သမိုင်းကို လေ့လာသူတိုင်း သိထားကြသော အချက်တချက်ရှိသည်။ ယင်းတို့အနက် တော်လှန်ရေး သို့မဟုတ် အရေးအခင်း ကိစ္စတခု ဖြစ်ပွားလာသည် ဆိုရာ၌ အခြေခံအကြောင်းရင်းများနှင့် လတ်တလော အကြောင်းအရင်းဟူ၍ ရှိသည် ဆိုခြင်းပင်။ ထင်ရှားသော သာဓကကိုပြရလျှင် ဒုတိယကမ္ဘာစစ် ဖြစ်ပွားရခြင်းကိုကြည့်လျှင် သိနိုင်သည်။ ဂျာမနီသည် ပထမကမ္ဘာစစ်တွင် စစ်ရှုံးသွားပြီး ဗာဆိုင်းစာချုပ်အရ အချုပ်အခြယ် အကန့်အသတ်များစွာဖြင့် နေရသည်။ ထို့ကြောင့် ဂျာမန်ပြည်သူများ မကျေနပ်ကြ။ ဤသည်မှာ အခြေခံအကြောင်းတရား များစွာထဲတွင် အကြီးမားဆုံးသော အချက်ဖြစ်သည်။ ထိုစဉ်မှာပင် အမျိုးသားရေးဝါဒကို ပိုင်နိုင်စွာ ဆုပ်ကိုင်ကာ၊ ဂျာမန်ပြည်သူများကို စည်းရုံးသိမ်းသွင်းနိုင်သူ အာဏာရှင် ဟစ်တလာက နာဇီပါတီ ထူထောင်လာသည်။ စစ်အင်အားချဲ့သည်။ ထို့နောက် နာဇီပါတီ ခေါင်းဆောင်သည် အိမ်နီးချင်း ပိုလန်ကို စတင်ကျူးကျော်ခြင်းဖြင့် လတ်တလောအကြောင်းကို ဖန်တီးလိုက်ရာ ဒုတိယကမ္ဘာစစ်မီး စတင် တောက်လောင်လေတော့သည်။
မြန်မာနိုင်ငံတွင်လည်း ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက် (၈ လေးလုံး) လှုပ်ရှားမှု ပေါ်ခဲ့သည်။ အခြေခံအကြောင်းရင်းကို ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်က ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းလိုက်သည်မှ စတင်လိုက်သည်ဟု ဆိုရမည်။ တော်လှန်ရေးကောင်စီ၊ ယင်းနောက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် တလျှောက်လုံးတွင် ဆိုရှယ်လစ်စနစ် အကောင်အထည် ဖော်သည်ဆိုကာ စီမံကိန်း စီးပွားရေးစနစ်ကို စတင်ခဲ့သည်။ အလုပ်သမား၊ လယ်သမားများအရေး ဦးစားပေးမည် ကြွေးကြော်ခဲ့သော်လည်း တကယ်တမ်းတွင် ဆင်းရဲတွင်း နက်သည်ထက်နက်လာကာ အထွေထွေ မကျေနပ်မှုများ ဖြစ်လာသည်။ ထိုကာလတွင် ပုဂ္ဂလိကလုပ်ငန်း မှန်သမျှ အစိုးရက ပြည်သူပိုင် သိမ်းခဲ့သောကြောင့် ဆယ်တန်းအောင်နှင့် ဘွဲ့ရ လူငယ်များမှာ အစိုးရရုံးဌာနများ၌ ဝန်ထမ်းဝင်လုပ်ဖို့ကလွဲလို့ တခြားအလုပ်အကိုင် ရှာဖွေဖို့မရှိ။
ဘွဲ့ရ အလုပ်လက်မဲ့ များသောကာလ ဖြစ်ခဲ့သည်။ ကံကောင်းထောက်မ၍ ကျနော်သည် ဘွဲ့ရရချင်း Qualified ဖြင့် အောင်မြင်၍ ရန်ကုန် လုပ်သားများကောလိပ်၊ သမိုင်းဌာနတွင် အချိန်ပိုင်း နည်းပြအလုပ်ရသည်။ လစာကတော့ ၂၀၀ ကျပ်။ ၁၉၇၆ ခုနှစ်တွင် အစိုးရက တက္ကသိုလ် စာပေးစာယူသင်တန်း (University Correspondence Department) ဖွင့်တော့ ၎င်းဌာနသို့ ပြောင်းခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ အခွန်မှူး အဆင့် ၂ ရာထူးဖြင့် ရောက်သွားသည်။ ဤရာထူးမှာ ပြောင်းရွှေ့ခံ ဝန်ထမ်းဘဝဖြစ်၍ မြန်မာပြည်အနှံ့ မြို့နယ်များသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရသည်။
မဆလခေတ်တွင် မြို့နယ်အသီးသီး၌ မြို့နယ် ပါတီယူနစ်နှင့် မြို့နယ် ပြည်သူ့ကောင်စီတို့ ရှိကြသည်။ ပါတီယူနစ်က အရာရာကို ဦးဆောင်လမ်းညွှန်၍ စီမံကိန်းများကို မြို့နယ် ပြည်သူ့ကောင်စီ (အလုပ်အမှုဆောင်အဖွဲ့) တို့က အစိုးရဝန်ထမ်းများ အကူအညီဖြင့် အကောင်အထည် ဖော်ရသည်။ သို့သော် ရောက်ရာမြို့နယ်တိုင်းတွင် ပါတီ၊ ကောင်စီ အဖွဲ့အစည်းနှစ်ရပ် သိပ်အစေးမကပ်ကြတာ များသည်။ ပြည်သူများကလည်း ပညာမတတ်သူတွေ၊ ပါတီယူနစ်နှင့် ပလဲနံပသင့်သူတွေ ပြည်သူ့ကောင်စီထဲ ရောက်ပြီး အာဏာပါဝါ ပြနေကြသည်ကို မကျေမချမ်း ဖြစ်ကြသည်။ အဆိုးဆုံးမှာ စပါးဝယ်ယူရေးအဖွဲ့များ ဖွဲ့စည်းပြီး လယ်သမားများထံမှ အပြင်ပေါက်ဈေးထက် များစွာလျော့နည်းသော သတ်မှတ်ဈေးဖြင့် စပါးများကို ပုတ်လှန်သည်အထိ ဝယ်ကြခြင်းဖြစ်သည်။ ဗဟိုဦးစီးစနစ်ဖြင့် ဆိုရှယ်လစ်စနစ် ထူထောင်နေသော အစိုးရလည်း တနှစ်ထက်တနှစ် ဝင်ငွေနည်းလာကာ ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံလိုက်ရချိန်တွင်ကား ဝန်ထမ်းများအပါအဝင် ပြည်သူတရပ်လုံး၏ မကျေနပ်မှုသည် ထိန်းသိမ်းမရတော့သည့် အဆင့်သို့ ရောက်လာခဲ့ပြီဖြစ်၏။
၁၉၈၇ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့တွင် ကျပ်ငွေ ၁၀၀ တန် ငွေစက္ကူများကို တရားမဝင်တော့ကြောင်း အစိုးရက ကြေညာလိုက်သောအခါ မြန်မာ့နိုင်ငံရေးက လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ ထိုစဉ်က ကျနော်သည် ရန်ကုန်မြို့တွင်မရှိ။ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်အတွင်းက အင်္ဂပူမြို့နယ်တွင် အခွန်ဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည်။ ငွေစက္ကူတွေ ခဏခဏ တရားမဝင်ကြောင်း ကြေညာနေသည့်အတွက် အခြေခံ လူတန်းစားတွေ ဒုက္ခ ရောက်ကြရတာလည်း မျက်မြင်ကိုယ်တွေ့။ နောက်တော့ အစိုးရက တရားမဝင် ငွေစက္ကူများ စိစစ်ပြန်အမ်းရေးအဖွဲ့ဆိုတာ ဖွဲ့လေသည်။ အဖွဲ့တွင် ကောင်စီအချိန်ပြည့်အဖွဲ့ဝင်က ဥက္ကဋ္ဌဖြစ်ပြီး အခွန်ဦးစီးမှူးက အတွင်းရေးမှူး ဖြစ်၏။ လုပ်ငန်းတာဝန်မှာ သိမ်းဆည်းထားသော ငွေများထဲမှ အခွန်ဖြတ်တောက်ပြီး ကျန်ငွေ ပြန်အမ်းပေးရန် ဖြစ်လေသည်။
မဆလ အစိုးရတွင် အခွန်ငွေ လျော့နည်းနေကြောင်း ထင်ရှားသည့် သာဓကဖြစ်သည်။ နယ်မြို့ကလေး ဖြစ်သည့်အတွက် ရန်ကုန်တွင် နိုင်ငံရေးအခြေအနေ မကောင်းကြောင်း ဘီဘီစီ ရေဒီယို သတင်းကိုသာ အားကိုးနားထောင်ရသည်။ ပါတီကောင်စီ လူကြီးတွေကို တွေ့တော့လည်း သူတို့မျက်နှာ သိပ်မကောင်း။ ရန်ကုန်ဂယက်သည် သူတို့ထံသို့လည်း ရောက်လာမည်ကို ကြိုတင် ခန့်မှန်းနေကြဟန် တူပါသည်။ တနေ့တော့ ကောင်စီဥက္ကဋ္ဌ (ဗိုလ်မှူးတဦး) က အခွန်မှူးကို သူ့ထံ အမြန်ဆုံး လာတွေ့ရန် ခေါ်၍ သွားခဲ့ပါသည်။ အစိုးရက စပါးနှင့် တခြားသီးနှံများကို ထင်သလောက် ဝယ်မရသောကြောင့် သီးနှံများကို အခွန်ငွေအစား ကောက်ခံရန် ညွှန်ကြားခြင်းဖြစ်သည်။ ဒီမှာတင် ကျနော်နှင့် ကုန်သွယ်/လယ်ယာ မန်နေဂျာတို့ အလုပ်ရှုပ်ကြပါတော့သည်။ ဒါပေမယ့် ထင်သလောက် အလုပ်မဖြစ်ခဲ့ပါ။ တောင်သူလယ်သမားများက ပြင်ပတွင် ဈေးကောင်းရနေသော သူတို့သီးနှံများကို အစိုးရ ဂိုဒေါင်များသို့ အခွန်အဖြစ် လာမသွင်းလိုကြပါ။
ရန်ကုန် နိုင်ငံရေးသတင်းများကလည်း တနေ့ထက်တနေ့ ဒီရေအလား မြင့်မားလာသည်။ ထိုအချိန်မှာပဲ ရှစ်လေးလုံး အရေးအခင်းကို ဖြစ်ပေါ်စေမည့် လတ်တလော အကြောင်းရင်းတရပ်ပေါ်လာကြောင်း ကြားရသည်။ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်တွင် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားတချို့နှင့် ကျောင်းနားက အရပ်သားတချို့ ခိုက်ရန်ဖြစ်ပွားတာကို လုံခြုံရေးတပ်က ဝင်ရှင်းရာက ကျောင်းသား ကိုဘုန်းမော် ကျဆုံးပြီး၊ ကိုစိုးနိုင်လည်း သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သတင်း ဖြစ်သည်။ မဆလ အစိုးရအတွက် နိုင်ငံရေး အကျပ်အတည်းများနှင့် ရင်ဆိုင်နေရပြီ ဆိုတာလည်း ပိုလို့ထင်ရှားလာပါသည်။
ပြည်ပ ရေဒီယို သတင်းဌာနများကလည်း ရန်ကုန်အပြင် နယ်လှုပ်ရှားမှုများကိုပါ အဆက်မပြတ် ထုတ်လွှင့်ပေးနေသဖြင့် နယ်မှ ကျနော့်လို ဝန်ထမ်းများ နိုင်ငံရေး လှုပ်ရှားမှုသတင်းများကို သိကြရသည်။ ထူးခြားချက်အဖြစ် ကျနော့်အိမ်တွင် သတင်း လာနားထောင်သူများထဲတွင် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများသာမက ပါတီယူနစ်နှင့် ပြည်သူ့ကောင်စီမှ လက်ရှိ တာဝန်ယူထားသူများပင် ပါဝင်နေသောကြောင့် ဖြစ်သည်။ တနေ့တော့ ကျနော်တို့မြို့ရှိ ဘူတာရုံသို့သွားသော လမ်းဆုံတနေရာတွင် သံဃာတော်တပါး သပိတ်မှောက်တရား ဟောနေကြောင်း သတင်းရ၍ သွားကြည့်ပါသည်။ သက်တော် ၂၅ နှစ်ခန့်ရှိ ယင်းသံဃာတော်က မဆလအစိုးရအား ရှုတ်ချကြောင်း၊ တနိုင်ငံလုံးတွင် ဆန္ဒပြ ကန့်ကွက်နေပြီ ဖြစ်ကြောင်း၊ ဒီမြို့ကလူတွေ ငြိမ်နေကြတာ ရှက်ဖို့ကောင်းကြောင်း ဒေါနှင့်မောနှင့် ပြောနေတာ ကြားရသည်။
ကျနော်တို့မြို့က ပြည်သူတွေလည်း ဒီတော့မှ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်မှာ တနိုင်ငံလုံး အတိုင်းအတာဖြင့် တပါတီအာဏာရှင် မဆလအစိုးရအား ဆန္ဒပြကြမည့်အကြောင်း ဘီဘီစီ၊ ဗီအိုအေတို့ကလည်း မပြတ်တမ်း အသံလွှင့် နှိုးဆော်နေတာ ကြားနေရပါသည်။ သို့ဖြင့် ၈-၈-၈၈ နေ့တွင် ဝန်ထမ်းများ၊ ပြည်သူများ၏ မြို့နယ်လုံးကျွတ် စီတန်းလမ်းလျှောက် ဆန္ဒပြပွဲကြီး ပေါ်ပေါက်လာသည်။ မဆလ ဆန့်ကျင်ရေး တရားပွဲတွေကိုလည်း ဟိုနားဒီနားမှာ တွေ့ရသည်။ နောက်နေ့မှာတော့ ကျနော်တို့ မြို့နယ်အကြီးအကဲ ဝန်ထမ်းတွေ ကုန်သွယ်/လယ်ယာရုံးတွင် စုဝေးမိကြပြီး ဝန်ထမ်းများသမဂ္ဂ ဖွဲ့သည်။ ဌာနအတော်စုံစုံ ပါဝင်သည်။
ရန်ကုန်တွင် ဆန္ဒပြမှုများ အရှိန်မြင့်လာကြောင်း၊ မသမာသူများ ဂိုဒေါင်တွေ ဖောက်နေကြကြောင်း၊ ကျောင်းသား သမဂ္ဂဥက္ကဋ္ဌအဖြစ် မင်းကိုနိုင်က ဦးဆောင်နေကြောင်း၊ ရုပ်ရှင်၊ ဂီတ စသော အနုပညာနယ်ပယ်မှ လူများလည်း ဆန္ဒပြနေကြကြောင်း၊ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်ကပါ နိုင်ငံရေးတရားများ ဟောပြောနေကြောင်း စသည့် သတင်းတွေကိုလည်း အဆက်မပြတ် သိနေရသည်။ သို့ရာတွင် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် တပ်မတော်က နိုင်ငံတော်အာဏာသိမ်းကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါသည်။ ကျနော်တို့ ဌာနဆိုင်ရာ ဝန်ထမ်းများကလည်း ကိုယ့်လုပ်ငန်းကိုယ် ပြန်ဝင်ကြသည်။ ပါတီယူနစ်ကား မရှိတော့ပါ။ ယခင် ပါတီယူနစ်မှ လူကြီးများနှင့် လမ်းမှာတွေ့လျှင် နှုတ်ဆက်ဖို့ပင် မျက်နှာပူရသော အချိန်ဖြစ်သည်။ ပြည်သူ့ကောင်စီ ဆိုင်းဘုတ် နေရာတွင်တော့ “မြို့နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့” စာသား အစားထိုးလာပါသည်။ အတိုကောက် “မဝတ” ဟု ခေါ်ဝေါ်သုံးစွဲသည်။
ဤသို့ဖြင့် နောက်နှစ်လခန့် အချိန်ကုန်ခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်၊ ည ၇ နာရီ အချိန်ခန့်မှာ ရဲတပ်သား တယောက်က မြို့နယ်မှူးခေါ်၍ လိုက်ခဲ့ရန်ပြောသဖြင့် လိုက်သွားသည်။ မြို့နယ်မှူး ရုံးခန်းရောက်တော့ တခြားဌာနများမှ ဝန်ထမ်း အကြီးအကဲများကို တွေ့ရသည်။ အစည်းအဝေးက ညကြီးအချိန်မတော် လုပ်ရတယ်လို့ တွေးနေဆဲ မြို့နယ်မှူးက တဝတ (တိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) ဥက္ကဋ္ဌ ဗိုလ်ချုပ် မြင့်အောင် (နောင်တွင် လယ်/ဆည်ဝန်ကြီးဖြစ်၍ ယခု ကွယ်လွန်သွားသူ) ၏ ညွှန်ကြားချက်အရ ဖမ်းဆီးထိန်းသိမ်းရန် ဖြစ်ကြောင်း၊ ပုဒ်မ ၅(ည) ဖြင့် ရမန်ကြီးနှစ်ပတ်ဖြင့် အချုပ်ကျမည်ဖြစ်ကြောင်း ပြောပါသည်။ ထိုညမှာပင် ရဲစခန်းအတွင်းရှိ အချုပ်ခန်းထဲသို့ အစိုးရ မြို့နယ်ဝန်ထမ်း အကြီးအကဲ အားလုံးလိုလို ရောက်သွားကြပါတော့သည်။ အချုပ်ကျခံနေရစဉ် ဌာနဆိုင်ရာ လုပ်ငန်းများကိုတော့ ဆက်လုပ်ပေးနေရပါသေးသည်။ ဒီကြားထဲ မြို့နယ်တရားရုံးသို့ တခါထွက်ရသေးသည်။ ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ ညပိုင်းမှာတော့ ကျနော်တို့အားလုံး ပြန်လွတ်လာကြပါသည်။ ဒီကာလအတွင်း အချုပ်ထဲ အထည့်ခံရသောသူများ စာရင်းကို ပြန်စိစစ်ကြည့်သောအခါ ဝန်ထမ်းများသမဂ္ဂဖွဲ့စဉ်က ပါဝင်သူအားလုံးနှင့် အရေအတွက် အတူတူပဲဖြစ်နေတာ တွေ့ရပါတော့သည်။ ဆက်ပြီး စုံစမ်းကြည့်တော့ အဲဒီစာရင်းကို မြို့နယ်ထောက်လှမ်းရေး တာဝန်ရှိသူက အထက်သို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ အလွန်တာဝန်ကျေပွန်သော ထောက်လှမ်းရေးပါပေ။