မြန်မာနိုင်ငံအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံ ဖြစ်ပွား၍ ရေဘေးကြောင့် တနိုင်ငံလုံးအနေနှင့် ယနေ့ စုံစမ်း မှု စာရင်းများအရ သေဆုံးသူ ဦးရေ ၁၀၀ ကျော် ရှိလာပြီ ဖြစ်ကြောင်း သတင်းရသည်။
နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စာရင်းများအရ သေဆုံးသူ ဦးရေ ၁၀၀ ရှိသော စာရင်းထဲတွင် မပါရှိသေးသည့် ကလေးမြို့နယ်နှင့် ကလေးဝမြို့နယ်တွင် သေဆုံးသူ ၇ ဦး ရှိကြောင်း ယခုဆိုလျှင် သေဆုံး သူ စုစုပေါင်း ၁၀၇ ဦး ရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။
“ဒီနေ့ သိရတဲ့စာရင်းအရတော့ အားလုံးပေါင်း ၇ ဦး စာရင်းရထားတယ်။ ကလေးက ၄ ဦးနဲ့ ကလေးဝက ၃ ဦး ရှိတယ်။ ကလေး၀ က သေဆုံးတဲ့ ၃ ဦးက ရေကြီးနေတဲ့အချိန်မှာ ကလေးမြို့ပေါ်ကို အရေးကြီးလူနာကို စက်လှေနဲ့ လာတင်ရင်းနဲ့ စက်လှေမှောက်ပြီး သေတာပါ။ နောက်ပြီး ကလေးမှာ သေဆုံးတဲ့ ၄ ဦးကတော့ ရေဘေးကြောင့် ရေနစ်သေတာပါ”ဟု စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်(စ်) က ယနေ့ညနေ ၃ နာရီခွဲက ဧရာဝတီ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။
ကလေးမြို့နယ်တွင် ရေနစ်မြုပ်မှုကြောင့် ဒုက္ခသည်များ ခိုလှုံရန် ကယ်ဆယ်ရေးစခန်း ၁၂ ခုဖွင့်ထားပြီး လက်ရှိစာရင်းအရ လူဦးရေ ၁၀၀၀၀ ကျော် ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။
ယနေ့ ညနေ ၄ နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (နေပြည်တော်) သို့ စုံစမ်းရာတွင် မုံရွာမြို့နယ်မှ သေဆုံးသူ ၁ ဦး ထပ်တိုးစာရင်း ရှိလာကြောင်း ပြောသည်။
“မနေ့က စာရင်းအရတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ၉၉ ဦး ရှိတယ်။ ဇွန်လက သေဆုံး ၇ ဦးနဲ့ ဇူလိုင်၊ သြဂုတ် စာရင်းအရ ၉၂ ဦး စုစုပေါင်း ၉၉ ဦးပေါ့။ ဒီနေ့တော့ မုံရွာက ထပ်တိုး ၁ ဦးစာရင်း တက်လာတယ်”ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန (နေပြည်တော်)ရုံးမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောကြားသည်။
နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၏ ဇွန်၊ ဇူလိုင်၊ သြဂုတ် လအထိ ၃ လ အတွင်း သေဆုံးစာရင်းများအရ စစ်ကိုင်းတိုင်းတွင် ၈ ဦး၊ ကချင်ပြည်နယ်တွင် ၁ ဦး၊ ရှမ်းပြည်နယ်တွင် ၉ ဦး၊ မန္တလေးတိုင်းတွင် ၁၁ ဦး၊ ချင်းပြည်နယ်တွင် ၄ ဦး၊ ရခိုင်ပြည်နယ်တွင် ၆၂ ဦး၊ ပဲခူးတိုင်းတွင် ၂ ဦး၊ မကွေးတိုင်းတွင် ၂ ဦး၊ ဧရာဝတီတိုင်းတွင် ၁ ဦး စုစုပေါင်း ၁၀၀ ရှိကြောင်း သိရသည်။
စစ်ကိုင်တိုင်းတွင် သေဆုံး ၈ ဦးသည် ကောလင်း ၄ ဦး၊ ကန့်ဘလူ ၁ ဦး၊ ကျွန်းလှ ၁ ဦး၊ ခန္တီး ၁ ဦး၊ မုံရွာ ၁ ဦး ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စာရင်းတွင် ပါရှိသည်။
ရေနစ်မြုပ်မှုကြောင့် မြန်မာတနိုင်ငံလုံးရှိ တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် ရေဘေးဒုက္ခ ခံစားခဲ့ရပြီး လက်ရှိတွင် ရေဘေးသင့်သူ အရေ အတွက်သည် သြဂုတ် ၈ ရက် ထုတ်ပြန်ချက်အရ လူဦးရေ ၁ သန်း ခန့် ရှိကြောင်း သိရသည်။