မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက် ၁၂ ခုတွင် ရေလွှမ်းမိုးမှုနှင့် ကြုံတွေ့နေရချိန်တွင် မီဒီယာသတင်း ဖော်ပြမှုများတွင် လက်ရှိအခြေအနေဆိုးဝါးမှုများကို သရုပ်ဖော်ရာတွင် များသောအားဖြင့် အကြောင်းအရာ ၂ ခု ကိုသာ အလေးပေးကြသည်။ တခုမှာ ပြည်သူများ ဆင်းရဲ ဒုက္ခကြုံတွေ့ရခြင်း (လူ ၆ သိန်း ကျော် ရေဘေးသင့်သည်) နှင့် နောက် တခုမှာ စိုက်ပျိုးမြေများဆုံးရှုံးခြင်း (စိုက်ပျိုးမြေ ဧက ၁.၂ သန်းနီးပါး) တို့ ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ နိုင်ငံတခုတွင် ရေလွှမ်းမိုးမှုကြောင့် မွေးမြူရေးနှင့် လယ်ယာလုပ်ငန်းဝင် တိရိစ္ဆာန်များလည်း ဘေးဒုက္ခရောက်ကြသည်ကို အမှတ်တမဲ့ ဖြစ်ခဲ့ကြသည်။
နေအိမ်ကို စွန့်ခွာထွက်ပြေးရသူများက ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် အခြား ယာယီအမိုးအကာ ရှိသည့်နေရာများတွင် စုဝေးခိုလှုံကြသည့်အခါ အများစုက သူတို့၏ ကျွဲနွားများ၊ ဝက်များ၊ ဆိတ်များနှင့် မွေးမြူထားသည့် အခြား တိရိစ္ဆာန်များကို ခေါ်လာခဲ့ကြသည်။ အဆိုပါ တိရိစ္ဆာန်များသည်လည်း ၎င်းတို့၏ သခင်များကဲ့သို့ပင် အသက်ရှင်သန်နိုင်ရေးအတွက် အစားအစာနှင့် သန့်ရှင်းသောရေများ လိုအပ်သည့်အတွက် သိန်းနှင့်ချီသော ရေဘေးသင့်ပြည်သူများကို အစားအစာ ထောက်ပံ့နိုင်ရေးအတွက် ခက်ခဲစွာကြိုးစားနေရသော ကယ်ဆယ်ရေးသမားများနှင့် တောင်သူလယ်သမား များအတွက် ခက်ခဲသောရွေးချယ်မှုများနှင့် စိန်ခေါ်မှုများဖြစ်လာသည်။
ရေနံချောင်းမြို့နယ်မှ ကယ်ဆယ်ရေး စခန်းများတွင် ထောင်နှင့်ချီသော ကျွဲနွား တိရိစ္ဆာန်များရောက်ရှိနေပြီး ၎င်းတို့ အများစုကို ဒေသအာဏာပိုင်များက ရေမြင့်တက်လာသည့် အချိန်တွင် ဘေးလွတ်ရာသို့ သယ်ယူပေးခဲ့ခြင်း ဖြစ်သည်။
ဒေသခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သြဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ပေးခဲ့သော အချက်အလက်များအရ ရေနံချောင်းမြို့နယ်တွင် ရေဘေးသင့်ပြည်သူ အရေအတွက်ထက် ကျွဲနွားတိရိစ္ဆာန် အရေအတွက်က ၂ ဆ ပိုများနေသည်ကို တွေ့ရှိရသည်။ နွားကောင်ရေ ၁၁၀၀၀ ကျော်၊ ကျွဲ ၁၀၀၀ ကျော်၊ ဝက် ၄၀၀ ခန့်နှင့် ဆိတ် ၇၃၈ ကောင်ရှိနေရာ ရေနံချောင်း မြို့နယ်ရှိ ကယ်ဆယ်ရေး စခန်းများတွင်ရောက်ရှိနေသည့် ပြည်သူ အရေအတွက် ၆၅၀၂ ယောက်နှင့် နှိုင်းယှဉ် ကြည့်နိုင်ပါသည်။
မကွေးတိုင်း ပွင့်ဖြူနှင့် ရေနံချောင်းမြို့နယ်များသို့ရောက်ရှိလာသည့် ကယ်ဆယ်ရေးနှင့် အကူအညီပေးရေး အဖွဲ့များက ရေဘေးသင့်ပြည်သူများအတွက် အစားအစာနှင့် သောက်သုံးရေများ ထောက်ပံ့ပေးခဲ့ကြသည်။ သို့သော်လည်း ကျွဲနွား တိရိစ္ဆာန်များအတွက်ကိုတော့ မတတ်နိုင်ဘဲ ဖြစ်နေခဲ့ကြသည်။
သြဂုတ်လ ၆ ရက်နေ့ မနက်ပိုင်းတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက အစားအစာနှင့် သောက်သုံးရေများ လုံလောက်စွာ ဖြည့်ဆည်းထောက်ပံ့ပေးထားသည့် ရေနံချောင်းမြို့ရှိ အမှတ် ၃ ကယ်ဆယ်ရေး စခန်းသို့ ဧရာဝတီက သွားရောက်ခဲ့ပါ သည်။ ကျွဲနွားတိရိစ္ဆာန်များ အတွက်မူ အလားတူ ထောက်ပံ့မှုမျိုး ပေးရန် မတတ်နိုင်ဘဲရှိနေသည်။
“လူတွေအတွက်တော့ ကျနော်တို့ အစားအစာရနိုင်တယ်။ ဒါပေမယ့် နွားတွေအတွက်တော့ ကျနော်တို့လို အစားအစာ လုံလုံလောက်လောက် မရဘူး” ဟု ရေနံချောင်းမြို့နယ် ပေါက် ကုန်း ကျေးရွာမှ အသက် ၇၀ အရွယ် ဦးကျော်မောင် က ပြောသည်။ သူက အမှတ် ၃ ကယ်ဆယ်ရေး စခန်းသို့ မြို့နယ် သစ်တောဦးစီးဌာန၏ အကူအညီဖြင့် နွား ၅ ကောင် ခေါ် ဆောင်လာခဲ့သည်။ မြို့နယ်သစ်တော ဦးစီးဌာနက ဧရာဝတီမြစ်နှင့် မုန်းချောင်း တလျှောက်တွင် လှေများဖြင့် ကျွဲ နွား တိရိစ္ဆာန်များကို ကယ်ဆယ်ရန် ကြိုးစားခဲ့သည်။
ရေမြင့်တက်လာသည့် အချိန်တွင် ဦးကျော်နောင်က သူ၏နွားများအတွက် ကောက်ရိုးများ ယူဆောင်သွားရန် သတိရလိုက်သည်။ လက်ရှိ အကျပ်အတည်း ကာလတလျှောက်လုံး အတွက် မလုံလောက်နိုင်သည်ကို တွေ့ရသောအခါ စိုးရိမ်ခဲ့ရသည်။
“ကောက်ရိုး တအိတ်ဆိုရင် နွား ၂ ကောင်ကို ၂ ရက်လောက်ပဲ ကျွေးလို့ရမယ်” ဟု သူက ပြောသည်။
သန့်ရှင်းသော ရေကလည်း လုံလောက်မှု မရှိသည့် အတွက် တိရိစ္ဆာန်အများစုသည် အနီးအနားတွင်ရှိနေသော ချောင်းထဲမှ မသန့်ရှင်း သည့်ရေများကို သောက်ကြရသည်။ အာဏာပိုင်များက စခန်းရှိ ရေဘေးသင့်ပြည်သူများ အတွက် ဆောင်ရွက် ပေးနေရသဖြင့် ကျွဲနွား တိရိစ္ဆာန်များ ကို ဦးစားမပေးနိုင်ဘဲ ဖြစ်နေသည်။
“သူတို့ (မြို့နယ် အာဏာပိုင်များ) ဆီက ရေနည်းနည်းရတယ်။ ဒါကို ကျနော့် နွားတွေအတွက် သိမ်းထားတယ်။ ချောင်း ထဲက ရေကိုသောက်ခိုင်းရင် သူတို့အတွက် မကောင်းဘူး” ဟု ဦးကျော်မောင်က ဆိုသည်။
သို့သော်လည်း ဗီးဇတ်ခုံ ကျေးရွာမှ ဦးငွေလင်းကတော့ သောက်သုံးရေ လုံလောက်စွာမရနိုင်သည့် အတွက် သူ၏ နွား ၄ ကောင်ကို ချောင်းရေတိုက်နေရသည်ဟု ဆိုသည်။
“ကျနော့်နွားတွေကို ချောင်းရေ သောက်ခိုင်းထားရတယ်။ ဒီရေက ညစ်ပတ်တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျနော်တို့ မှာ သူတို့ကို တိုက်ဖို့ အလုံအလောက်မရှိဘူး” ဟု သူက ဧရာဝတီသို့ပြောသည်။
စိုက်ပျိုးရေး ကဏ္ဍက မြန်မာနိုင်ငံတွင် လုပ်သားအင်အားထု၏ ၇၀ ရာခိုင်နှုန်းရှိပြီး လက်ရှိရေဘေးကြောင့် ဒုက္ခရောက်ကြ ရသူ အများစုမှာ တောင်သူလယ်သမားများဖြစ်သည်။ သူတို့၏ လယ်ယာမြေများကို ထွန်ယက်စိုက်ပျိုးရန်အတွက် ကျွဲနွား များ အပေါ်များစွာ မှီခိုအားထားကြရသည်။ တောင်သူလယ်သမားများ အတွက် ကျွဲနွားများက ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။ ၎င်းတို့သည် လယ်ယာ ထွန်ယက်ရေးမှာသာမက အခြား အလုပ်ကြမ်းများတွင်လည်း အသုံးချနိုင်သော လုပ်သားများလည်း ဖြစ်ကြသည်။
ကံကောင်းထောက်မစွာဖြင့် ရေနံချောင်းမြို့နယ်မှ ကျွဲနွား တိရိစ္ဆာန်အများစုကို ကုန်းမြင့်နေရာများသို့ ရွှေ့ပြောင်းနိုင်ခဲ့ သည်ဟု ဒေသခံများကဆိုသည်။ မြို့နယ်သစ်တော ဦးစီးဌာနက တိရိစ္ဆာန် အများအပြားကို လှေများဖြင့် ကယ်ဆယ်နိုင်ရန် ကြိုးစားပေးခဲ့သည့် အတွက် ကျေးဇူးတင်ကြောင်းလည်း သူတို့က ပြောသည်။
သူတို့၏ ကျွဲနွား တိရိစ္ဆာန်များ အသက်မသေရေးက အရေးကြီးကြောင်း သို့မှသာလျှင် ရေပြန်ကျသွားသည့် အချိန်တွင် စိုက်ခင်းများသို့ ပြန်သွားပြီး အလုပ်လုပ်နိုင်မည် ဖြစ်ကြောင်း ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိနေသည့် တောင်သူများက ပြောကြသည်။
ကျွဲနွားတိရိစ္ဆာန်များ နေပူမမိအောင်၊ ရေနှင့် ပါမသွားအောင် လည်း ကျွဲနွား များနှင့် အတူ ကယ် ဆယ်ရေး စခန်းသို့ ရောက်ရှိနေသူ အများစုက ဂရုစိုက်ကာကွယ်နေကြသည်။
ရေတက်လာသည့် အချိန်တွင် သူ၏ နွား ၄ ကောင် ဘေးကင်းအောင် သူမည်သို့ အားထုတ်ဆောင်ရွက်ခဲ့ရသည်ကို ဦးငွေလင်းက ပြန်ပြောပြသည်။ “ပထမဆုံး အိမ်ထဲကိုရေတွေဝင်လာတာ ကျနော်တို့ သတိထားမိတယ်။ ကျနော်တို့ နည်းနည်း စိတ်ပူသွားပေမယ့် ဆက်ပြီး စောင့်ကြည့်နေခဲ့တယ်။ နောက်ဆုံးတော့ ကျနော်တို့ အတွက် အရေးကြီးတဲ့ ပစ္စည်းတွေယူပြီး တော့ ထွက်သွားဖို့လိုနေပြီဆိုတာ သိလိုက်တယ်” ဟု သူကဆိုသည်။
“ကျနော့် နွား ၄ ကောင်ကို ခေါ်လာဖို့ ၂ ရက်ကြာတယ်။ ချောင်းထဲမှာ ရေစီးတာကလည်း အရမ်းပြင်းတယ်။ ချောင်းရေ တွေကို ဖြတ်တဲ့ အခါ တခါတလေ ကျနော်ရေကူးပြီး သွားနိုင်ပေမယ့် တခါတလေကျရင် နွားတွေစီးပြီးတော့ ဖြစ်ဖြစ် သူတို့ အမြီးတွေကို ကိုင်ပြီးတော့ဖြစ်ဖြစ် နောက်ကနေ လိုက်ရတယ်” ဟု ဦးငွေလင်းက ပြောသည်။
မကွေးမြို့နယ်မှ ဦးညီညီလှိုင်က ရေနံချောင်းမှ အစာရေစာပြတ်လပ်နေသော ကျွဲနွားတိရိစ္ဆာန်များကို ကူညီနိုင်ရန် စတင် ကြိုးစားနေပါသည်။
ဦးညီညီလှိုင်နှင့် သူ၏ ဒေသခံ အကူအညီပေးရေး အဖွဲ့တခုက ရေနံချောင်း ဒေသခံ ၁ဒါဇင်ခန့်ကို တနေ့လျှင် ၁၅၀၀ ပေး၍ မြက်ရိတ်ရန် ငှားရမ်းခဲ့ပြီးနောက် မြက်ထုံးများကို ထရပ်ကားနှင့်တင်ကာ တိရိစ္ဆာန်များကို သွားကျွေးခဲ့သည်။ ပိုင်ရှင်များထံ မှ အခကြေးငွေ မယူဘဲ ကူညီခြင်းဖြစ်သည်။
“ကျနော်တို့ အများစုက ဒုက္ခရောက်နေတဲ့ လူတွေ အပေါ်မှာပဲ အာရုံရောက်နေကြတယ်။ ဒါပေမယ့် တိရိစ္ဆာန်တွေလည်း လူတွေလိုပဲ အခက်အခဲဖြစ်နေတယ်ဆိုတာ နောက်ပိုင်းမှာ ကျနော်တို့သိလာရတယ်။ သူတို့က သူတို့ပိုင်ရှင်တွေက ကျွေးမှ စားရတာလေ” ဟု ဦးညီညီလှိုင်က ဧရာဝတီသို့ ပြောသည်။