အတိုက်အခံ အင်အားကြီး ပါတီတခု ဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ကိုယ်စားလှယ်လောင်း စာရင်းမှ ချန်လှပ်ခံခဲ့ရသူ ဒေါက်တာ ညိုညိုသင်းသည် ၂၀၁၅ ရွေးကောက်ပွဲသို့ တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဗဟန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်အတွက် တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သော်လည်း တနိုင်ငံလုံးတွင် NLD ပါတီ အောင်နိုင်ရေးအတွက် သူ၏ နိုင်ငံရေးပုံရိပ်ကို အစွမ်းကုန် အသုံးပြု၍ ဆောင်ရွက်ပေးသွားမည်ဟု ဒေါက်တာ ညိုညိုသင်းက သြဂုတ်လ ၇ ရက် နေ့တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုလိုက်သည်။
ဒေါက်တာ ညိုညိုသင်းက “တော်တော်ကို ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတဲ့ ဆုံးဖြတ်ချက်တခုပါ။ ကျမရဲ့ မဲဆန္ဒနယ် မှာတော့ ကျမသည် NLD ရွေးချယ်ပေးသော ကိုယ်စားလှယ်လောင်းကို ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
NLD ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ် မခံရသည့်အခါ ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ထံသို့ သြဂုတ် ၃ ရက်က စာပို့ မေးမြန်းခဲ့သော်လည်း အကြောင်းပြန်စာ မရရှိသေးကြောင်း၊ ပါတီနှင့် ဖြစ်ခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဖြေကြားတော့မည် မဟုတ်ကြောင်း၊ NLD အနေဖြင့် သူမအား ပြန်လည် ကမ်းလှမ်းပါကလည်း လက်ခံတော့မည် မဟုတ်ဘဲ မည်သည့်ပါတီကိုမှ ကိုယ်စားပြု ဝင်ရောက်မည် မဟုတ်ကြောင်း ဒေါက်တာ ညိုညိုသင်းက ပြောသည်။
ထုတ်ပြန်လိုက်ပြီးဖြစ်သည့် NLD အမတ်လောင်းစာရင်း ပြန်လည် ပြင်ဆင်ရန် အနည်းငယ်သာရှိပြီး အထူးသဖြင့် ဝင်မပြိုင်ချင်တော့သည့်သူများ နေရာတွင် အစားထိုးရန်လောက်သာ ပြင်ဆင်ရန်ရှိတော့ကြောင်း NLD ပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မီဒီယာများကို ထုတ်ဖော် ပြောဆိုထားသည်။
NLD ၏ ကိုယ်စားလှယ်စာရင်းမှ ချန်လှပ်ခံရခြင်းနှင့် ပတ်သက်၍ ဒေါက်တာ ညိုညိုသင်းက သူနှင့် NLD တို့ကြားက ပြဿနာ မဟုတ်ဘဲ ၎င်းကို မနှစ်သက်သည့် NLD ခေါင်းဆောင် နှစ်ဦး၊ သုံးဦးနှင့်သာ ပြဿနာရှိကြောင်း ပြောဆိုသည်။
ဒေါက်တာ ညိုညိုသင်းက “ကျမတို့တွေဟာ အချင်းချင်း သဘောထား ကွဲလွဲခွင့် ရှိပါတယ်။ အဲဒီတော့ ကျမနဲ့ NLD ပြဿနာ မဟုတ်ဘဲနဲ့ သဘောထား ကွဲလွဲသော NLD ခေါင်းဆောင် နှစ်ဦး၊ သုံးဦး ပြဿနာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
ဒေါက်တာ ညိုညိုသင်းသည် NLD ပါတီဝင် မိတ်ဆွေများ၏ ဖိတ်ခေါ်တိုက်တွန်းချက်ကို လေးစား၍ NLD ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်ပွဲဝင်ရန် စဉ်းစားခဲ့ခြင်း ဖြစ်ကြောင်း သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားခဲ့သည်။
NLD ကိုယ်စားလှယ်လောင်း စာရင်းကို သြဂုတ် ၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ကိုယ်စားလှယ်လောင်း စာရင်းတွင် နာမည်ကျော် နိုင်ငံရေးသမားများ မပါဝင်ခဲ့မှုအပေါ် ဝေဖန်ကန့့်ကွက်မှုများ ရှိခဲ့ပြီး NLD မြို့နယ် ရုံးခွဲတချို့ကလည်း ကိုယ်စားလှယ်လောင်း ရွေးချယ်သည့်အပေါ် မကျေနပ်၍ ကန့်ကွက်စာများ၊ နုတ်ထွက်စာများ တင်ထားကြောင်း ပါတီဝင် တချို့က ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ ညိုညိုသင်းကဲ့သို့ ပြည်သူဘက်မှ ရပ်တည်သူတဦး လွှတ်တော်ထဲတွင် ရှိသင့်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှ ဦးကြီးမြင့်က ပြောသည်။
ဦးကြီးမြင့်က “သူ့ရဲ့လုပ်ရပ်တွေ ဆောင်ရွက်ချက်တွေကို မီဒီယာကနေ မျက်ခြေမပြတ် အမြဲ စောင့်ကြည့်နေခဲ့တယ်။ ပြည်သူလူထုရောပဲ။ သူ့ရဲ့လုပ်ရပ်တွေ၊ စေတနာ ထားရှိတဲ့အပေါ်မှာ လေးစားတယ်” ဟု ပြောသည်။
ဒေါက်တာ ညိုညိုသင်းသည် ၂၀၁၀ ရွေးကောက်ပွဲသို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရခဲ့သူ တဦးဖြစ်ပြီး လက်ရှိအချိန်တွင် တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရပ်တည် ဆောင်ရွက်လျက်ရှိသည်။
ဒေါက်တာ ညိုညိုသင်းသည် ဂျပန်နိုင်ငံမှ ဥပဒေဒေါက်တာဘွဲ့ ရရှိခဲ့သူတဦး ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အများပြည်သူနှင့် သက်ဆိုင်သည့် အရေးအရာ ကိစ္စများတွင် လူထုဘက်မှ ရပ်တည် ဆောင်ရွက်ခဲ့သဖြင့် လူသိများ ထင်ရှားလာသူတဦး ဖြစ်သည်။