ကျိုးပဲ့ပျက်စီးနေသည့် ရထားလမ်း၊ ကားလမ်းများ၊ နေပူလှန်းရန်အတွက် ဖြစ်သလို ဖြန့်ကျဲထားသော ချဉ်စော်နံနေသည့် စပါးများ၊ ရွံ့နွံံများဖြင့် ပြည့်နှက်နေသည့် အိမ်ငယ်များ၊ သစ်ပင်သစ်တုံး အပျက်အစီး အများအပြား ပြန့်ကျဲနေသည်။ စပါးပင်များ လုံးဝမရှိတော့ဘဲ ရွံ့နွံတောဖြစ်နေသည့် လယ်ကွင်းပျက်များ၊ တဲငယ်များဖြစ်သလို ထိုး၍ နေကြသည့် ဒေသခံများစွာနှင့် ဥဒဟိုသွားလာနေသည့် တိရိစ္ဆာန်များက လမ်းဘေးဝဲယာတွင် ရှိနေသည်။
ရွာပတ်ဝန်းကျင် တခုလုံးမှာလည်း ရွံ့ပုပ်၊ စပါးပုပ်၊ တိရိစ္ဆာန်သေ အပုပ် စသည့် အပုပ်နံ့များဖြင့် ဖုံးလွှမ်းနေသည်။ ဒေသခံတချို့ကမူ တောင်းငယ်၊ အထုပ်ငယ်များရွက်ကာ မြို့ပေါ်သို့သွားရန် ကျိုးပဲ့ဇလီဖားတုံးများ ပြုတ်ထွက်နေသည့် ရထားလမ်း အပျက်အစီးများနှင့် ရွံ့နွံအပြည့်ဖြစ်နေကာ ရေစီးသန်သည့် ချောင်းများဖြစ်သွားသည့် လယ်ကွင်းပျက်များပေါ်တွင် ခက်ခက်ခဲခဲ သွားလာနေကြသည်။
ထိုမြင်ကွင်းများကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၏ ၉ မိုင်ခန့်အကွာတွင် တည်ရှိသည့် ရွာငယ်အများအပြားတွင် တွေ့ရှိရသည်။
ကလေးမြို့တွင် ဇူလိုင်လ အတွင်း ၂ ပတ်နီးပါး အဆက်မပြတ် ရွာသွန်းသည့် မိုးနှင့် အဆိုးဝါးဆုံး ရေကြီးရေလျှံမှု ဖြစ်ခဲ့ပြီး ဒေသခံ သက်ကြီးရွယ်အိုများက ယင်းသည် နှစ်ပေါင်း ၁၀၀ အတွင်း အဆိုးဝါးဆုံးဖြစ်သည်ဟု ပြောဆိုကြသည်။ ထိုဖြစ်ရပ်ကြောင့် ဒေသခံ အများအပြား အိုးအိမ်ဆုံးရှုံးပြီး စီးပွားရေးနှင့် စားဝတ်နေရေးများစွာ ထိခိုက်ခဲ့ကြရသည်။
“အဲဒီလောက်ကြီးအထိ ရေကြီးမယ်လို့ မထင်ခဲ့ဘူး။ မိုးလေဝသသတင်းလည်း မကြားပါဘူး။ ရေတွေ တရိပ်ရိပ် တက်လာတော့မှ နီးစပ်ရာမော်တော်နဲ့ ကိုယ်လွတ်ရုန်းပြေးရတယ်။ ဘာတခုမှ မသယ်နိုင်ဘူး။ လယ်တွေက နောက် ၁ နှစ်လောက် အချိန်ယူရင်တောင် ပြန်စိုက်လို့ ဖြစ်မယ်မထင်တော့ဘူး။ ကိုယ့်လယ်ကွက် နေရာတောင် ကိုယ်မမှတ်မိဘူး” ဟု ရေလဲဦးကျေးရွာဒေသခံ မစန်းစန်းခိုင်က ပြောသည်။
မစန်းစန်းခိုင်တို့ မိသားစုသည် ရက်ကန်းရက်လုပ်ခြင်း၊ လယ်ယာစိုက်ပျိုးခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်သည်။ သို့သော် ရေဘေးအန္တရာယ် ကြုံတွေ့ခဲ့ရပြီးနောက် နေအိမ်တခုလုံး ပျက်စီးသွားသလို အဓိက အသက်မွေးဝမ်းကျောင်း လုပ်နေရသည့် ရက်ကန်းစင်နှင့် လယ်မြေများမှာ ရွံနွံများအောက် ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
သူက “ဘဝကို အများကြီး ပြန်ရုန်းကန်ရတော့မယ်။ ကျမတို့မှာ ဒီလိုဖြစ်ပြီးတော့လည်း ဘယ်သူ့ဆီကမှ ထောက်ပံ့ကြေး ဆိုတာလည်း မရဘူး။ မြို့ထဲက ဒုက္ခသည်စခန်းမှာ နေတဲ့သူတွေကတော့ ပစ္စည်းတွေဘာတွေ ရတယ်ပြောတာပဲ။ ကျမတို့လို ရွာတွေထဲမှာ ဒုက္ခရောက်နေသူတွေ ဆီကိုတော့ ဘယ်သူမှ ရောက်မလာဘူး။ လာရတာ ဝေးလို့ထင်ပါရဲ့။ ဒါပေမယ့်လည်း မျှော်လင့်နေမိတယ်” ဟု ဆိုသည်။
ရေကြီးမှုကြောင့် ကျေးရွာပေါင်းများစွာတွင် ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့မှုများ လုံးဝ မရသည့်အတွက် ထောက်ပံ့ပေးစေလိုကြောင်း ကျေးရွာဒေသခံများ က ပြောဆိုကြသည်။
ကလေးမြို့မှ ၁၂ မိုင်ခန့်အကွာတွင် တည်ရှိနေသည့် နန်းချောင်း၊ မောက်လင်း၊ ကျီကုန်း၊ ရေလဲဦး၊ ကြာအင်း၊ ချင်းဆို၊ ထို့်မှု၊ စီတာ စသည့် ရွာပေါင်းများစွာတွင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ခဲ့သည်။ ယင်းအနက် ထိခိုက်မှု အများဆုံးရွာမှာ ကလေးမြို့ပေါ်မှ ၁၃ မိုင်ခန့် အကွာတွင်ရှိသည့် ကြာအင်းရွာ ဖြစ်သည်ဟု သိရသည်။ အဆိုပါရွာ တရွာလုံးတွင် ရွံ့နွံများ လမ်းတိုင်းနှင့် အိမ်တိုင်း ပြည့်နှက်နေသည်။ ရွံ့ပုပ်စော်၊ ချဉ်စော် စသည့် အနံ့အသက်များကလည်း ရွာပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသည်။ မွေးမြူထားသည့် တိရိစ္ဆာန်များနှင့် လူများမှာလည်း ဖြစ်သလို သွားလာနေကြသည်ကို တွေ့ခဲ့ရသည်။ အခြေအနေ အနည်းငယ်သာ ဆိုးရွားခဲ့သည့် အိမ်များကလည်း နေအိမ်တွင်းမှ ရွံ့နွံများကို ရေဖြင့်ဆေးကြောနေကြသည်။
ရေကြီးရေလျှံခဲ့သဖြင့် ကလေး-ဂန့်ဂေါ ရထားလမ်းပိုင်းမှာ ပျက်စီးခြင်း၊ တံတားငယ်များ ပြိုကျပျက်စီးခြင်းနှင့် ကလေး-မန္တလေး ကားလမ်းမှာလည်း ပြိုကျပျက်စီးကာ သစ်ပင်များ လဲပြိုနေသည်ကို တွေ့ခဲ့ရသည်။
ထို့ပြင် ရေဘေးဖြစ်ပွားမှု၏ နောက်ဆက်တွဲအဖြစ် ဒေသခံများ၏ ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဂရုစိုက်ဖြေရှင်းရန် လိုအပ်နေကြောင်း ပရဟိတအဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။
ချင်း နှစ်ခြင်းခရစ်ယာန်အဖွဲ့မှ သိက္ခတော်ရဆရာတော် ဆန်အုပ်ကျုံးက “အရေပြားရောဂါ၊ စိတ်ရောဂါနဲ့ ဝမ်းပျက် ဝမ်းလျှောတာတွေဖြစ်မှာ စိုးရိမ်တယ်။ ကျနော်တို့ စောင့်ရှောက်နေတဲ့ ကယ်ဆယ်ရေးစခန်းက လူတယောက်ရဲ့သားဆိုရင် အခုလို အဖြစ်အပျက်ကြောင့် သိပ်စိတ်ထိခိုက်ပုံရတယ်။ ရေကြီးကတည်းက သူ့အိမ်ပေါ်က မဆင်းဘူး စကားလည်း မပြောဘူး အခုချိန်ထိ အဲဒီအတိုင်းနေနေတယ်” ဟု ရှင်းပြသည်။
“ဘာကြောင့် ရေကြီးသလဲ” ဆိုသည့် အဖြေကိုတော့ ဒေသခံအများအပြားက သစ်ပင်တွေ မရှိတော့လို့၊ ဆည်ရေ ဖောက်ချလို့နှင့် မိုးကြီးလို့ဟု အမျိုးမျိုး ထင်ကြေးပေးကြသည်။
မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က မြန်မာနိုင်ငံ၏ ရာသီဥတုသည် ဖောက်ပြန်မှုများ ခံရမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။ သူက “ပြောနိုင်တာပေါ့။ အကြီးအကျယ် ခံစားနေရပါပြီလို့ ကျနော်ပြောတာကိုကပဲ ဘယ်နှနှစ်လောက် ရှိနေပြီလဲ။ ဒီခံစားမှုက နောက်ထပ် ဆက်ဖြစ်နေဦးမယ်။ တော်ရုံနဲ့ မပျောက်ဘူး” ဟု ဆိုသည်။
မြန်မာနိုင်ငံ အနှံ့အပြားတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများရှိနေသော်လည်း အစိုးရပိုင်းက လက်တွေ့လုပ်ဆောင်မှုနှင့် အရေးပေါ်ကြေညာရမည့် အခြေအနေအများတွင် အားနည်းခဲ့သည်ဟု ပညာရှင်များက ဝေဖန်ကြသည်။
ဒေါက်တာ ထွန်းလွင်က “အရေးပေါ် ကြေညာတာတို့၊ ကြိုတင်ပြီး ပြောင်းရွှေ့တာတို့၊ ဒါ ကြိုတင်ကာကွယ်မှု အပိုင်းတွေပါ။ အဲဒီ အပိုင်းတွေကတော့ အားနည်းပါတယ်။ နောက်ပြီး နာဂစ် မဖြစ်ခင်ကတည်းက သဘာ၀ ဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေး စီမံချက်တွေ ရေးဆွဲခဲ့ပြီးသားပါ။ ကော်မတီတွေ ဖွဲ့ပြီးသားပါ။ အဲဒါတွေကလည်း ဘာ အကောင်အထည် ဖော်တာမှ မတွေ့ရသေးဘူး။ ဒါဟာ အကြီးအကျယ် အားနည်းချက်ပဲလို့ ပြောရမယ်” ဟု အစိုးရ၏ ဆောင်ရွက်မှုအပေါ် ထောက်ပြဝေဖန်သည်။
ဒေသခံပြည်သူ အများစုကမူ လက်ရှိအခြေအနေတွင် သူတို့ဘဝ ပြန်လည်ထူထောင်နိုင်ရန် အတွက်သာ စဉ်းစားနေကြရသည်။ အစိုးရက ကူညီထောက်ပံ့ပေးမည်ကို သူတို့ မျှော်လင့်နေကြသည်။
“စပါးကျီတွေလည်း ရေမြုပ်တော့ စားဖို့နဲ့ ရောင်းဖို့ လှောင်ထားတဲ့စပါးတွေ ကုန်ပြီလေ။ အနံ့အသက် မကောင်းတော့ပေမယ့် ပြန်စားလို့ ရလိုရငြား နေလှန်းကြည့်တာ။ ဘယ်ကယ်ဆယ်ရေးမှ မလာပါဘူး။ ကျမတို့ ရေကြီးတုန်းကလည်း ဟိုအိမ်ကူ ဒီအိမ်ကူနဲ့ ပြောင်းပြေးရတာ။ အခုလည်း ရှိတာတွေ ဖြစ်သလို ထုတ်စားနေတာ။ ဒီတခါမှ ရေထပ် တက်လာရင်တော့ အိမ်မပြောနဲ့ ပြေးစရာ အပင်တောင် မရှိတော့ဘူး။ တာဝန်ရှိသူတွေကို ပြောပြလိုက်စမ်းပါ။ ကျမတို့ စီးပွားပျက်ကုန်ပြီဆိုတာ” ဟု ရေကြီးမှုဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရသည့် ကြာအင်းရွာခံ ဒေါ်ကြီးသာက ဆိုသည်။
အဆိုပါ ရေကြီးရေလျှံမှုသည် ရွာများတွင်သာမက ကလေးမြို့ပေါ်တွင်လည်း အထိအခိုက်၊ အပျက်အစီး အများအပြားရှိခဲ့သည်။ လူနေအိမ်များ ပျက်စီးခြင်း၊ အစိုးရရုံးဌာနများလည်း ရေမြုပ်၍ မှတ်တမ်းများရေစို စုတ်ပြဲခြင်းများ ဖြစ်ခဲ့သည်။
ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှာလည်း ရေဘေးဒဏ် အများအပြားခံခဲ့ရသည့် အဆောက်အအုံများအနက် တခု အပါအဝင်ဖြစ်သည်။
“ရေတွေ တက်လာတော့ လူနာတွေကို ရွှေ့ပစ်ရတယ်။ ဆေးဂိုဒေါင်လည်း ရေမြုပ်တော့ ဆေးတွေလည်း ပျက်စီးကုန်ပြီ။ ရေတင်စက်လည်း ရေဝင်ပြီး ပျက်စီးတယ်။ လူနာဆောင်တွေကတော့ မြုပ်ကုန်တာပဲ၊ အခုမှ ရေပြန်ဆေးချနေရတယ်။ ဘယ်လောက် ပျက်စီးတယ်ဆိုတော့ တန်ဖိုးမတွက်နိုင်သေးဘူး” ဟု ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိန်အေးက ပြောပြသည်။
လက်ရှိတွင် ဆေးရုံရှိလူနာများကို တပ်မတော်စစ်ဆေးရုံ ခုတင် ၁၀၀ တွင် ပြောင်းရွေ့ထားရဆဲ ဖြစ်ကြောင်း၊ ရေပြန်ကျပြီးနောက် ယခုရက်ပိုင်းအတွင်း အရေးပေါ် လူနာကုသဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု အများအပြားရှိခဲ့သည့်အတွက် အထောက်အပံ့များ လိုအပ်နေကြောင်း သိရသည်။
ရေကြီးမှုဖြစ်ပွားချိန်တွင် HIV/AIDS ဝေဒနာရှင်များအတွက် ART ဆေးဝါး သောက်သုံးရန် အခက်အခဲ တွေ့ခဲ့ကြပုံပေါ်သည်။ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးအနီးရှိ ကာလသားရောဂါကုသမှု ဌာနတွင် ဆေးဝါးရရှိနိုင်မည့် ဖုန်းနံပါတ်အများအပြား ကြေညာထားသည်ကိုလည်း တွေ့ခဲ့ရသည်။
“သိန်း ၈၀ လောက် ထိခိုက်သွားတယ်။ နေကြာ၊ စပါး အကုန်လှောင်ထားတာ၊ ရေကြီးတော့ အကုန်ပါသွားတယ်လေ။ လယ် ၄ ဧက ကလည်း ပျက်စီးသွားပြီ။ အခုလိုဖြစ်တော့ အစိုးရက ဘာလုပ်ပေးဖို့ရှိမလဲ သိချင်တယ်။ တောင်သူတွေက အခုလိုပုံစံမျိုးနဲ့ဆို ဘယ်လိုမှ နလန်မထူနိုင်ဘူးလေ။ ဘယ်လို လုပ်ကိုင်စားသောက်ရမှာလဲ” ဟု ကလေးဘူတာကြီးအတွင်း လွတ်နေသည့် မြေကွက်လပ်များပေါ်တွင် ရေစိုနေသည့် အဆီထုတ်နေကြာစေ့များ လှမ်းနေသူ ကလေးမြို့ အောင်မင်္ဂလာ ရပ်ကွက်နေ မမိုးမိုးဦးက ပြောသည်။
ရွာများမှ မြို့ပေါ်သို့ဖြစ်စေ၊ တခြားတနေရာသို့ဖြစ်စေ ပစ္စည်းများ ပြောင်းရွှေ့မည်ဆိုပါက ရွှေ့ပေးသူများကို အထုပ် တထုပ်လျှင် ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်၊ ဆိုင်ကယ်တစီးလျှင် ၁၅၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ် ပေးရပြီး အခြေခံ စားသောက်ကုန် ဈေးနှုန်းမှာလည်း မြင့်တက်လာသည်ဟု သိရသည်။
ကယ်ဆယ်ရေးနှင့် ကူညီမှုလုပ်ငန်း လုပ်ဆောင်နေသည့် အဖွဲ့များ၏ ထောက်ပံ့ရေးပစ္စည်း အားလုံးနီးပါးမှာ ကလေးမြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းများကိုသာ အဓိကထား ရောက်ရှိနေပြီး ရေဘေးကို ဆိုးရွားစွာ ထိခိုက်ခဲ့သည့် ဝေးလံခေါင်ဖျား ကျေးရွာဒေသခံများဆီသို့ လုံးဝ မရောက်သေးသည့်အတွက် အထောက်အပံ့များ လိုအပ်နေသည်ဟု သိရသည်။
“ကျနော်တို့တွေက တလ၊ တနှစ် စသည်ဖြင့် အချိန်အတိုင်းအတာ တခုအထိပဲ လုပ်ပေးနိုင်မှာ၊ တခြားအဖွဲ့တွေလည်း ထိုနည်းတူပဲ။ တကယ့်ကို ပြည်သူတွေရဲ့ဘဝ ပြန်လည်ထူထောင်ဖို့ အဓိက လုပ်ဆောင်ပေးရမှာ အစိုးရပဲ။ သူ့မှာ တာဝန်ရှိတယ်။ သူလုပ်ပေးမှ ရမှာလေ” ဟု ကလေးမြို့ ချင်း နှစ်ခြင်းခရစ်ယာန်အဖွဲ့မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးလျန်သဲမန်းက ဆိုသည်။
အဆိုပါ ချင်း နှစ်ခြင်း ခရစ်ယာန်အဖွဲ့က ရေဘေးဒုက္ခသည် ၂၀၀ ကျော်အတွက် ဘုရားကျောင်းအတွင်း ကယ်ဆယ်ရေးစခန်း ဖွင့်ထားပြီး နေအိမ် မပျက်စီးသော်လည်း စားဝတ်နေရေး ဒုက္ခရောက်နေသည့် ဒေသခံများအတွက် ထမင်းဟင်းများချက်ကာ ပို့ဆောင်ပေးလျက်ရှိသည်ဟု သိရသည်။
ရေဘေးဒုက္ခသည်များကို ထောက်ပံ့ကူညီမှုများ ပြုလုပ်နေသည့် ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်က “ပြန်လည် ထူထောင်ရေး လုပ်တဲ့အပိုင်းမှာ ကိုယ့်အိမ်ကိုယ့်ရာ ပြန်နေနိုင်ဖို့ ပြန်လည် ပြင်ဆင်ရမယ်။ အသက်မွေးဝမ်းကျောင်း အတွက် လုပ်နေတဲ့အလုပ်တွေ ပြန်ရှင်သန်အောင်လုပ်ဖို့လိုမယ်။ ဥပမာ စိုက်ပျိုးရေးမွေးမြူရေးပေါ့။ ချက်ချင်းတော့ မဖြစ်နိုင်ဘူးပေါ့၊ ဒုက္ခဖြစ်သွားတော့ စိတ်ဓာတ်ခွန်အားပေးဖို့လည်း လိုမယ်” ဟု ပြောသည်။
ဆက်လက်၍ သူက “ကလေးတွေအနေနဲ့ ကျောင်းပြန်တက်ရမယ့် အပိုင်းမှာ ကျောင်းသုံးပစ္စည်းတွေ လုံလောက်မှု ရှိ၊ မရှိ ဒါတွေလည်း ပြန်ပံ့ပိုးပေးဖို့လိုသလို ကျေးလက်ဆေးပေးခန်းတွေ၊ လမ်းပန်းဆက်သွယ်ရေး ပိုင်းမှာလည်း ပြန်လည် ပြင်ဆင်ပြုပြင်ပေးပြီးမှ ခရီးလမ်းပန်းလည်း အဆင်ပြေအောင်ဆိုတော့ အာလုံး ဝိုင်းဝန်းဆောင်ရွက်ပေးဖို့တော့ လိုမယ်ပေါ့။ ဒါ့အပြင် လယ်ယာမြေတွေအတွက် မျိုးစပါးပံ့ပိုးမှု အပိုင်းလည်း လိုအပ်မှာပါ”ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ဇွန်လမှ သြဂုတ်လအတွင်း ရေကြီးရေလျှံမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင် ရေလွှမ်းမိုးခံခဲ့ရပြီး ကောလင်း၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ ညောင်တုန်း၊ အင်္ဂပူ၊ ဟားခါး၊ ကလေးစသည့်မြို့များတွင် ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့သည်။ အဆိုပါ ရေကြီးရေလျှံမှုကြောင့် နိုင်ငံအဝှမ်း သေဆုံးသူ ၆၉ ဦး ရှိခဲ့ပြီး ရေဘေးသင့်ပြည်သူ ၂၅၉၀၀၀ ကျော်အထိ ရှိခဲ့သည်ဟု အစိုးရပိုင် ကြေးမုံသတင်းစာက ဇူလိုင် ၄ ရက်တွင် ထုတ်ပြန် ကြေညာထားသည်။
ကလေးမြို့ဝန်းကျင် ရေကြီးမှုအခြေအနေ ဓာတ်ပုံများ ဧရာဝတီ ဖေ့စ်ဘုတ်တွင် ကြည့်ရှုရန်
https://www.facebook.com/media/set/?set=a.1056161291094689.1073743594.121507374560090&type=3