မွန်ပြည်နယ် ဘီလင်းမြို့နယ် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး (တစည) ပါတီရုံးသို့ ရေဘေး လာရောက် ခိုလှုံသူ ၂၀ ခန့်ကို ပါတီဝင်ကတ် ထုတ်ပေးလိုက်ကြောင်း ယင်းပါတီ ရုံးအဖွဲ့မှူး ဦးစိုးတင့်က ပြောသည်။
ဇူလိုင် ၂၈ ရက်က မွန်ပြည်နယ် ဘီလင်းမြို့နယ်ရှိ ရပ်ကွက် ၅ ခုတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်သူများမှာ နီးစပ်ရာ နေရာများသို့ ဝင်ရောက်ခိုလှုံခဲ့ရကြောင်း၊ ကန်သာယာ ရပ်ကွက်နှင့်နီးသည့် တစည ပါတီရုံး အတွင်းသို့ လာရောက် ခိုလှုံခဲ့သူ အိမ်ထောင်စု ၂၄ အုပ်စုရှိပြီး လူဦးရေ ၁၂၂ ဦး ရှိကြောင်း သိရသည်။
တစညပါတီ ရုံးအဖွဲ့မှူး ဦးစိုတင့်က “ထုတ်ပေးထားတာ လူဦးရေ ၂၀ နီးပါးလောက် ရှိမယ်။ သြဂုတ်လ ၃ ရက်က ပါတီဝင်ကတ်တွေကို ကျနော်တို့ ထုတ်ပေးတာ ဖြစ်ပါတယ်။ ပြီးတော့ ကတ်က သူတို့ ဆန္ဒအရ လုပ်တာပါ။ အတင်းအကျပ် ကျနော်တို့ ပါတီထဲ ဝင်ပါလို့ မပြောပါဘူး။ သူတို့က ကျေးဇူး တုံ့ပြန်ချင်ပါ တယ်တဲ့” ဟု ပြောသည်။
ကန်သာယာ ရပ်ကွက်မှ ပါတီရုံးအတွင်းသို့ ရေဘေး လာရောက်ခိုလှုံသည့် အမျိုးသမီးတဦးက ၎င်းအနေဖြင့် နေအိမ် နစ်မြုပ်သည့်အတွက် နီးစပ်ရာ ပါတီရုံးအတွင်းသို့ လာရောက်ခိုလှုံခဲ့ပြီး တပတ်အကြာတွင် ပါတီဝင်ကတ် ရရှိခဲ့သည်ဟု ဧရာဝတီသို့ ပြောသည်။
ယင်းအမျိုးသမီးက “ကျမတို့ ရောက်လာပြီး တပတ်အကြာမှာ ကတ်တခု ထုတ်ပေးပါတယ်။ ဘာကတ်လဲတော့ သေချာ မသိပါဘူး” ဟု ပြောသည်။
သို့သော် မွန်ပြည်နယ် တစည ပါတီ ဥက္ကဋ္ဌ ဦဘရှိန်က ၎င်းအနေဖြင့် ပါတီအတွင်းသို့ ရေဘေးသင့်သူများ လာရောက် ခိုလှုံသည့်ကိစ္စကိုသာ သိရှိခဲ့ပြီး ပါတီဝင်ကတ် ထုတ်ပေးသည့်ကိစ္စကိုမူ မသိရှိသလို ပြည်နယ်အဆင့် အနေဖြင့် ညွှန်ကြားခဲ့ခြင်း မရှိကြောင်း ပြောဆိုသည်။
ဦးဘရှိန်က “ပါတီဝင်ကတ် ထုတ်ပေးတဲ့ကိစ္စကို ကျနော်တို့ ပြည်နယ်အဆင့်က ညွှန်ကြားတာ မရှိပါဘူး။ သိလည်း မသိခဲ့ပါဘူး” ဟု ဆိုသည်။
ဘီလင်းမြို့နယ် အရပ်ဘက် လူမှုအဖွဲ့အစည်းတခုမှ ဒေါ်အေးအေးမာက ရေဘေးသင့်သူများ ရှောင်တိမ်းနေရသည့် အခြေအနေတွင် ပါတီဝင်ကတ် ထုတ်ပေးခြင်းမှာ တခြားကျန်သော ပါတီများအပေါ် တရားမျှတခြင်း မရှိသလို ဥပဒေအရလည်း မလုပ်သင့်ကြောင်း ပြောဆိုသည်။
ဘီလင်းမြို့နယ်အတွင်း တစည ပါတီဝင် ၆ ထောင်ခန့် ရှိသည်ဟုသိရပြီး ပါတီဝင်ကတ် ရရှိပြီးသူ ၂၃၀၀ ရှိသည်ဟု ဆိုသည်။