ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဟင်္သာတနှင့် ညောင်တုန်းမြို့ပတ်လည်ကို ဝန်းရံထားသည့် တာတမံများ အပါအဝင် အခြား အရေးကြီးသော တာရိုးများကို အမြင့် ၅ ပေ ထပ်မံမြှင့်ပြီး ပိုမိုကြံ့ခိုင်ရေး ပြုလုပ်ရန် သမ္မတ ဦးသိန်းစိန်က ညွှန်ကြားလိုက်ကြောင်း သတင်း ရရှိသည်။
ညောင်တုန်းမြို့နှင့် ဟင်္သာတမြို့ရှိ သြဂုတ်လ ၉ ရက်က တာရိုးများကို ဦးသိန်းစိန်က လိုက်လံ ကြည့်ရှုခဲ့ပြီး ယင်းတို့ကို ပြန်လည် ပြုပြင်နိုင်ရန် ဘတ်ဂျက်တောင်းခံနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ် ပြန်ကြားရေးဝန်ကြီးလည်း ဖြစ်သူ ဦးရဲထွဋ္ဋ်က“အရေးကြီးတဲ့ တာတွေ ရှိတယ်။ အဲဒါတွေကို နောက်ထပ် ၅ ပေ လောက်မြှင့်ဖို့အတွက် သမ္မတကြီးက အရင်တုန်းက စီမံချက် လုပ်ထားတယ်။ ဘတ်ဂျက်မရှိလို့ ကျနော်တို့က နှစ်စဉ်လုပ်မယ်လို့ လုပ်ထားတာ၊ အခုတော့ တခါတည်း လုပ်ဖြစ်သွားအောင် ထပ်တောင်းပေးမယ်”ဟု ပြောသည်။
ယခုတခေါက် ရေကြီးခြင်းကြောင့် မြန်မာနိုင်ငံရှိ ရေမကြီးဘူးသည့် ဒေသများပင် ရေမြုပ်ခဲ့ကြောင်း၊ သဘာဝ ဘေးအန္တရာယ် ဖြစ် သည့် အတွက် တားဆီး၍ မရနိုင်ကြောင်း၊ လက်ရှိ တာရိုး အခြေအနေသည် စိုးရိမ်စရာ မရှိတော့ကြောင်း ဟင်္သာတမြို့ရှိ ရေဘေး ကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့်သူများ၊ ဒေသခံများနှင့် တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
ထု့ိအပြင် မြန်မာပြည် အထက်ပိုင်းမှ ရေများ ကျဆင်း မလာခင်ကတည်းက ဒေသခံများနှင့် အစိုးရအဖွဲ့များ ပူးပေါင်းကာ ဟင်္သာတမြို့ ပတ်လည်ရှိ တာများ၏ ကြံ့ခိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး ယခုအခါ မြစ်ရေ ကျဆင်းစ ပြုလာသည့်အတွက် ဟင်္သာတမြို့သို့ လာရောက်၍ တာမကျိုးရေး လုပ်ဆောင်ခဲ့သူများကို ဂုဏ်ပြုခြင်းဖြစ်သည်ဟု ဦးရဲထွဋ္ဋ်က ပြောသည်။
လက်ရှိတွင် ဟင်္သာတမြို့၌ ဧရာဝတီမြစ်ရေသည် သြဂုတ်လ ၈ ရက်မှစ၍ ကျဆင်းလျက်ရှိပြီး သြဂုတ်လ ၁၀ ရက် နံနက် ၆ နာရီ တိုင်းထွာချက်များအရ မြစ်ရေသည် ၁၄၀၅ စင်တီမီတာတွင် ရှိနေသော်လည်း စိုးရိမ်ရေ အမှတ်ဖြစ်သည့် ၁၃၄၂ စင်တီမီတာ အထက် တွင် ဆက်လက်ရှိနေဆဲ ဖြစ်ကာ နောက် ၂ ရက်အတွင်း စိုးရိမ်ရေ အမှတ်အောက်သို့ ကျဆင်းနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
အစိုးရ၏ ထုတ်ပြန်ချက်အရ မြန်မာတနိုင်ငံလုံးတွင် ရေဘေးကြောင့် အသက်ဆုံးရှုံးသူ ၁၀၀ ကျော် ရှိလာပြီ ဖြစ်ကြောင်း သိရှိရ သည်။