၈ လေးလုံး အရေးတော်ပုံ ၂၇ နှစ် မြောက်နေ့ဖြစ်သည့် ယနေ့ သြဂုတ် ၈ ရက်နေ့တွင် ၈၈၈၈ သမိုင်းပြတိုက် (ယာယီ) ကို သင်္ကန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း (၈၈ ငြိမ်း/ပွင့်) ရုံးခန်းတွင် ဖွင့်လှစ်လိုက်သည်။
ယင်းပြတိုက်အတွင်း ၈ လေးလုံး အရေးတော်ပုံကာလ အဖြစ်အပျက် မှတ်တမ်း ဓာတ်ပုံများ၊ အရေးတော်ပုံကာလ တလျှောက် အသုံးပြုခဲ့ကြသည့် လက်နှိပ်စက် စသည်တို့ကို ပြသထားပြီး အများပြည်သူ လေ့လာနိုင်ရန် ပြတိုက်ကို တနင်္လာနေ့ တရက်သာ ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း ၈၈ ငြိမ်း/ပွင့်မှ ဦးဂျင်မီက ပြောသည်။
ဦးဂျင်မီက “ကျနော်တို့အနေနဲ့ ပြတိုက်ကို နိုင်ငံသား အားလုံး ပူးပေါင်းပါဝင်နိုင်တဲ့ ပြတိုက်ကြီးတခု ဖြစ်လာတဲ့အထိ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
၂၇ နှစ်ပြည့် ၈ လေးလုံး အရေးတော်ပုံ အခမ်းအနားကို သုမင်္ဂလာလမ်းရှိ ကျိုက္ကဆံ ဓမ္မပီယ သာသနာ့ရိပ်သာတွင် ကျင်းပခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားများ၊ တိုင်းရင်းသား ခေါင်းဆောင် တချို့နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ နာယက ဦးတင်ဦးတို့လည်း တက်ရောက်ခဲ့ကြသည်။
ထို့ပြင် ၈ လေးလုံး အရေးတော်ပုံကြီးတွင် ကျဆုံးခဲ့သည့် ရဟန်းရှင်လူ ပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် လွမ်းသူပန်းခွေချခြင်းကို ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြည်သူ ၃၀ ဦးခန့် ဦးဆောင် ပြုလုပ်ခဲ့ကြသည်။
၈ လေးလုံး ဒီမိုကရေစီ အရေးတော်က မွေးဖွားပေးခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ကလည်း မြေသိမ်း၊ ယာသိမ်းဆန့်ကျင်ရေး၊ အခြေခံ ကျောင်းသားထု အခွင့်အရေးနှင့် ပညာရေး လွပ်လပ်ခွင့် ရရှိရေး၊ အခြေခံ လစာသတ်မှတ်ရေးနှင့် အလုပ်သမား အခွင့်အရေး ရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် စစ်မှန်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးတို့ကို ဂုဏ်သိက္ခာရှိရှိ ဖြေရှင်းရမည်ဖြစ်ကြောင်း ၈ လေးလုံး ၂၇ နှစ်ပြည့်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။