နိုင်ငံတဝန် ရေကြီးရေလျှံမှုများကြောင့် အရေးပေါ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် တသီးပုဂ္ဂလများ၊ အဖွဲ့အစည်းများက လုပ်ဆောင်နေကြသည်။ မန္တလေးမြို့တွင် ဖွဲ့စည်းထားသည့် ဘာသာပေါင်းစုံ ကရုဏာရှင်များ အဖွဲ့ကလည်း ချင်းပြည်နယ် ဟားခါးမြို့ကို သွားရောက်လှူဒါန်းရန် စီစဉ်နေသည်။ ရေဘေးသင့်သူများကို လူမျိုးဘာသာမရွေး အကူအညီပေးရန် ပြင်ဆင်နေသည့် ဘာသာပေါင်းစုံ ကရုဏာရှင်များအဖွဲ့မှ အတွင်းရေးမှူး ဦးနေဝင်း (မန္တလေး YMCA) ကို ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် သူဇာက ဆက်သွယ်မေးမြန်းထားသည်။
ဘာသာပေါင်းစုံ ကရုဏာရှင်များ အဖွဲ့ကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့အစည်းအနေနှင့် လူမျိုးပေါင်းစုံနှင့် သက်ဆိုင်သည့် လူမှုရေး အခက်အခဲများကို ကူညီဆောင်ရွက်မှုများ လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။ ၂၀၁၀ ခုနှစ်က ကြုံတွေ့ခဲ့သည့် ရေဘေးကြောင့် ဒုက္ခရောက်ခဲ့သည့် ပြည်သူများအတွက် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ ထို့အပြင် မန္တလေးမြို့တွင် လူမျိုးရေး ပဋိပက္ခများ မဖြစ်ပေါ်စေရန် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများလည်း လုပ်ကိုင်နေကြောင်း သိရသည်။ ဘာသာပေါင်းစုံ ကရုဏာရှင်များအဖွဲ့တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလမ်၊ ဗဟာအီ သာသနာအဖွဲ့များ ပါဝင်သည်။
မေး။ ။ ဘာသာပေါင်းစုံ ကရုဏာရှင်များ အဖွဲ့အနေနဲ့ ရေဘေး ကယ်ဆယ်ရေးမှာ ဘယ်နေရာတွေကို အဓိကထား ကူညီပေးနေပါလဲ။
ဖြေ။ ။ မန္တလေးက ဘာသာပေါင်းစုံ ကရုဏာရှင်များ အဖွဲ့အနေနဲ့ ကျနော်တို့တွေက ချင်းပြည်နယ် ဟားခါးကို အဓိကထား ကူညီဖို့ လက်ရှိ လုပ်ဆောင်နေပါတယ်။ တခြားနေရာတွေ တော်တော်များများမှာလည်း တခြား အဖွဲ့တွေက သွားရောက် လှူဒါန်းနေတာတွေ ရှိတော့ ကျနော်တို့တွေက ဟားခါးကို ဦးတည် လှူဒါန်းဖို့ ပထမ စဉ်းစားထားတယ်။ ဒုတိယ အဆင့်အနေနဲ့ နောက်ထပ် အရေးကြီးတဲ့ နေရာတွေ ဆက်လုပ်ဖို့ ရှိပါတယ်။
မေး။ ။ ဒီအဖွဲ့အစည်းအနေနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်တဲ့နေရာမှာ ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ ကူညီဆောင်ရွက် ပေးပါသလဲ။
ဖြေ။ ။ အဓိကကတော့ ကျနော်တို့ ဖွဲ့စည်းထားတဲ့ ရည်ရွယ်ချက်ကိုက တကယ်ဒုက္ခရောက်တဲ့ မည်သူ့ကိုမဆို ဘာသာ၊ လူမျိုး မခွဲခြားဘဲနဲ့ ကျနော်တို့က ကူညီပံ့ပိုးတဲ့အလုပ်ကို လုပ်ပါတယ်။ အခုလည်း ဘယ်ဘာသာပဲ ဖြစ်ဖြစ် ရေဘေးနဲ့ ပတ်သက်ပြီး အကူအညီတောင်းလာရင် ကူညီဖို့ အဆင်သင့် ရှိနေပါတယ်။ အကူအညီတောင်းတဲ့ နေရာတွေကို တိုက်ရိုက် ကူညီနိုင်ရင်လည်း ကူညီပါတယ်။ ကျနော်တို့အဖွဲ့နဲ့ ချိတ်ဆက်ထားတဲ့ တခြားအဖွဲ့တွေရဲ့ လိုအပ်ချက်တွေကို ကူညီနိုင်ရန် ကူညီသွားဖို့ကိုလည်း ကျနော်တို့ ဆောင်ရွက်နေပါတယ်။
မေး။ ။ အဖွဲ့အစည်းအနေနဲ့ ချင်းပြည်နယ်ကို မလှူဒါန်းခင် ဘယ်နေရာတွေကို ကူညီမှု ပေးခဲ့ပါသလဲ။
ဖြေ။ ။ ဒီအဖွဲ့အစည်းအနေနဲ့ ရေဘေးနဲ့ ပတ်သက်ပြီး ရှေ့မှာ မလှုပ်ရှားဖြစ်ဘူးလို့ ပြောရမယ်။ ကျနော်တို့ အဖွဲ့က တဦးချင်းစီမှာလည်း သူ့အဖွဲ့သူ လှုပ်ရှားနေကြတော့ ဒီအဖွဲ့အနေနဲ့ မလှုပ်ရှားဖြစ်ဘူး။ ဒါပေမယ့် ဒီလို ပူးပေါင်းထားတဲ့ ဘာသာပေါင်းစုံ အဖွဲ့အနေနဲ့တော့ အခု ချင်းပြည်နယ်ကို ဦးစားပေးအနေနဲ့ ရွေးချယ်တယ်လို့ ပြောရပါမယ်။
မေး။ ။ အခု ရေဘေးသင့်တဲ့ တချို့နေရာတွေမှာ လှူဒါန်းတဲ့အခါ လူမျိုးရေး ခွဲခြားမှုတွေနဲ့ လှူဒါန်းမှုတွေ ရှိနေ တယ်လို့ သိရတယ်။ ဒီအဖွဲ့အစည်းအနေနဲ့ အဲဒီလို လှူဒါန်းမှုအပေါ် အမြင်သဘောထားမျိုး ပြောပြပေးပါ။
ဖြေ။ ။ ကျနော့်အမြင် ပြောမယ်ဆို လှူဒါန်းတဲ့နေရာမှာ လူလို့ပဲ မြင်ပြီး လှူဒါန်းနိုင်ရင် ကောင်းတဲ့အရာလို့ ပြောရပါမယ်။ ဒုက္ခရောက်တဲ့သူက ဘယ်သူမဆို ဒုက္ခရောက်တာပဲလေ။ လှူဒါန်းတဲ့အခါမှာလည်း ဘယ်သူမဆို လှူဒါန်း ရမှာပါပဲ။ ကျနော်တို့ကလည်း ဒီလို ရည်ရွယ်ချက်မျိုးနဲ့ စိတ်ဓာတ်မျိုးနဲ့ လုပ်တာပဲလေ။ ဒုက္ခရောက်တဲ့သူကလည်း မြန်မာပြည်တွင်းက တိုင်းရင်းသား လူမျိုးစုံပါပြီးတော့မှ သူ့နေရာနဲ့သူ ဒုက္ခရောက်ကြတာပဲ။ အဲဒီထဲမှာ ကိုယ်မြင်နေတဲ့ သူတွေ အနေနဲ့လည်း ဘာသာပေါင်းစုံကို ကူညီနိုင်သလောက် ကူညီနေတာပဲ။ ကျနော်တို့အဖွဲ့ကတော့ နဂိုကတည်းက ဘာသာ၊ လူမျိုးမခွဲခြားဘဲ လူမျိုးပေါင်းစုံ လက်တွဲပြီးတော့မှ လုပ်ဆောင်ခဲ့ကြတယ်။ ကူညီခဲ့ကြတယ်။ အခုလည်း အဲဒီအတိုင်းပဲ လုပ်တယ်။ ကျနော်တို့ အဖွဲ့အနေနဲ့လည်း ဘာသာပေါင်းစုံ စုပေါင်းလုပ်ဆောင်ခြင်းနဲ့ ချစ်ချစ် ခင်ခင် နေထိုင်လို့ ရတယ်ဆိုတဲ့ သတင်းကို အများသိအောင် ပြောပြချင်တာပါ။ ဒါကြောင့် အခုလိုမျိုး ခွဲခြားပြီးတော့ လုပ်တဲ့သူတွေရှိရင်လည်း ကျနော်တို့အမြင်အရ မဖြစ်စေချင်ပါဘူး။ ဒုက္ခရောက်သူတွေ အားလုံးက လူတွေပါ။ လူတွေကို လူတွေလို့ မြင်ပြီး ကူညီတာဟာ အကောင်းဆုံးပါပဲ။
မေး။ ။ အခု အဖွဲ့အနေနဲ့ ရေဘေးဒုက္ခသည်တွေကို ကူညီနိုင်ဖို့ ဘယ်လို အလှူငွေတွေ ရအောင် လုပ်ဆောင်နေပါ သလဲ။
ဖြေ။ ။ လောလောဆယ် အနေနဲ့ အဖွဲ့ထဲမှာပါတဲ့ အဖွဲ့အသီးသီးက နီးစပ်ရာ ရင်းနှီးတဲ့ မိတ်ဆွေတွေစီကနေ အလှူငွေ ကောက်ခံပါတယ်။ ကျနော်တို့ အနေနဲ့တော့ လမ်းမကြီးပေါ်မှာ အလှူခံတာကိုတော့ မလုပ်ဘူးပေါ့။ ကျနော်တို့နဲ့ နီးစပ်ရာ ဘာသာအလိုက်၊ မိတ်ဆွေ အပေါင်းအသင်းအလိုက် ကူညီ လှူဒါန်းပြီးတော့မှ ရတဲ့အလှူငွေနဲ့ လှူဒါန်းဖို့ လက်ရှိ ဆောင်ရွက်နေပါတယ်။ အခု ရရှိထားတဲ့ သိန်း ၂၀၀ ကိုတော့ ချင်းပြည်နယ် ဟားခါးကို လှူဒါန်းဖို့ လုပ်ထားပါတယ်။
မေး။ ။ ရေဘေးဒုက္ခရောက်သူတွေ အနေနဲ့ ဒီအဖွဲ့ကို ဆက်သွယ်တာမျိုးတွေ ရှိပါသလား။
ဖြေ။ ။ ရှိတယ်ဗျ။ လာတာက အဓိကက စစ်ကိုင်းတိုင်းတို့၊ မုံရွာတို့ဘက်က အကူအညီ တောင်းတာတွေ ရှိပါတယ်။ နောက်ပြီးတော့ မကွေးတိုင်းဘက်မှာလည်း အကူအညီ တောင်းထားတာတွေ ရှိတယ်။ အထူးသဖြင့် ကလေးတို့၊ ဟားခါးတို့ ဘက်ကလည်း တောက်လျှောက် အကူအညီ တောင်းနေတာတွေ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ပို့ချင်တဲ့ ဆန်တို့၊ သောက်ရေသန့်တို့ အခု လောလောဆယ် ရောက်အောင်ပို့ဖို့ကလည်း တော်တော်ခက်နေတယ်။ အဓိကက သယ်ယူပို့ဆောင်ရေးမှာ တော်တော်အခက် ဖြစ်နေပါတယ်။
မေး။ ။ ဒါဆို အခု အကူအညီပေးနိုင်ဖို့အတွက် ဘယ်လို ချိတ်ဆက်ပြီး ဆောင်ရွက်နေပါသလဲ။
ဖြေ။ ။ အခုလောလောဆယ်က ရေလမ်း၊ ကုန်းလမ်းရော၊ လေကြောင်းလမ်းတွေကိုပါ သွားနိုင်အောင် ကြိုးစား နေပါတယ်။ သွားလှူမယ့်နေရာတွေကိုလည်း ကျနော်တို့ဘက်က ချိတ်ဆက်မိနေပြီ။ ဒါပေမယ့် အခု သွားပို့မယ့် ဟားခါးတို့ ဆိုတာကလည်း လေကြောင်းနဲ့မှ အဆင်ပြေမှာလို့ သိရတယ်။ ကုန်းကြောင်းက သွားရင်တော့ ရတယ်လို့ ကြားပေမယ့် အခု စုံစမ်းနေတော့ သိပ်မသေချာသေးတဲ့ အခြေအနေ ဖြစ်နေတယ်။ အခု လေကြောင်းလိုင်းက ပို့မယ် ဆိုတော့ ဟားခါးမှာက လေယာဉ်ပျံ ဆင်းလို့ မရဘူးဖြစ်နေတော့ ရဟတ်ယာဉ်နဲ့ သွားနိုင်ဖို့ကို ကြိုးစားနေပါတယ်။ လက်ရှိမှာ လေကြောင်းလိုင်းတွေဖြစ်တဲ့ ကချင်မြေတို့၊ Golden Myanmar တို့ အဲကမ္ဘောဇတို့နဲ့ ဆက်သွယ် နေပါတယ်။ သူတို့မှာလည်း ဟိုဘက်ကို ပို့ဖို့ကုန်တွေက များနေပြီ။ ပို့မယ့်ကုန်က များနေတော့ သူတို့ကလည်း ကြိုးစားနေပါတယ်။ ကျနော်တို့ ပို့ချင်တာတောင်မှ အခု အလှည့်နဲ့ စောင့်ပြီး ပို့ရမှာပါ။
မေး။ ။ ရေဘေးကြောင့် လိုအပ်တဲ့ နေရာတွေက အကူအညီတောင်းမယ် ဒါမှမဟုတ် လှူဒါန်းချင်သူတွေက လှူဒါန်း မယ်ဆို ဘာသာပေါင်းစုံ ကရုဏာရှင်များအဖွဲ့ကို ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်တွေ ပြောပြပေးပါ။
ဖြေ။ ။ ဟုတ်ကဲ့။ ဆက်သွယ်အကူအညီ တောင်းနိုင်ပါတယ်။ အကူအညီတောင်းနိုင်တဲ့ ဖုန်းနံပါတ်တွေက ဆရာတော် ဦးစိန္တိတ – ၀၉၅၁၇၇၅၁၉၊ ဦးနေဝင်း (မန္တလေး YMCA) အထွေထွေ အတွင်းရေးမှူး -၀၉၇၉၇၇၇၇၇၆၅၊ ဦးသွင်စိုး (ဗုဒ္ဓဘာသာ) ၀၉၇၉၇၇၇၇၇၈၉၊ ဦးဇော်ဝင်းအောင် (ခရစ်ယာန်ဘုန်းတော်ကြီး)-၀၉၂၀၂၅၇၅၃၊ ဦးဇော်ဝင်းအောင် (အစ္စလာမ်ဘာသာ) ၀၉၉၁၀၂၅၅၅၀၊ ဦးမြင့်ဆွေ-၀၉၂၀၁၉၆၅၅ တို့ဆီကို ဆက်သွယ်နိုင်ပါတယ်။