အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) တွင် တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင် လက်မှတ်ထိုးရေးမှာ ညှိနှိုင်း၍ မရသေးကြောင်း သတင်း ရရှိသည်။
ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သော NCA စာချုပ် အပြီးသတ် နိုင်ရေးအတွက် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တိုင်းရင်းသားများ၏ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့အနက် ၁၅ ဖွဲ့နှင့်သာ လက်မှတ်ရေးထိုးမည်ဆိုသည့် အခြေခံမူ အပေါ်တွင် ရပ်တည်နေသဖြင့် နှစ်ဘက် ညှိနှိုင်း၍ မရသေးကြောင်း သိရသည်။
NCA လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား အားလုံး ပါဝင်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန် မကြာမီ နေပြည်တော်၌ နှစ်ဖက် ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း SD ပြောရေးဆိုခွင့်ရှိသူ ပူဇင်ကျုံးက ဆွေးနွေးပွဲအပြီး မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
ပူဇင်ကျုံးက “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့အနေနဲ့ ကျနော်တို့ SD အဖွဲ့ဖြစ်တဲ့ ၁၇ ဖွဲ့ လုံးလုံး NCA မှာ ပါဝင်လက်မှတ်ရေး ထိုးမယ့်ကိစ္စနဲ့ ကျနော်တို့လာတာ ဖြစ်တယ်။ ကျနော်တို့ကတော့ အလျှော့အတင်း လုပ်ပြီးတော့ လက်မှတ်မထိုးပါဘူး။ ကျန်တဲ့ကိစ္စကတော့ ညှိနှိုင်း သဘောတူညီမှု ရပါပြီ” ဟု ဆိုသည်။
နေပြည်တော်တွင် သွားရောက်တွေ့ဆုံမည့် တိုင်းရင်းသား အဖွဲ့များမှာ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA)၊ မွန်ပြည်သစ်ပါတီ၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တို့ ဖြစ်ကြောင်းလည်း SD ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာက ပြောသည်။
နိုင်ဟံသာက “ဒီဆွေးနွေးပွဲက UPWC ကိုယ်စားလှယ်ကလည်း ဆုံးဖြတ်မပေးနိုင်ဘူး။ SD အနေနဲ့ ဆုံးဖြတ်မပေးနိုင်ဘူး။ ပြီးတော့ သက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင် အချင်းချင်း တွေ့ဆုံပြီးမှ နည်းလမ်း ရှာသွားမယ်။ အားလုံး ပါဝင်ဖို့က အစိုးရပေါ်မှာ မူတည်တယ်” ဟု ဆိုသည်။
လာမည့် ရွေးကောက်ပွဲ မတိုင်မီ NCA လက်မှတ်ရေးထိုးနိုင်ရန် UPWC ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်းက မျှော်လင့်ထားကြောင်း၊ နေပြည်တော်တွင် လုပ်မည့် ထိပ်သီးခေါင်းဆောင် တွေ့ဆုံပွဲတွင် တိုင်းရင်းသား အားလုံး ပါဝင် လက်မှတ်ရေးထိုးရေး ညှိနှိုင်းနိုင်မည်ဟု UPWC ပြောရေး ဆိုခွင့်ရှိသူ ဦးလှမောင်ရွှေက ပြောသည်။
အစိုးရက လက်မှတ်မထိုးဘဲ ချန်ခဲ့လိုသည့် အဖွဲ့ ၆ ခုမှာ ‘ဝ’ အမျိုးသား အဖွဲ့ချုပ်(WNO)၊ ရခိုင်အမျိုးသား ကောင်စီ (AN)၊ လားဟူ အမျိုးသား ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရက္ခိုင့်တပ်မတော်(AA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် ကိုးကန့် တပ်ဖွဲ့ (MNDAA) နှင့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ဖြစ်သည်ဟု သိရသည်။
အစိုးရက ချန်ထားခဲ့သည့် အဖွဲ့ ၆ မှာ NCCTနှင့် ရေရှည် လက်တွဲလာသည့် အဖွဲ့များ ဖြစ်သဖြင့် ထိုအဖွဲ့များကို ချန်ထားခဲ့မည် ဆိုပါက အကျိုးရှိသည်ထက် အကျိုးယုတ်နိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး မဟာမိတ် သုံးဖွဲ့ဖြစ်သည့် TNLA ၊ MNDAA ကိုးကန့်တပ်ဖွဲ့နှင့် AA တို့က အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန် သမ္မတ ဦးသိန်းစိန် အစိုးရကို တရားဝင် ကမ်းလှမ်းထားသည်။