စစ်ဘက်အရာရှိများကို ကျန်းမာရေးဝန်ကြီးဌာနသို့ တိုက်ရိုက် ပြောင်းရွေ့ ခန့်အပ်လိုက်ခြင်းကို အရပ်ဘက် ဆရာဝန်များက လက်မခံကြောင်း ဆန္ဒပြသည့် အနေဖြင့် Black Ribbon Movement (ဖဲကြိုးနက် လှုပ်ရှားမှု) ပြုလုပ်နေပြီ ဖြစ်သည်။
ဖဲကြိုးနက် လှုပ်ရှားမှုဆိုသည်မှာ ဆရာဝန်များက ၎င်းတို့၏ အကျႌများတွင် အနက်ရောင် ဖဲကြိုးခွေ တပ်ဆင်ပြီး စစ်ဘက်အရာရှိများ အရပ်ဘက်သို့ အခွင့်ထူးခံ ပြောင်းရွေ့လာခြင်းကို လက်မခံကြောင်း ဆန္ဒပြခြင်း ဖြစ်သည်ဟု လှုပ်ရှားမှုတွင် ပါဝင်သူ မန္တလေးအရိုး အထူးကုဆေးရုံမှ ဆရာဝန်တဦးက ဧရာဝတီသို့ ပြောသည်။
ယင်း အရိုးအထူးကု ဆရာဝန်က “အနစ်နာခံလုပ်ခဲ့သူတွေရဲ့ နေရာတွေကို အခုလို မိုးကျရွှေကိုယ်တွေ ဝင်ယူသွားတာကို လက်မခံနိုင်ပါဘူး” ဟု ဆိုသည်။
ထို့အပြင် စစ်ဘက်ဆိုင်ရာ အရာရှိများ အရပ်ဘက်သို့ ပြောင်းရွေ့လာမှုကို လက်မခံဘဲ ကန့်ကွက်ကြောင်း လက်မှတ်များလည်း ကောက်ယူလျက်ရှိသည်ဟုလည်း သိရသည်။
စစ်ဘက်အရာရှိများ အနေဖြင့် အရပ်ဘက် ကျန်းမာရေးဌာနများနှင့် ဆေးရုံကြီးများတွင် အဆင့်မြင့်ရာထူးများ ဝင်ရောက်နေရာယူခြင်းမှာ အချိန်ပေးရင်းနှီးထားခဲ့သည့် အရပ်ဘက်ဆရာဝန်များ၏ အခွင့်အရေးများအား လုယူသလို ခံစားရကြောင်း လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်များက ပြောဆိုသည်။
ကန့်ကွက်လှုပ်ရှားမှုများကို ဆရာဝန်များသာ မကဘဲ ကျန်းမာရေး ဝန်ထမ်းအားလုံး ပါဝင်အောင် ဆက်လက် လုပ်သွားမည်ဖြစ်ပြီး အမိန့်စာများအား ပြန်လည် ရုတ်သိမ်းရေးအတွက် လွှတ်တော်တွင်လည်း တင်ပြနိုင်ရန် စီစဉ်နေကြောင်း လှုပ်ရှားမှုတွင် ပါဝင်သူ ရန်ကုန်မြို့မှ အထွေထွေရောဂါကု ဆရာဝန်တဦးက ပြောသည်။
ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယ အတွင်းဝန် ဦးစိန်ဝင်းကမူ “ဌာနတွေအနေနဲ့ ပြောင်းရွေ့ တာဝန် ထမ်းဆောင် တာတွေတော့ ရှိကြတာပဲ။ ဒါအတွက် ပြောစရာ မရှိပါဘူး။ သူ့နေရာယူတယ်၊ ကိုယ့်နေရာယူတယ်လို့တော့ မဟုတ်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ကျန်မာရေးဝန်ကြီးဌာနက ဇူလိုင်လအတွင်း ဗိုလ်ကြီးအဆင့်ရှိ ၃ ဦးနှင့် ဗိုလ်မှူး ၁ ဦးကို ရန်ကုန်၊ နေပြည်တော်၊ မြစ်ကြီးနားတို့ရှိ ဆေးရုံများတွင် အုပ်ချုပ်ရေးပိုင်း ဦးစီးအရာရှိများ၊ ကုသရေး ဆရာဝန်များအဖြစ် ခန့်အပ်ခဲ့သည်။
ဇူလိုင်လကုန်တွင် ဒု ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူ ၅ ဦးအား နေပြည်တော် ကုသရေးဦးစီးဌာနနှင့် ရန်ကုန်ဆေးရုံကြီးတို့သို့ ဒု ညွှန်မှူး၊ လက်ထောက် ညွှန်မှူး၊ အထူးကုဆရာဝန် ရာထူးများဖြင့် ခန့်ထားကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ သန်းအောင်က ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ စစ်ဘက်အရာရှိများကို ကျန်းမာရေးဝန်ကြီးဌာနရှိ အုပ်ချုပ်ရေးပိုင်းတွင် တိုက်ရိုက် နေရာပေးခဲ့သော်လည်း ဆေးရုံအုပ်ချုပ်မှုပညာ ဒီပလိုမာ ဘွဲ့ရ အရပ်ဘက် လက်ထောက် ဆရာဝန် ၃၃ ဦးအား ဗဟိုဆေးသိုလှောင်ရေး ဌာနတွင်သာ တာဝန် ထမ်းဆောင်ရန် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနက ဇူလိုင် ၁၅ ရက်က အမိန့်စာထုတ်ပြန်ခဲ့သည်ဟု သိရသည်။
အစိုးရ ဆေးရုံများတွင် အလုပ်လျှောက်ထားဆဲဖြစ်သည့် ဒေါက်တာ ဆုရီတိုးမောင်က “ဆေးကျောင်းဆင်းတွေကို နေရာမပေးဘဲ စစ်ဘက်ကလူတွေကို အခုလို နေရာပေးတာတော့ အပြင်က ကြိုးစားနေသူတွေ နစ်နာပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။