မြန်မာနိုင်ငံတွင် လူအများစု ထောက်ခံအားပေးနေသည့် အကြီးဆုံး အတိုက်အခံ ဒီမိုကရေစီ အင်အားစုကြီး ၂ ခု ရှိသည်။ ၎င်းတို့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ဖြစ်သည်။
ဒီမိုကရေစီလိုလားသည့် မြန်မာနိုင်ငံသားများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများ၊ နိုင်ငံတကာမှ လေ့လာသူများက အဆိုပါ ဒီမိုကရေစီ အင်အားစုကြီး ၂ စု တညီတညွတ်တည်း ဒီမိုကရေစီလမ်းကို အတူလျှောက်လှမ်းသည်ကို မြင်တွေ့လိုကြသည်။
ယင်းသို့ ညီညွတ်ရေး လမ်းခင်းရန် အခွင့်အရေးတခု ပေါ်ပေါက်လာသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဖြစ်သည်။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ထင်ရှားသော ခေါင်းဆောင်များဖြစ်ကြသည့် ဦးကိုကိုကြီး အပါအဝင် ၁၈ ဦးအပါအဝင် နယ် မြို့များမှ ၈၈ မျိးဆက် ကျောင်းသားများအနေဖြင့် NLD ပါတီသို့ ဝင်ရောက်ကာ ပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့ကြသည်။ ထိုစဉ်က ဒီမိုကရေစီ လိုလားသူများနှင့် မြန်မာ့နိုင်ငံရေး စိတ်ဝင်စားကြသူ နိုင်ငံတကာက သူများကပင် အားတက်ခဲ့ကြသည်။
သို့သော် အဆိုပါ အားတက်ဖွယ် ကိစ္စက ရက်ပိုင်းသာ ကြာလိုက်သည်။ သြဂုတ်လ ၁ ရက်နေ့ ပါတီ ဗဟိုအလုပ် အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထွက်ပေါ်လာသည့် လူဦးရေ ၁၀၉ဝ ရှိသော လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများတွင် ဦးကိုကိုကြီး အပါအဝင် တခြား ထင်ရှားသော် ၈၈ မျိုးဆက် ကျောင်းသားများ မပါဝင်လာခဲ့ပေ။ ဦးပြုံးချိုကိုမူ ဒေါပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါတီက ရွေးချယ်ခဲ့သည်။ နယ်မှ တဦးစ နှစ်ဦးစလည်း ရွေးချယ်ခံရသည်ဟု သိရ၏။
အလားတူ ထင်ရှားသည့် ပြည်သူ့ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါက်တာ ညိုညိုသင်းလည်း ကိုယ်စားလှယ်လောင်း အမည်စာရင်းတွင် ပါဝင်လာမှုမရှိခဲ့ပေ။
လွန်ခဲ့သည့်ရက်ကပင် ဒေါက်တာ ညိုညိုသင်းက ပါတီခေါင်းဆောင်များထံ အဘယ့်ကြောင့် ၎င်းအား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ခြင်း မရှိသည့်အပေါ် အပြုသဘော မေးခွန်း ထုတ်ထားသည်။
ထိုသူများသည် ဒေါ်အောင်ဆန်းစုကြည်အတွက် အားကိုးအားထားစရာ ပုဂ္ဂိုလ်များလည်း ဖြစ်သည်။ အဘယ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ပုဂ္ဂိုလ်များကို ချန်ရစ်ထားခဲ့သနည်း ဆန်းစစ်ကြည့်မိသည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် NLD ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၃၀၀၀ ဝန်းကျင် စာရင်းတင်ခဲ့ကြရာတွင် တချို့မြို့နယ်များတွင်လည်း ကိုယ်စားလှယ်လောင်း အမည်စာရင်း ထုတ်ပြန်ပြီးနောက်ပိုင်း မကျေနပ်မှုများ၊ ပါတီကို စွန့်ခွာမှုများ ရှိလာကြသည်။ ထိုသူများထဲတွင် ပါတီအပေါ် စဉ်ဆက်မပြတ် သစ္စာစောင့်သိသူများ များစွာပါဝင်သည်။
ထို့အပြင် မကြာသေးမီက လှုပ်ရှားမှုများကြောင့် အကျဉ်းထောင်များတွင် ဖမ်းဆီး ထိမ်းသိမ်း ခံနေရသော ကျောင်းသားများကပင် ထွက်ပေါ်လာသော လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းအပေါ် စိတ်ပျက်နေကြကြောင်း သိရသည်။
သို့သော် NLD ပါတီပြောခွင့်ရသူအဆိုအရ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုသည် ချမှတ်ထားသော မူဝါအတိုင်း ရွေးချယ်ခဲ့ခြင်းဟု ဆိုသည်။
မကျေနပ်မှုများ ကျယ်ပြန့်လာ၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သြဂုတ်လ ၄ ရက်နေ့တွင် ပါတီထိပ်တန်း ခေါင်းဆောင်များ အထူးအစည်းအဝေး ပြုလုပ်ခဲ့ကြသည်။ ကိုယ်စား လှယ်လောင်းကိစ္စ အပြောင်းအလဲ အနည်းငယ် ရှိလာနိုင်ကြောင်း ဗဟိုအောင်နိုင်ရေး ဥက္ကဋ္ဌ ဦးတင်ဦးက ထုတ်ဖော်ပြောဆိုသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးကတော့ သူ့ကို တောင်ဥက္ကလာပ မြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်း မပြုသည့်အပေါ် မည်သည့် မှတ်ချက်ကိုမျှ မပေးပေ။ ပါတီဝင် တယောက် ဖြစ်သွားပြီးနောက် ဒီမိုကရေစီ သဘောအရ ပါတီ၏ ဆုံးဖြတ်ချက်ကို လိုက်နာသည်ကို တွေ့ရသည်။
သို့သော် NLD ပါတီအနေဖြင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးအား လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ရွေးချယ်ရန် ပျက်ကွက်ခဲ့မှုသည် ၈၈ မျိုးဆက်နှင့် NLD ပါတီအကြားက နိုင်ငံရေး မဟာမိတ်ဖြစ်မှုအပေါ် အတော်ကြီး ဂယက်ရိုက်သွားခဲ့ပြီ။
ထို့ထက်သာမက တခြား တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် NLD ပါတီအကြားက မဟာမိတ်နိုင်ငံရေးလည်း ပို၍ မှုန်ဝါးသွားသည်။ ယခင်က တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် တိုင်ပင်ညှိနှိုင်း၍ ကိုယ်စားလှယ်လောင်း တင်မည်ဟု မျှော်လင့်ခဲ့ကြရာ ယခုအခါ ပါတီကြီးမူ ကျင့်သုံးသည်ဟု တိုင်းရင်းသားများထံက အသံများ ပေါ်ထွက်လာနေချေပြီ။
ပို၍ဆိုးသည်မှာ ယခုဆုံးဖြတ်ချက်သည် NLD ပါတီအနေဖြင့် ပါတီအကျိုးစီးပွားကိုသာ ကြည့်လွန်းပြီး ယင်းလုပ်ရပ်က ပါတီအကျိုးစီးပွား ထိခိုက်စေသည်သာမက နိုင်ငံ့အရေး၊ ဒီမိုကရေစီအရေး အတွက်ပါ ထိခိုက်နစ်နာသည့် လုပ်ရပ်အဖြစ် ဝေဖန်သူများက ရှုမြင်နေကြသည်။
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့သည် NLD ပါတီနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ တခြားသော ဒီမိုကရေစီ အင်အားစုများအကြား ပေါင်းကူးပေးနေသည်မှာ ၎င်းတို့နောက်ဆုံး ထောင်များမှ ပြန်လွတ်လာကတည်းက ဖြစ်သည်။
ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များအနေဖြင့် တချိန်က ပါတီဝင်မဖြစ်ခဲ့၍ အောက်ဆုံး အဆင့်က စတင်ပြီး တက်လှမ်းရမည်ဖြစ်သည်ဟု ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းက ဆိုသည်။ အဆိုပါ ကိစ္စသည် ပါတီတခု၏ မူဝါဒအရ အလွန်သင့်မြတ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း “ကိုယ်စားလှယ်လောင်းတွေအဖြစ် သတ်မှတ်မခံရတဲ့ ပုဂ္ဂိုလ်တွေရဲ့စိတ်နေ စိတ်ထားတွေက မကြာမီပေါ်လာပါတော့မယ်၊ ကိုယ့်အတွက် ပထမလား၊ အဖွဲ့ချုပ်အတွက် ပထမလား ဆိုတာ အတိအလင်း တွေ့မြင်နိုင်တော့မှာပါ” ဟု ပါတီ၏ အာဘော်စာစောင် D Wave တွင် ဖော်ပြထားသည်။
သို့သော် ပါတီ အကျိုး၊ လူထု အကျိုး ကြည့်ပြီး အချိန်အခါအလိုက် လူထုထောက်ခံမှု ပိုမိုအားကောင်းစေမည့် လုပ်ရပ်များကို ပါတီခေါင်းဆောင်များ လုပ်ဆောင်ခဲ့ကြခြင်းအား မြန်မာမှာသာမက၊ ကမ္ဘာတွင်လည်း တွေ့မြင်နိုင်မည် ဖြစ်သည်။
အတိတ်ကို ပြန်ကြည့်လျှင် ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလှုပ်ရှားမှုထဲ မပါဝင်ခင် ဒီမိုကရေစီ လှုပ်ရှားမှု ကနဦးကတည်းက လမ်းမများပေါ်ထွက် စွန့်စားခဲ့ကြသူများလည်း ဖြစ်သည်။
ထို့အပြင် ရှစ်လေးလုံး အရေးတော်ပုံကာလ အလွန် ၁၉၉၀ ခုနှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ဒီမိုကရေစီ အင်အားစုအနိုင်ရရေး NLD ပါတီ အောင်နိုင်ရေးအတွက် အားတက်သရော လုပ်ဆောင် ခဲ့ကြသူများလည်း ဖြစ်သည်။
ထိုစဉ်က (သုံးချောင်းထောက်) အမည်တွင်သည့် လွှတ်တော် ကိုယ်စားလှယ် စိစစ်ရွေးချယ်ရေး မူကို ဦးကိုကိုကြီး ဦးဆောင် အဆိုပြုခဲ့သည်။ သို့သော် ထိုစဉ်က အဆိုပါမူမှာ သက်ရောက်မှု မရရှိခဲ့ပေ။
ဦးကိုကိုကြီးသည် အကျဉ်းထောင်ထဲမှာကတည်းက NLD ပါတီအပေါ် အကြံပြု ချက်များ၊ အပြုသဘော ဝေဖန် ထောက်ပြမှုများကို စွန့်စားလုပ်ဆောင်ခဲ့သူ ဖြစ်သည်။
အကျဉ်းထောင်တွင်း ၎င်း ရှိစဉ်ကတည်းက NLD ပါတီနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း အကြံပြု ဝေဖန်ထောက်ပြမှုများ လုပ်ခဲ့သောကြောင့် ဦးကိုကိုကြီးကို တချို့သောပါတီဝင်များက မလိုလားခဲ့သည်ကိုလည်း သတိထားမိခဲ့သည်။
NLD ပါတီနှင့် ဦးကိုကိုကြီး ကြားမှာ ပြဿနာ တစုံတရာ မရှိခဲ့သော်လည်း ပါတီဝင်တချို့နှင့် ဦးကိုကိုကြီး ကြားမှာ နိုင်ငံရေးအရ ဝေဖန်ထောက်ပြတတ်သော ကိစ္စက ပြဿနာတခုလို ဖြစ်ခဲ့သည်။ ထိုကဲ့သို့သော ကျောင်းတော်က ကိစ္စများက ယခုအချိန် သက်ရောက်ခြင်းလားဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။
၂၀၀၅ ခုနှစ် ပထမအကြိမ် အကျဉ်းထောင်က ပြန်ထွက်လာသောအခါ ဦးကိုကိုကြီးနှင့် ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင်များသည် ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ကို စုစည်းခဲ့ပြီး နေအိမ်အကျယ်ချုပ် ကျခံနေရသော NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းထောင်ထဲတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကိစ္စများကို တစိုက်မတ် မတ် လုပ်ဆောင်လာခဲ့ကြသည်။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေးစသည့် လှုပ်ရှားမှုများနှင့် တဆက်တည်း ထပ်မံ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၆၅ နှစ် ၆ လ ဆိုသည့် နောက်ထပ် ပေးဆပ်မှုများရှိခဲ့သည်။
ထို့အပြင် ဝေးလံခေါင်သီသည့် အကျဉ်းထောင် အသီးသီးကို ပြောင်းရွှေ့ခံခဲ့ရပြီး ၂၀၁၃ ခုနှစ် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ကြသည်။
ထိုစဉ်က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံပြီးသည့် ဒေါ်အောင်ဆန်းစုကြည်သည် လွတ်မြောက်လာသော ၈၈ မျိုးဆက် ကျောင်းသားများအား ခေါ်ယူတွေ့ဆုံ အားပေးမှုများ လုပ်ဆောင်ခဲ့ခြင်း မရှိပေ။ သို့သော် ၈၈ မျိုးဆက် ကျောင်းသားများက ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ လှုပ်ရှားမှု၏ ဦးဆောင်သူအဖြစ် အစဉ်အသိအမှတ်ပြုပြီး သွားရောက်တွေ့ဆုံခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုသဘောထား ထောက်ခံမှု လက်မှတ် ၅ သန်း ရရှိရေးလည်း ၈၈ မျိုးဆက်နှင့် NLD ပါတီ ပူးတွဲလုပ်ဆောင်ခဲ့ကြသည်။
လွတ်တော်တွင်း NLD ပါတီ၏ လုပ်ဆောင်ချက်များ ပိုမို အားကောင်းစေရန် ၂၀၁၂ ခုနှစ် ကတည်းက လွှတ်တော် ပြင်ပ အခင်းအကျင်းကို ၈၈ မျိုးဆက်တို့က အားဖြည့်ဝန်းရံလျှက် ရှိသည်။
၈၈ မျိုးဆက်တို့၏ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး ကိစ္စများအတွက် ပေးဆပ်မှုတို့အား အားလုံးအသိပင် ဖြစ်သည်။ ၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုများတွင် အားသာချက်များ ရှိသကဲ့သို့ အားနည်းချက် အနည်းငယ်လည်း ရှိနိုင်မည် ဖြစ်သော်လည်း ဘဝတလျှောက်လုံး ဒီမိုကရေစီအရေး၊ လူ့အခွင့် အရေး နိုင်ငံ့အရေးများအား ပေးဆပ်လုပ်ဆောင်နေလျှက် ရှိသည်။
ထိုကဲ့သို့ အစဉ်တစိုက် မဟာမိတ်လှုပ်ရှားမှုများနှင့် NLD ပါတီနှင့် တသားတည်း ရပ်တည်လျှက် ရှိသည့် ၈၈ မျိုးဆက် အဖွဲ့မှ အဓိက ကျသူ ဦးကိုကိုကြီးနှင့် တချို့သော ကျောင်းသား ခေါင်းဆောင်များကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့် မပြုခြင်းသည် မကြာသေးမီကမှ မဟာမိတ်အသွင်ဆောင်လာသည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းလားဟု မေးခွန်း ထုတ်ရမလိုပင် ဖြစ်နေသည်။
တိုင်းပြည်တွင် ရေးဘေးဒဏ် ခံစားနေရသည့်အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမည့် သတ်မှတ်ရက်ကိုလည်း ရွေးကောက်ပွဲကောင်မရှင်က ရက်တိုး ပြောင်းလဲ သတ်မှတ်ပေးထားသည်။
တိုက်တိုက်ဆိုင်ဆိုင် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ကလည်း ကျရောက်လာချိန်၊ ၈၈ မျိုးဆက် ကျောင်းသားများ၏ ကွန်ရက်များကလည်း ရန်ကုန်တွင် စုစည်း တွေ့ဆုံဆွေးနွေးနေချိန်တွင် ၈၈ မျိုးဆက်အနေဖြင့် နိုင်ငံရေးပါတီ တရပ်အဖြစ် လာမည့်ရွေးကောက်ပွဲအလွန် တည်ထောင်ရန် ကွန်ရက်မှ တောင်းဆိုထောက်ပြ ခဲ့ကြသည်။
အဆိုပါ ဖြစ်စဉ်နှင့် တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို နေအိမ်တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။ ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပွဲဆူသွားသည့် ကိုယ်စားလှယ်ရွေးချယ်ရေး ကိစ္စ သူသိပ်သိဟန်မတူဟု ပြောသံကြားရပြီး တောင်းပန်သည်ဟု ဆိုသည်။
အဆိုပါ တောင်းပန်မှုသည် နောက်ကျသွားပြီဟု ပြောနိုင်ပေသည်။ သို့သော် ၈၈ နှင့် NLD ပါတီတို့က ဒီမိုကရေစီ အရေးကိုမူ ဆက်လက်လုပ်ဆောင်သွားကြမည့် လက္ခဏာ ဆောင်နေသည်။
အမှန်ဆိုလျှင် ၈၈ မျိုးဆက်မှ ဦးကိုကိုကြီး အပါအဝင် ကျောင်းသားခေါင်းဆောင်များ အနေဖြင့် လူမှုရေး အသင်းသာသာ လုပ်ဆောင်နေသည့် အခင်းအကျင်းမှ တက်လှမ်း၍ ပါတီနိုင်ငံရေး၊ အာဏာနိုင်ငံရေးကို တက်လှမ်းသင့်နေပြီဖြစ်သည်။
ကိုယ်ပိုင် နိုင်ငံရေး ရပ်တည်ချက်ပေါ်တွင် ရပ်တည်သင့်သည့် အချိန်အခါလည်း ကျရောက်နေပြီဟု အကြံပြုလိုသည်။
ယခုချမှတ်ထားသော NLD ပါတီ၏ ကိုယ်စားလှယ်လောင်း Line up သည် လာမည့် ရွေးကောက်ပွဲအတွက် အားနည်းချက်အဖြစ် မဲရရှိမှု အရေး နိမ့်သည့်နေရာများ ပေါ်ထွန်းလာစရာ ရှိနေသည်ဟု ကောက်ချက် ချမိသည်။
အဓိက သုံးသပ်မိသည်မှာ တချိန်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းသည် ၎င်းအား အားဖြည့်ပံ့ပိုးပေးမည့် Team (အထောက် အပံ့အဖွဲ့) အားကောင်းခဲ့သည်။ ယခု ဒေါ်အောင်ဆန်းစုကြည်သည်ကား ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ အားဖြင့် ပံ့ပိုးပေးမည့်အဖွဲ့ အားနည်းနေသည်ဟု လည်း ထောက်ပြလိုသည်။
ယခုချိန်ထိ ပါတီတွင်း အရည်အချင်း ပြည့်ဝသည့် လူငယ်မျိုးဆက်သစ် ခေါင်းဆောင်များအား လက်တွဲ ခေါ်ဆောင်မှု အားနည်းနေသေးသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အဓိက အားနည်းချက် ဖြစ်သည်ဟု သုံးသပ်မိပါသည်။
(လင်းသန့်သည် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်ပြီး နိုင်ငံရေးသုံးသပ်ချက်များ ရေးသားနေသော ဂျာနယ်လစ်တဦးလည်း ဖြစ်သည်။)