ရခိုင်ပြည်နယ်တဝန်း ဖြစ်ပွားခဲ့သည့် ရေလွှမ်းမိုးမှုများကြောင့် လူ ၅၆ ဦး သေဆုံးခဲ့ရပြီး စပါးစိုက်ပျိုးမြေ ဧက သိန်းချီ၍ ပျက်စီးသွားသည့်အပြင် ကျွဲ၊ နွား စသည့် တိရိစ္ဆာန်များလည်း ထောင်ပေါင်းများစွာ သေဆုံးခဲ့ရသောကြောင့် ရခိုင်ရေဘေး ပြန်လည် ထူထောင်ရေး အမြန်ဆုံး စတင်နိုင်ရေး လိုအပ်နေပြီ ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တောနှင့် ပုဏ္ဏားကျွန်း မြို့နယ်များသည် ရေဘေးဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် မြို့နယ်များ ဖြစ်ပြီး ယင်းမြို့နယ်များအနက် မြို့နယ် ၅ ခုကို သဘာ၀ ဘေးအန္တရာယ် ကျရောက်သည့် နယ်မြေအဖြစ် ရခိုင် ပြည်နယ် အစိုးရအဖွဲ့က သတ်မှတ်ထားသည်။
ထိုမြို့နယ်များတွင် လူနေအိမ်ခြေ ၁ သောင်းကျော် ပျက်စီးခဲ့ရပြီး လူဦးရေ ၈ သောင်းကျော်၊ စာသင် ကျောင်းပေါင်း ၃၀၀ ကျော်၊ ဘုန်းတော်ကြီးကျောင်း ၁၅၀ ဝန်းကျင်နှင့် တခြား အခြေခံ အဆောက်အအုံ စုစုပေါင်း ၁ သောင်းကျော် ပျက်စီးသွားခဲ့သည့်အပြင် နိုင်ငံတဝန်း ရေလွှမ်းမိုးမှု ဒေသများအနက် ရခိုင်ပြည်နယ်သည် လူသေမှု အများဆုံးနှင့် ထိခိုက်ပျက်စီးမှု အများဆုံးဒေသလည်း ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် လယ်မြေဧက ၃ သန်းကျော် ရေလွှမ်းမိုးခြင်း ခံခဲ့ရပြီး ယင်းလယ်မြေများအနက် စပါး စိုက်ခင်း ဧက ၂ သိန်းကျော် လုံး၀ ပျက်စီးသွားခဲ့ကြောင်း၊ ကျွဲ၊ နွား ကောင်ရေ ၅၀၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး လမ်း၊ တံတားများ၊ လျှပ်စစ် ဓာတ်အားလိုင်းများ၊ တယ်လီဖုန်းလိုင်းများ၊ ငါးမွေးကန်များ၊ ငါးဖမ်းကိရိယာစသည့် အခြေခံ စီးပွားရေး လုပ်ငန်းများ အားလုံးနီးပါး ပျက်စီးသွားသဖြင့် စုစုပေါင်း ဆုံးရှုံးမှု တန်ဖိုး ကျပ်ငွေ ၃၅ ဘီလီယံ ဝန်းကျင်ဟု ခန့်မှန်းထားကြောင်း ပြည်နယ် အစိုးရက ထုတ်ပြန်သည်။
ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့ပေးနေသည့် လူမှုအဖွဲ့များ၊ ဒေသခံ နိုင်ငံရေး ပါတီများက ပြည်နယ်အစိုးရ အနေဖြင့် အရေး ပေါ်ကူညီမှု နှေးကွေးခဲ့သည့်အပြင် ပြန်လည် ထူထောင်ရေး အစီအမံများကိုလည်း စတင်မှု မရှိသေးကြောင်း၊ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏကြီးမား၍ ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာ အကူအညီများကိုပါ ရယူ၍ အမြန်ဆုံး စတင်ရန် လိုအပ်နေကြောင်း ဧရာဝတီသို့ ပြောဆိုကြသည်။
ရခိုင်ပြည်နယ်အတွင်း အခြေစိုက်ထားသည့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် ရခိုင်ရေဘေး ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၌ ပါဝင် ကူညီပေးရန် ရခိုင် အမျိုးသားပါတီ (ANP) က တွေ့ဆုံ ဆွေးနွေးရာ ၎င်းတို့ အနေဖြင့် အစိုးရ၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်နိုင်မည်ဟု ပြန်လည် ရှင်းပြခဲ့ကြောင်း ANP ပါတီ ဒု ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ဧရာဝတီသို့ ပြောသည်။
ရခိုင်ရေဘေး ပြန်လည် ထူထောင်ရေးအတွက် မည်သည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်မဆို ပူးပေါင်း ဆောင်ရွက်ရန် အဆင်သင့် ရှိသည်ဟုလည်း ANP တာဝန်ရှိသူများက ပြောသည်။
ရခိုင် ရေဘေးသင့် ဒေသများ၏ ပြန်လည် ထူထောင်ရေး လုပ်ငန်းများသည် သုည အဆင့်မှ ပြန်လည် စတင်ရမည် ဖြစ်၍ အစိုးရ အနေဖြင့် ပထမ ဦးစားပေး၊ ဒုတိယ၊ တတိယ စသည်ဖြင့် အဆင့်ဆင့် ဆောင်ရွက်ရန် လိုအပ်သည်။ ပြန်လည် ထူထောင်ရေးအတွက် ပထမ ဦးစားပေးဆောင်ရွက်ရန်မှာ မျိုးစပါး၊ ကျွဲ၊ နွားများနှင့် လယ်ထွန်စက်များ အရေးတကြီး လိုအပ်နေသည်။
ထို့အတူ ရေးဘေးသင့် ဒေသများ၌ ရေတွင်း၊ ရေကန်များ အားလုံး ရေဖုံးလွှမ်းသွားခြင်းကြောင့် သောက်သုံးရေနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ဝမ်းရောဂါများအတွက် ကာကွယ်ဆေး၊ ရေသန့် ပစ္စည်းများ အရေးပေါ် လိုအပ်နေသည်။
ရေဘေးသင့်ခံ ပြည်သူများအတွက် ၎င်းတို့၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်နှင့် ပြန်လည် အခြေချ ရပ်တည်နိုင်ရေး အတွက်လည်း စားနပ်ရိက္ခာ ၃ လစာခန့် ထောက်ပံ့ပေးထားရန် လိုအပ်သည်။
ရေဘေးသင့် ဒေသများသို့ ကိုယ်တိုင်သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသူ (ANP) ပါတီ ဒု ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက “ပြန်လည်ထူထောင်ရေး အတွက် အဓိက လိုအပ်နေတာက မျိုးစပါး ဖြစ်နေတယ်။ စပါး စိုက်ပျိုးဖို့ အချိန် သိပ်မကျန်တော့တာကြောင့် မျိုးစပါး အချိန်မီ မရရင် စပါးခင်းတွေ ပြန်စိုက် နိုင်တော့မှာ မဟုတ်ဘူး” ဟု ဆိုသည်။
မြို့နယ်အများစု၌ ရေမကြီးခင်ကပင် စပါးစိုက်ပျိုး ပြီးစီးသွားကြပြီ ဖြစ်ကြောင်း၊ လက်ရှိ ပျက်စီးသွားသည့် လယ်မြေများ၌ စပါးစိုက်ခင်း အများအပြား ပါဝင်ကြောင်း၊ ရခိုင်ပြည်တဝန်း၌ ဇွန်လတွင် ရေတကြိမ်လွှမ်းခဲ့ပြီး၊ ယခု ဒုတိယ အကြိမ် ထပ်မံ ဖြစ်ပွားသည့်အတွက် စပါးစိုက်ခင်း ဧက စုစုပေါင်း ၅ သိန်း ဝန်းကျင် ဆုံးရှုံးမည်ဟု ခန့်မှန်းထားကြောင်း ဦးခိုင်ပြည်စိုးက ပြောသည်။
ဦးခိုင်ပြည်စိုးက “အစိုးရအနေနဲ့ မျိုးစပါးကို အမြန်ဆုံး ဖြန့်ပေးပြီးတော့ ဒေသနဲ့ ကိုက်ညီတဲ့ ထွန်စက်တွေကိုပါ ကူညီဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လယ်သမားတွေရဲ့ ကျွဲတွေ၊ နွားတွေ အားလုံးနီးပါး သေဆုံးကုန်ကြပါပြီ” ဟု ဆိုသည်။
ဆန်စပါး စိုက်ပျိုးရေး ပညာရှင် တဦးဖြစ်သူ ဒေါက်တာ ထွန်းဝင်းက ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတဝန်း၌ ရေမြှုပ်သွားသည့် လယ်မြေများအတွက် စပါးမျိုးစေ့ ဖြန့်ဖြူးပေးနိုင်ရန် မျိုးစေ့ လုံလောက်မှု မရှိနိုင်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ မျိုးစေ့ သိုလှောင် ဖြန့်ဖြူးရေးဌာန မရှိတော့သည့်အတွက် မျိုးစပါးများ အလွယ်တကူ မရနိုင်ဟု ယူဆကြောင်း ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ ထွန်းဝင်းက “မျိုးစေ့ဌာနကြီး တခုလုံးကို ဖျက်ပစ်လိုက်တော့ အခုလိုမျိုး အရေးကြုံလာရင် မျိုးစပါးက ရှားသွားပြီ။ မျိုးစေ့ဌာန ရှိတုန်းကတော့ မျိုးစေ့ပေါင်းစုံကို သိုလှောင်ထားတယ်၊ အခုလိုမျိုး ဒေသတခုခုမှာ အရေးပေါ် လိုအပ်လာရင် ချက်ချင်း ထောက်ပံ့ပေးနိုင်တာပေါ့” ဟု ဆိုသည်။
မျိုးစေ့များ လိုအပ်ပါ ထောက်ပံ့ပေးနိုင်ရန် မျိုးစေ့စိုက်ပျိုးရေးခြံ ၃၂ ခု ရှိသော်လည်း တနိုင်ငံလုံး အတိုင်းအတာဖြင့် လုံလောက်မှု မရှိနိုင်ကြောင်း၊ ယင်းမျိုးစပါးများသည်လည်း နေရာတိုင်းတွင် စိုက်ပျိုးမရနိုင်သည့် ဆင်းရွှေလီကဲ့သို့ မျိုးစပါးများသာဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံတဝန်း ရေလွှမ်းမိုးမှုများကြောင့် လာမည့်နှစ်တွင် ဆန်ရှားပါးမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်းလည်း စိုက်ပျိုးရေး ပညာရှင်များက ခန့်မှန်း သုံးသပ်ထားကြသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက စပါးမျိုးစေ့များ အဆင်သင့် ရှိနေကြောင်း၊ ရခိုင်ပြည်နယ်၌ တရာသီ စိုက်ပျိုးထားသည့် စပါးအထွက်နှုန်းသည် ရခိုင်ပြည်အတွက် ၃ နှစ်အထိ ဖူလုံမှုရှိ၍ မျိုးစပါးနှင့် ဆန်ရှားပါးမှု မရှိဟု ဆိုသည်။
၎င်းက “ရခိုင်ပြည်နယ်ထဲက ရေမမြုပ်တဲ့မြို့နယ်တွေမှာ မျိုးစပါးတွေ ရှိပါတယ်၊ အဲဒီမျိုးစေ့တွေကို ဖြန့်ဖြူး ပေးသွားမှာပါ၊ ထွန်စက်တွေလည်း ထောက်ပံ့ပေးသွားဖို့ ရှိပါတယ်၊ နိုင်ငံတကာရဲ့ အကူအညီကိုလည်း ရယူသွားမှာပါ” ဟု ဆိုသည်။
ရခိုင် ဒေသခံတို့၏ အခြေခံ စီးပွားရေး၊ အခြေခံ အဆောက်အအုံများ အားလုံးနီးပါး ပျက်စီး ဆုံးရှုံးသွားခြင်းကြောင့် ၎င်းတို့၏ အခြေခံဘဝများ ပြန်လည် ရပ်တည်နိုင်ရေးအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံး တည်ဆောက်ပေးစေလိုကြောင်း ဒေသခံများက ဧရာဝတီကို ပြောကြသည်။
မြောက်ဦးဒေသခံ လယ်သမားတဦး ဖြစ်သူ ဦးသန်းရွှေက ၎င်းပိုင်ဆိုင်သည့် စပါးခင်း ၃ ဧကကျော်နှင့် နွားများ၊ နေအိမ် စသည်တို့ ပျက်စီး ဆုံးရှုံးသွားကြောင်း၊ ၎င်း၏ ဇနီး၊ ကလေး နှစ်ဦးတို့နှင့်အတူ အဝတ်တထည် ကိုယ်တခုဖြင့် ထွက်ပြေး၍ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြကြောင်း၊ ၎င်းတို့ မိသားစုကဲ့သို့ပင် ဘဝတူ အိမ်ထောင်စု အများအပြား ရှိနေကြာင်း ဧရာဝတီကို ရှင်းပြသည်။
ရေဘေးသင့် ဒေသများမှ ကျေးရွာခံများသည် ဘေးလွတ်ရာသို့ စက်လှေများဖြင့် ထွက်ပြေးရင်း လှေမှောက် သေဆုံးသူများလည်း ရှိခဲ့သည်။ ထိုသို့ ထွက်ပြေးရင်း အသက်မသေဘဲ ကျန်ရစ်သူ မိသားစုဝင်များ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက် ခံစားရမှုများ ရှိကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ စိုးရိမ်ထိန့်လန့်မှု စိတ်ဒဏ်ရာများကို အချိန်ယူ ကုစားပေးရန် လိုအပ်မည်ဖြစ်ကြောင်း ကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။
ရခိုင်ပြည်တွင်း၌ ဇွန်၊ ဇူလိုင်များအတွင်း ရေကြီး၊ ရေဖုံးလွှမ်းမှုများကြောင့် ပုဂ္ဂလိက ပုစွန် မွေးမြူရေးကန် ဧက ၁ သောင်းကျော်နှင့် ငါးမွေးကန် ဧက အများအပြားလည်း ပျက်စီးသွားခဲ့သည်။ ထို့အတူ တနိုင်တပိုင် ငါးဖမ်းသမားများ၏ ငါးဖမ်း ပစ္စည်း ကိရိယာများလည်း မရှိကြတော့ကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဦးတင်မောင်ဆွေက “ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို တလအတွင်း ဆောင်ရွက်သွားမှာပါ” ဟု ဧရာဝတီသို့ ပြောဆိုသွားခဲ့သည်။