ကျန်းမာရေး စီမံခန့်ခွဲရေးနှင့် လုံးဝ မသက်ဆိုင်သော တပ်မတော် အဆင့်မြင့် အရာရှိနှစ်ဦးနှင့် စစ်ဘက်ဆိုင်ရာ ဆရာဝန် ၃ ဦးတို့ကို နေပြည်တော် ကုသရေး ဦးစီးဌာနနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဒု ညွှန်မှူး၊ လက်ထောက် ညွှန်မှူး၊ အထူးကုဆရာဝန် စသည့် အရပ်ဘက် ရာထူးများဖြင့် ပြောင်းရွှေ့ရန် ကျန်းမာရေးဝန်ကြီး ဒေါက်တာ သန်းအောင်၏ ညွှန်ကြားချက် ထွက်လာပြီးနောက် အရပ်ဖက် ဆရာဝန်များ၏ ကန့်ကွက်မှု၊ ပညာရှင်များ၏ ဝေဖန်မှုများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။
စစ်ဘက် အရာရှိများကို အရပ်ဘက်သို့ အဆင့်မြင့်ရာထူးများဖြင့် ကျွမ်းကျင်သူ ပညာရှင်များ အထက်တွင် ခန့်ထားခဲ့သည်မှာ စစ်အစိုးရလက်ထက် တလျှောက် အစဉ်အလာ ဖြစ်နေခဲ့သည်။ အကျိုးဆက်အားဖြင့် လုပ်ငန်း စီမံခန့်ခွဲမှုကို နားမလည်ခြင်း၊ အရပ်ဘက် အုပ်ချုပ် စီမံခန့်ခွဲမှုတွင် အကျိုးမရှိသော စစ်တပ်စနစ်များကို သုံးခြင်း၊ ထက်အောက် စနစ် တင်းကျပ်ခြင်း၊ ဝါရင့် ပညာရှင် အရပ်ဖက်ဝန်ထမ်းများ ရာထူးတက်လမ်း မရှိတော့ခြင်း စသည့် ပြဿနာနှင့် မကျေနပ်မှုများ၊ ဆိုးကျိုးများ တောက်လျှောက် ဖြစ်ပေါ်ခဲ့သည်။ စစ်အစိုးရ လက်ထက်တလျှောက် အရပ်ဖက် ဝန်ထမ်းများ ခေါင်းငုံ့ ခါးစည်းခံခဲ့ရသည်။
စစ်တပ်အရာရှိများသည် ကျန်းမာရေး၊ ပညာရေး၊ ဆောက်လုပ်ရေးသာမက နိုင်ငံခြား သံတမန်ရာထူးများကိုပါ အပိုင်စီးယူထားခဲ့ကြသည်။ ယင်းသို့ စစ်တပ် အရာရှိများက ပညာသည်များ၊ ပညာရှင်များသာ တာဝန်ယူသင့်သည့် နေရာတွင် အခန့်သား နေရာဝင်ယူခဲ့သောကြောင့် “မိုးကျရွှေကိုယ်” ဆိုသော စကားလုံးကို အနုတ်လက္ခဏာအဖြစ် သုံးလာကြသည်။
လွှတ်တော်ထဲတွင် ဝင်ရောက်ထိုင်နေသော စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ကန့်ကွက်နေချိန်၊ စစ်ဘက်ရာထူးများမှ ပြောင်းလာသူများ အရပ်ဘက် ရာထူးများကို တောက်လျှောက် အုပ်စိုးထားဆဲ အချိန်တွင် ထုတ်ပြန်လိုက်သော ကျန်းမာရေးဝန်ထမ်း ရာထူးအပြောင်းအရွှေ့က ဆရာဝန်များနှင့် အရပ်ဘက် ဝန်ထမ်းများကို ဒေါသထွက်စေခဲ့သည်။
ကျန်းမာရေးဌာနနှင့် ဆေးရုံကြီးများတွင် တာဝန်ယူထားသော အထူးကု ဆရာဝန်တချို့ နုတ်ထွက်စာ တင်ခြင်း၊ မိုးကျရွှေကိုယ် များကို ကန့်ကွက်ကြောင်း လက်မှတ်စုဆောင်းခြင်း၊ မိုးကျရွှေကိုယ်များကို ကန့်ကွက်သည့် ဆရာဝန်ကြီးများ၏ Black Ribbon Campaign လှုပ်ရှားမှု၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာ သန်းအောင်ကို ဆရာဝန်ကြီးတချို့က ယင်းကိစ္စနဲ့ ပတ်သက်၍ အလုပ်ထုတ်လိုက ထုတ်ပစ်နိုင်ကြောင်း စိန်ခေါ်ခြင်းများကို လူမှုကွန်ရက်များတွင် တွေ့မြင်နေရသည်။
ယင်းသို့ ကျန်းမာရေးဝန်ကြီးဌာနသို့ စစ်ဘက် မိုးကျရွှေကိုယ်များ ပြောင်းရွှေ့ခြင်းကို ပထမဆုံးအကြိမ် အတိအလင်း ကန့်ကွက်လိုက်ခြင်းအားဖြင့် တခြားသော ဝန်ကြီးဌာနများသို့ ရောက်ရှိနေပြီး ဖြစ်သော မိုးကျရွှေကိုယ်များနှင့် ရောက်လာလိမ့်မည်ဖြစ်သော မိုးကျရွှေကိုယ်များကို အကြီးအကျယ် တပ်လှန့်လိုက်ခြင်း ဖြစ်သည်။
စစ်တက္ကသိုလ်ဆင်းများ၊ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူများသည် မည်သည့် အရပ်ဖက် နယ်ပယ်၌မဆို လုပ်နိုင်ကိုင်နိုင်စွမ်း ရှိသည်၊ နိုင်နင်းစွာ ကိုင်တွယ်နိုင်သည်၊ အရပ်သားများထက် ခေါင်းတလုံး ပိုမြင့်သည်ဆိုသော မှားယွင်းသည့် အစဉ်အလာ အစွဲကြီးကို မြန်မာနိုင်ငံတွင် အမြစ်မှ ဖြုတ်ပစ်ရန် ဤလှုပ်ရှား ကန့်ကွက်မှုများက ပထမဆုံး ခြေလှမ်းအဖြစ် ကိုင်လှုပ်လိုက်ခြင်း ဖြစ်သည်။
အရပ်သား ပညာရှင်များ ထိုက်တန်သည့်နေရာမရှိခြင်း၊ စစ်ဘက်မှ မိုးကျရွှေကိုယ်များ၏ စီမံခန့်ခွဲမှုများ နားမလည် မှားယွင်းခြင်း၊ စစ်တပ်က နေရာတိုင်းတွင် စိုးမိုးသည့် အစဉ်အလာ ဆက်လက်ကြီးထွားနေခြင်းတို့ ယခု ဒီမိုကရေစီ အကူးအပြောင်းကာလတွင် လုံးဝ ပျောက်ကွယ်ရေး မိုးကျရွှေကိုယ် စနစ်ကို ဖျက်သိမ်းရန် လိုအပ်သည်။
ပညာရှင် အရပ်ဖက် ဝန်ထမ်းများ၊ တခြားဌာန အသီးသီးမှ ပညာရှင် ဝန်ထမ်းများကလည်း မိုးကျရွှေကိုယ်စနစ် လုံးဝ အမြစ်ပြတ်ရန် မိမိတို့အခွင့်အရေးအတွက် ထုတ်ဖော်ပြောဆို ကန့်ကွက်ရမည့် အချိန်အခါဖြစ်ကြောင်း တိုက်တွန်းလိုက်ပါသည်။