမြစ်ကို ရှောင်ကွင်းရေးသားနေကြာင်းသာ တွေ့ရသည်။ ဒေါက်တာ မောင်မောင်သည် စာဖတ်သူများအား သစ္စာအခြေခံ၍ အမှန်ကို ထုတ်ဖော်ရေးသားရဲသူ မဟုတ်ကြောင်း ဒေါက်တာ မောင်မောင်၏ စာမူကို ဖတ်ရှုသူ အဂတိကင်းစင်သည့် ပညာရှင်တိုင်း အလွယ်တကူ သိရှိနိုင်မည်ဟု စာရေးသူ ယုံကြည်မိပါသည်။

ဒေါက်တာ မောင်မောင်သည် ၁၉၈၈ ခုနှစ် သြဂုတ်လ ၁၉ ရက်မှ စက်တင်ဘာလ ၁၈ ရက်အတွင်း မဆလအာဏာရှင် ဦးနေဝင်း အမှူးပြုသည့် စစ်အုပ်စု၏ အခိုင်းစေခံ ရုပ်သေးရုပ်သမ္မတသာ ဖြစ်ကြောင်း စာရေးသူတို့ ပြည်သူများက အိုဆန်ကာနှင့် ယေးလ်တက္ကသိုလ်အား ခိုင်လုံသော အထောက်အထားနှင့် တင်ပြနိုင်ပါသည်။

အိုဆန်ကာနှင့် ယေးလ်တက္ကသိုလ်ဘက်က “လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်” ဗီဒီယိုတိတ်ခွေကို ဒေါက်တာ မောင်မောင်၏ ၁၉၈၈ ခုနှစ် အရေးအခင်း ကျမ်းစာအုပ်တွင် ခိုင်လုံသော အထောက်အထားဟု မှတ်ယူထားပုံရသည်။

စာရေးသူကလည်း ယင်းအထောက်အထားကို အခြေပြု၍ ပြန်လည်ချေပလိုပါသည်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက် ညသန်းခေါင် အချိန်ခန့်မှစ၍ မြန်မာနိုင်ငံ (အထူးသဖြင့် ရန်ကုန်မြို့) တွင် အစိုးရ၏ အကြမ်းဖက်နှိပ်ကွပ်မှုများ စတင်ဖြစ်ပွားခဲ့သည်မှာ အငြင်းပွားစရာ မလိုသော အချက်ဖြစ်ပါသည်။

သြဂုတ်လ ၁၃ ရက်မှ သြဂုတ်လ ၁၈ ရက်အတွင်း မြန်မာနိုင်ငံ၌ တရားဝင်သမ္မတ ကွယ်ပျောက်သောကာလ ဖြစ်ခဲ့၍ သြဂုတ်လ ၁၈ ရက်တွင်မှ ဒေါက်တာ မောင်မောင်အား တရားဝင် သမ္မတရာထူး လွှဲအပ်နိုင်ခဲ့ခြင်းဖြစ်သည်။ လှိုင်းကြီးလေထန် ဖြစ်ရပ်မှန် ဗီဒီယိုမှတ်တမ်းပါ ဖြစ်ရပ်များစွာသည် သြဂုတ်လ ၈ ရက်မှ သြဂုတ်လ ၂၄ ရက်အတွင်း ဖြစ်ခဲ့သောဖြစ်ရပ်တချို့ ပါဝင်ခဲ့သည်။ ယင်းမူလဖြစ်ရပ်များကို အခြေပြု၍ ထပ်မံဖြစ်ပွားသော ဖြစ်ရပ်မှတ်တမ်းများလည်း ယင်းဗီဒီယိုတွင် ပါရှိခဲ့ပါသည်။

ယင်းသို့ တိုင်းပြည် မငြိမ်မသက်ဖြစ်နေစဉ် သြဂုတ်လ ၂၄ ရက်နေ့ ၁၀ နရီ၊ ၁၁ နာရီအတွင်း ဒေါ်အောင်ဆန်းစုကြည် လူထုအတွင်းသို့ နိုင်ငံရေးဦးဆောင်သူအဖြစ် ရန်ကုန်ဆေးရုံကြီးတွင် ပထမဦးစွာ တရားဝင် ပေါ်ထွက်လာခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် တယောက် နိုင်ငံရေးဦးဆောင်သူအဖြစ် လူထုရှေ့တွင် ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်း သြဂုတ်လ ၃ ရက်နေ့မှ စတင်၍ နိုင်ငံမတည်မငြိမ်ဖြစ်မှုကို အကြောင်းပြု၍ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့၌ ထုတ်ဆင့်ထားခဲ့သော စစ်အုပ်ချုပ်ရေးကို ဒေါက်တာ မောင်မောင် အစိုးရက ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ရုပ်သိမ်းလိုက်ပါသည်။

ရန်ကုန်တိုင်းနှင့် မြန်မာပြည်တဝှမ်း လူထုအုံကြွ ဆူပူနေစဉ် အဆလအစိုးရက ထုတ်ဆင့်ခဲ့ပြီးဖြစ်သော စစ်အုပ်ချုပ်ရေးကို ဒေါက်တာ မောင်မောင် အမိန့်ဖြင့် ရုတ်တရက် ရုပ်သိမ်းခဲ့သည်။ ယင်းအချက်မှာ ဒေါက်တာ မောင်မောင်၏ သမ္မတ သက်တမ်းအတွင်း ပထမဆုံး တာဝန်ယူဖြေရှင်းရမည့်အချက် ဖြစ်ပါသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ထိုကာလက နိုင်ငံတော်ကောင်စီဝင် ဖြစ်ခဲ့သော သမိုင်းပါမောက္ခဟောင်း ဦးစိုင်းအောင်ထွန်းက ရှစ်လေးလုံး ငွေရတုကာ ၂၀၁၃ သြဂုတ်လ ၈ ရက်ထုတ် ပဲ့တင်သံဂျာနယ်တွင် အဲဒီကိစ္စ (စစ်ချုပ်ရေး ရုပ်သိမ်းသည့်ကိစ္စ) ကို ဘယ်သူတင်သွင်းသလဲဟု ဂျာနယ်လစ်က မေးမြန်းခဲ့ရာတွင် ဦးစိုင်းအောင်ထွန်းက “ဗဟိုကော်မတီကပဲ၊ ဗဟိုကော်မတီမှာ သူတို့စစ်တပ်က လူအများကြီးပါတာကိုး၊ ရန်ကုန်တိုင်း စစ်အုပ်ချုပ်ရေးလုပ်ပြီးမှ ပြန်ရုပ်သိမ်းမယ်တဲ့၊ အဲဒီအချိန်ကတော့ ဗိုလ်ချုပ်ကြီးတွေပဲ လွှမ်းမိုးနေတာပေါ့၊ အဲဒီအချိန်မှာ ဗဟိုကော်မတီက လူတွေပဲ သွားပြီး ဆွေးနွေးနေကြတယ်။ ကျနော်တို့က အပြင်မှာ ထိုင်နေကြရတယ်။ သူတို့ထွက်လာတဲ့ အခါကျတော့ ရန်ကုန်ကို စစ်အုပ်ချုပ်ရေး ရုပ်သိမ်းမယ်ပေါ့၊ ကျနော် ကြောင်သွားတာပေါ့။ ဒါပေမယ့် မရုပ်သိမ်းသင့်ဘူးဆိုရင် ကျနော်က တရားခံပဲ၊ ရုပ်သိမ်းသင့်တယ်ဆိုလည်း သူတို့အလိုကျ ဖြစ်သွားမှာပေါ့။ ဒါပေမယ့် လက်တွေ့ကြည့်လို့ရှိရင် သတ်ဖြတ်နေတဲ့အချိန်မှာ ဘယ်သူက ထိန်းမလဲ၊ ပါတီကလည်း မထိန်းနိုင်တော့ဘူး။ ဒီဥစ္စာလေးတွေကလည်း စဉ်းစားစရာ အကွက်လေးတွေပေါ့” ဟု ဖြေကြားထားချက်သည် အလေးထားရမည့် အချက်ဖြစ်သည်။

သြဂုတ်လ ၂၄ ရက်တွင် အာဏာရှင်ကြီး၏ စစ်အုပ်စုသည် သြဂုတ်ဆန်းပိုင်း မှစတင်၍ အရှိန်အဟုန်မြှင့်တင် တိုက်ပွဲဝင်နေသည့် လက်နက်မဲ့၊ ခေါင်းဆောင်မဲ့ လူထုတိုက်ပွဲများအား ခေါင်းဆောင်ရန် ဒေါ်အောင်ဆန်းစုကြည် ထွက်ပေါ်လာသည့် မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း နည်းဗျူဟာအသစ် ပြောင်းလဲခဲ့ကြောင်း အထောက်အထားကို သြဂုတ်လ ၂၈ ရက်နေ့ထုတ် အစိုးရသတင်းစာများကို ဖတ်ရှုရချိန်တွင် စာရေးသူ စတင်သိရှိခဲ့ပါသည်။

သြဂုတ်လ ၂၈ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ရန်ကုန်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးညွန့်က ရန်ကုန်တိုင်း စစ်အုပ်ချုပ်ရေးကို သြဂုတ်လ ၂၄ ရက်နေ့ ၁၂ နာရီမှ စတင်ရုပ်သိမ်းကြောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ စစ်အုပ်ချုပ်ရေး အမိန့်အမှတ် ၉/၈၈ ဖော်ပြပါရှိခဲ့ပြီး နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်၏ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းကြောင်း နိုင်ငံတော်ကောင်စီ၏ ကြေညာချက်အမိန့် ၈/၈၈ တွင် သြဂုတ်လ ၂၄ ရက်နေ့ ၁၃ နာရီမှစ၍ ရုပ်သိမ်းကြောင်း ကြေညာချက်များကိုပါ ယှဉ်တွဲဖတ်ရှုခွင့် ရခဲ့ပါသည်။

အထက်ပါ ကြေညာချက်နှစ်ရပ်ကို ယှဉ်တွဲဖတ်ရှုခွင့်ရသဖြင့် စစ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးညွန့်သည် နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ထက် တနာရီစောပြီး စစ်အုပ်ချုပ်ရေး ရုပ်သိမ်းခဲ့ကြောင်း၊ ယင်းလုပ်ရပ်သည် မူလစစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြေညာခဲ့သည့် သြဂုတ်လ ၃ ရက်နေ့ ဦးစိန်လွင် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌအဖြစ် ကြေညာခဲ့သည့် အမိန့်အမှတ် ၅/၈၈ ၏ အပိုဒ် ၄ တွင် ဖော်ပြထားသော “ဤစစ်အုပ်ချုပ်ရေးသည် ရန်ကုန်တိုင်း စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် (၁၉၈၈ ခုနှစ် သြဂုတ်လ ၃ ရက်နေ့) ၁၉ နာရီ အချိန်မှစတင်၍ အာဏာတည်၍ နိုင်ငံတော်ကောင်စီက ပြန်လည်ရုပ်သိမ်းသည့် နေ့ရက်အချိန်တွင် အာဏာတည်မှု ရပ်စဲရမည်” ဟူသောအချက်ကို ဗိုလ်မှူးချုပ် မျိုးညွန့်က ချိုးဖောက်ခဲ့သလို ဥပဒေပါရဂူ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ သမ္မတ ဒေါက်တာ မောင်မောင်ကလည်း စစ်တိုင်းမှူး၏ အမိန့်ကို နောက်မှလိုက်၍ အတည်ပြုပေးနေရကြောင်း စာရေးသူအနေဖြင့် ခိုင်လုံစွာ တွေ့ရှိခဲ့ပါသည်။ ဗိုလ်မှူးချုပ် မျိုးညွန့်၏ မိမိသဘောဖြင့် စစ်အုပ်ရေး ရုပ်သိမ်းမှုသည် ထိုစဉ်က တရားဝင် တည်ရှိခဲ့သည့် ၁၉၇၄ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၇၆ တွင် စစ်အုပ်ချုပ်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်ကောင်စီကိုသာ သတ်မှတ်ပြဋ္ဌာန်းခွင့် ပေးထားသည်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည့် လုပ်ရပ်ဖြစ်ပါသည်။ ဥပဒေပါရဂူ သမ္မတ ဒေါက်တာ မောင်မောင်က ယင်းလုပ်ရပ်အား နောက်မှလိုက်၍ အသိအမှတ်ပြုပေးခဲ့ရသောကြောင့် စာရေးသူအနေဖြင့် ဒေါက်တာ မောင်မောင်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်သည့် အာဏာရှင်စစ်အုပ်စု၏ ရုပ်သေးရုပ်မျှသာ ဖြစ်သည်ဟု သတ်မှတ်ခဲ့ပါသည်။

အထက်ပါ အကြောင်းယုတ္တိ မခိုင်လုံဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၇၆ နှင့် ဆန့်ကျင်သော စစ်အုပ်ချုပ်ရေး ရုပ်သိမ်းမိန့်များ ထွက်ပေါ်ပြီး ၁ နာရီခန့်တွင် ဧရာဝတီတိုင်း ပုသိမ်ထောင်၌ ဆူပူမှု စတင်ဖြစ်ပွားခဲ့ပါသည်။ ထို့နောက် ရက်ပိုင်း၊ နာရီပိုင်းအတွင်း မြန်မာပြည်အနှံ့ ထောင်ဆူ၊ ထောင်ဖောက်မှုများ ဆက်တိုက်ဖြစ်ပွားသည် အကြောင်းပြ၍ အရပ်ဘက် အဖွဲ့အစည်းအတွင်း ဒေါက်တာ မောင်မောင် အစိုးရက ရာဇဝတ်သား အကျဉ်းသားများကို မောင်းထည့်ခဲ့ပါသည်။

ယေးလ်တက္ကသိုလ် ပညာရှင်များက ဒေါက်တာ မောင်မောင်၏ The 1988 Uprising in Burma ကျမ်းစာအုပ်အတွက် ခိုင်လုံသော သက်သေအဖြစ် ယူဆခဲ့သော “လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်” ဗီဒီယိုတွင် ပါရှိခဲ့သော ဇာတ်ကောင်များစွာမှာ ဒေါက်တာ မောင်မောင် အကျဉ်းထောင်၊ အချုပ်ခန်းများမှ လွှတ်ပေးလိုက်သော အကျဉ်းသား၊ အချုပ်သားများဖြစ်သည်ကို သိရှိဟန် မတူပါ။

နိုင်ငံတော် သစ္စာဖောက်မှု၊ အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ်မှုများနှင့် ငြိစွန်းပြီး ဖြေရှင်းရန် တာဝန်ရှိသူတဦး ရေးသားသော ကိုယ်ရေး ဝန်ထမ်းမှတ်တမ်း လက်ရေးစာမူအား အဆိုပါ စာရေးသူ ကွယ်လွန်သူပြီးမှ ကမ္ဘာကျော် ယေးလ်တက္ကသိုလ်က စုံစမ်းမေးမြန်းခြင်းမရှိဘဲ တာဝန်ခံ ပုံနှိပ်ဖြန့်ချိခဲ့မှုသည် မြန်မာနိုင်ငံသူ နိုင်ငံသားများ ကိုသာမက ကမ္ဘာကိုပါ တောင်းပန်ရန် တာဝန်ရှိသည့် လုပ်ရပ်ဟု စာရေးသူက ယူဆပါသည်။

စာရေးသူသည် သြဂုတ်လ ၂၆ ရက် ည ၈ နာရီ မြန်မာ့အသံသတင်းကို နားထောင်ပြီးချိန်ကစ၍ မဆလ အာဏာရှင်ဂိုဏ်း၏ လုပ်ရပ်အမှားများကို အချက်တိုင်း ဖွင့်ဟနေပါက အာဏာရှင်ဘက်မှ တရားခံ အစားထိုးသည့် လုပ်ကွက်များကို တွေ့မြင်နေရသဖြင့် မဆလဂိုဏ်း၏ နိုင်ငံရေးကစားကွက်၊ လုပ်ကွက် ဆုံးသည့်တိုင်အောင် စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့သဖြင့် လည်းကောင်း၊ လွတ်လပ်စွာ တင်ပြခွင့်မရသဖြင့် လည်းကောင်း၊ အထက်ပါ စစ်ဗိုလ်ချုပ် အများစုသဘောဖြင့် စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပေးခဲ့မှုကို ယခင်က ရှင်းလင်းတင်ပြနိုင်ခွင့် မကြုံခဲ့ပါ။

လူထုအား ဦးဆောင်နိုင်မည့် ခေါင်းဆောင် ပေါ်ထွက်လာချိန်တွင် တိုင်းပြည် မငြိမ်မသက် ဖြစ်နေသည်ကို မဆလအစိုးရသည် သိလျက်နှင့် မိမိထုတ်ဆင့်ထားပြီးဖြစ်သော စစ်အုပ်ချုပ်ရေးကို အကြောင်းမဲ့ တမင်ရုပ်သိမ်းခဲ့ခြင်း၊ ဝန်ထမ်းသပိတ်များ ပေါ်ထွက်လာချိန်တွင် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ခင်ညွန့်၏ လက်မှတ်ဖြင့် တန်ပြန်အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်ရေး အမိန့်စာမှာ သြဂုတ်လ ၂၂ ရက်က ထုတ်ဆင့်ထားကြောင်း မြန်မာလူထုက ဖော်ထုတ်နိုင်ခဲ့ခြင်းတို့ကို ဒေါက်တာ မောင်မောင်ဘက်က သမ္မတ တယောက်အနေဖြင့် ဖြေရှင်းခွင့်ရခဲ့ပါလျက် ယင်းအချက်များကို ဥပဒေသမား ဒေါက်တာ မောင်မောင်သည် အရေးတော်ပုံ ကာလအတွင်း၌ လည်းကောင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်းစာအုပ် ရေးသားခဲ့ရာတွင် လည်းကောင်း၊ တစုံတရာမျှ ရှင်းလင်းမှု မပြုခဲ့ပါ။

မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်းအကြောင်း ရေးသားလျှင် စစ်အာဏာသိမ်းရသည့်အကြောင်း၊ အာဏာသိမ်းခံရသည့် သမ္မတအနေဖြင့် မခြွင်းမချန် ဖော်ပြရန် တာဝန်ရှိပါသည်။ ယေးလ်တက္ကသိုလ်က တာဝန်ခံ ထုတ်ဝေခဲ့သည့် အာဏာသိမ်းခံ သမ္မတရေးသော ၁၉၈၈ အရေးအခင်းစာအုပ်တွင် မည်သို့ အာဏာအသိမ်းခံရကြောင်း၊ သို့မဟုတ် မည်ကဲ့သို့ အာဏာလွှဲခဲ့ရကြောင်း နိဂုံးချုပ်ဖော်ပြမည့် အဓိကအကြောင်းအရာကို မဖော်ပြဘဲ ဒေါက်တာ မောင်မောင်က “၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်မှ အာဏာသိမ်းယူပြီးချိန် အထိပင် ကျနော့်အား ဆန့်ကျင်ဘက် အဖွဲ့အစည်းများက စွပ်စွဲနေသည်များကို ကြားခဲ့ရသေးသည်။ ကျနော်သည် နေ့စဉ်နံနက်တိုင်း ဦးနေဝင်း၊ ဗိုလ် ခင်ညွန့်တို့နှင့်အတူ သုံးယောက်သား ရှေ့ဆက် လုပ်စရာကိုင်စရာများကို ဉာဏ်နီဉာဏ်နက် ထုတ်လျက် ရေးဆွဲပေးနေသည်ဟူ၍ စွပ်စွဲခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အား ခါတော်မီ ပေါ်ပင်သမားတို့ရဲ့ သွေးထိုးစကားကို မယုံမိပါစေနဲ့၊ လုပ်ဇာတ်အပြောကောင်းတဲ့ သူတွေကိုလည်း ကြပ်ကြပ်သတိထား ဟူ၍သာ ကျွနု်ပ် မှာကြားလိုက်ချင်ပါသည်” ဟူ၍ The 1988 Uprising in Burma စာအုပ် Chapter Twelve, P.275 တွင် ဒေါက်တာ မောင်မောင်က သူနှင့် ဦးနေဝင်း အပါအဝင် စစ်အုပ်စုတို့သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆက်အစပ်မရှိသလို ရေးသားထားသည်ကို အင်္ဂလိပ်စာဖတ် ပရိသတ်များက အဟုတ်မှတ်ထင်နေကြမည်မှာ သေချာသည်။

ယင်းသို့ ဒေါက်တာ မောင်မောင်နှင့် ဦးနေဝင်း၊ နဝတအတွင်းရေးမှူး (၁) ဗိုလ်ခင်ညွန့် အပါအဝင် စစ်ဗိုလ်မှူးများ စစ်အာဏာသိမ်းပြီးနောက်ပြီး ဆက်လက်၍ တကြိတ်တည်း၊ တဉာဏ်တည်းတွဲ၍ လုပ်ခဲ့ခြင်း ရှိ မရှိ ဒေါက်တာ မောင်မောင် ဝန်မခံဘဲ ကွေ့ဝိုက်ငြင်းဆိုနေမှုများကို ဒေါက်တာ မောင်မောင်၏ဇနီး ဒေါ်ခင်မြင့် ကိုယ်တိုင်သည်ပင်လျှင် သတိထားမိပုံ မရခဲ့ပါ။

ထို့ကြောင့် ဒေါ်ခင်မြင့်၏ မြန်မာလိုရေးထားသော အမှာစာ၌ “ဤစေတနာအမှန်ဖြင့် ကျေးဇူးတရားကို မြော်မြင်ပြီး တခေတ်တခါက တပါတီစနစ်ကို အပြီးသတ်စေဖို့ မလွှဲမရှောင်သာ၊ မငြင်းပယ်သာဖြင့် တိုင်းပြည်၏မျက်နှာကို ငဲ့ညှာပြီး တိုတောင်းသော ထိုကာလအတွင်းမှာပင် ပြည်သူတွေအား (ငါးကြိမ်) တိုင်တိုင် တောင်းပန်ဝန်ချပြီး လွှတ်တော်ကြီးကို ဖျက်သိမ်းပေးခဲ့ပါသည်။ ထို့ပြင် နိုင်ငံ့တာဝန်ကို လွှဲပြောင်းရယူခဲ့သည့် တပ်မတော် အစိုးရအတွက်လည်း စေတနာအမှန်၊ မေတ္တာအမှန်ဖြင့် တလကြာမျှ ကူညီလုပ်အားပေးကာ လက်စသတ် အနားယူခဲ့ပါသည်။ ဤစကားသည် အမှန်ပင် ဖြစ်ပါတော့သည်” ဟု မြန်မာဘာသာပြန် ဖတ်ဖူးသူ မြန်မာနိုင်ငံသားများက သိရှိခဲ့ရပြီးဖြစ်ပါသည်။

အလားတူ တပ်မတော် ထောက်ရေးမှူးချုပ်ဟောင်း ဗိုလ်ခင်ညွန့်ကိုယ်တိုင် “ဦးခင်ညွန့်နှင့် အင်တာဗျူး” စာအုပ်ပါ “အင်တာနက် စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေသော ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်မိန့်ခွန်း” တွင် ပြောကြားချက်များအရ စစ်အာဏာ သိမ်းရန်အတွက် ဗိုလ်ခင်ညွန့်နှင့် ဗိုလ်စောမောင်တို့ ၁၇.၉.၈၈ ညက ဦးနေဝင်းထံ တိုင်းပြည် အခြေအနေအရ စစ်အာဏာသိမ်းသင့်ကြောင်း သွားရောက်တင်ပြပုံ၊ ၁၈.၉.၈၈ နေ့ နံနက်ပိုင်းတွင် ဦးနေဝင်း ညွှန်ကြားချက်အရ ဗိုလ်ချုပ် အေးကိုနှင့် ဗိုလ်ချုပ် ကျော်ထင်တို့ထံ ဗိုလ်ခင်ညွန့်၊ ဗိုလ်စောမောင်တို့ထံ ထပ်မံ၍ သွားရောက် တင်ပြရာတွင် လူကြီးများက အဆင့်ကျော်၍ ဦးနေဝင်းထံ တင်ပြပြီးမှ ၎င်းတို့အား နောက်မှ လာရောက်တင်ပြသည်ကို ကျေနပ်မှုမရှိပုံ၊ ထို့နောက် ဦးနေဝင်းထံ လာရောက်ရန် အမိန့်ပေးသဖြင့် သမ္မတ ဒေါက်တာ မောင်မောင်၊ ဝန်ကြီးချုပ် သူရဦးထွန်းတင်၊ ဒုဝန်ကြီးချုပ် နှစ်ယောက်ဖြစ်သော ဗိုလ်ချုပ် သန်းတင်နှင့် ဦးရဲခေါင်၊ ပါတီ အထွေထွေအတွင်းရေးမှူး ဦးအေးကိုတို့နှင့်အတူ ဗိုလ်စောမောင်၊ ဗိုလ်ခင်ညွန့်တို့ ၈ ယောက်နှင့် ဦးနေဝင်းတို့ အခြေအနေအရပ်ရပ် ဆွေးနွေးကြပြီး နောက်ဆုံး၌ ဗိုလ်စောမောင်အား စစ်အာဏာသိမ်းရန် ဦးနေဝင်းက အဆုံးအဖြတ်ပေးမှုကို အားလုံးက လိုက်နာရပုံ ဇာတ်လမ်းစုံကို မြန်မာစာဖတ်တတ်သော မြန်မာလူထုက အသေးစိတ် ဂဃဏန သိရှိခွင့် ရခဲ့ပြီးဖြစ်သည်။

၁၇/၁၈.၉.၈၈ နေ့ ဗိုလ်ခင်ညွန့်၊ ဗိုလ်စောမောင်တို့၏ လုပ်ရပ်ဖြစ်စဉ်များကို လေ့လာလျှင် မြန်မာနိုင်ငံ၏ မဆလအစိုးရ နောက်ဆုံးသမ္မတနှင့် ပါတီဥက္ကဋ္ဌဆိုသူ ဒေါက်တာ မောင်မောင်သည် စစ်အုပ်စုဝင်များက အလေးထား ဆက်ဆံခံရသူ မဟုတ်ဘဲ ဦးနေဝင်းက စစ်တပ်အား အာဏာလွှဲပေးလိုက်လျှင် အာဏာလွှဲပေးခဲ့ရသူ ရုပ်သေးရုပ်ပါတီဥက္ကဋ္ဌနှင့် အမည်ခံ သမ္မတသာဖြစ်ကြောင်း၊ ပညာရှိ မြန်မာနိုင်ငံသား အားလုံးက သိရှိလက်ခံထားပြီး ဖြစ်ပါသည်။ ယေးလ်တက္ကသိုလ်မှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော The 1988 Uprising in Burma ကိုသာ ၁၉၉၉ ခုနှစ်က ဖတ်ရှုခွင့်ရခဲ့သူ ကမ္ဘာတဝှမ်းက အင်္ဂလိပ်စာတတ် နိုင်ငံခြားသားများ အနေဖြင့်မူ မြန်မာနိုင်ငံ၏ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံသည် လက်နက်မဲ့၊ ခေါင်းဆောင်မဲ့ ပြည်သူများက လက်နက်ကိုင် တပ်အခိုင်အမာရှိသည့် အာဏာရှင်အားပြုတ်ကျအောင် ကမ္ဘာ့သမိုင်းတွင် မပေါ်ပေါက်ဖူးသော တိုက်ပွဲပုံစံသစ် (တနည်းအားဖြင့်) ၂၁ ရာစု အကြိုသတင်းနှင့် နည်းပညာကို အခြေခံပြည်သူများက အသုံးချ၍ အာဏာရှင်စနစ်အား စိန်ခေါ်သည့်တိုက်ပွဲဖြစ်ကြောင်း ထူးထူးခြားခြား သိနားလည်ခွင့်ကို ဆုံးရှုံးသွားစေခဲ့ပါသည်။

တခြားတဖက်တွင် ရိုးသားသော မြန်မာပြည်သူများ၏ လက်နက်မဲ့ တော်လှန်ရေးဖြင့် ဒီမိုကရေစီ တောင်းဆိုမှုအား မဆလဂိုဏ်း အကွက်ဖော် ဖန်တီးသည့် တိုင်းဆူပြည်ဖျက်များ၏ လုပ်ရပ်ဟုသာ ကမ္ဘာက ထင်မြင်စေရန် ဒေါက်တာ မောင်မောင်၏ The 1988 Uprising in Burma စာအုပ်က နိုင်ငံတကာ ပြည်သူများအား လှည့်စားနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အရှိတရားအမှန်ကို ဖုံးကွယ်ရာရောက်သည့် သမိုင်းအတုအယောင်တခုကို မိမိတက္ကသိုလ်တွင် ဧည့်ကထိက တာဝန်ယူခဲ့ဖူးသူတဦးက ရေးသည်ဟူသော သံယောဇဉ်ဖြင့် ကမ္ဘာသို့ ဖြန့်ချိပေးခဲ့သည့် ယေးလ်တက္ကသိုလ်သည်သာ ယင်းလုပ်ရပ်အတွက် တာဝန်ယူရမည်ဖြစ်သည်။

၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးတော်ပုံနှင့် သက်ဆိုင်သော သမိုင်းကျမ်းစာအုပ်ကို ယေးလ်တက္ကသိုလ်မှ ပညာရှင်များက ပြန်လည်၍ စေ့စပ်သေချာစွာပြုစုပြီး ကမ္ဘာသိ ပုံနှိပ်ဖြန့်ချိမှု ပြုလုပ်ပေးမှသာ ယေးလ်တက္ကသိုလ်သည် မိမိတွင်တင်ရှိနေသော သမိုင်းကြွေး ကြေမည်ဖြစ်ပါသည်။

(စာရေးသူသည် ရှေ့နေတဦးဖြစ်ပြီး ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့် ဆက်သွယ်၍ သတင်းများကို ပေးပို့ခဲ့သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံးအကြိမ် ထောင်မှ ပြန်လွတ်လာသည်။)

Your Thoughts …
နေမင်း

နေမင်း

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ဒေါက်တာ ညိုညိုသင်း တသီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲ ဝင်မည်

ဒေါက်တာ ညိုညိုသင်း တသီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲ ဝင်မည်

ရခိုင်ပြည်နယ်, ရေဘေး

ရခိုင်ရေဘေး ပြန်လည် ထူထောင်ရေး အမြန်ဆုံး စတင်နိုင်ရန် လို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

7 days ago
3.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate