နှစ် ၉၀ ကျော် ဝန်းကျင်အတွင်း တကြိမ်တခါမှမကြုံခဲ့ရဘူးသည့် ရေဘေးဒဏ်ကို မကွေးတိုင်း ပွင့်ဖြူမြို့နယ်သားတို့ ညတွင်းချင်းပင် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ခဲ့ရသည်။
“၉၄ နှစ် လုံးလုံးမှာ တခါမှဒီလို ရေကြီးပြီး အသက်လွတ်အောင် ပြေးရတာ မကြုံဖူးဘူး။ သိပ်ပြီး ဆိုးလွန်းတယ်။ ညတွွင်းချင်း ရေ တက် လာတာမို့ အသက်လုပြီး ပြေးခဲ့ရတယ်”ဟု ပွင့်ဖြူမြို့နယ် ငှက်တောကုန်း ကျေးရွာမှ အသက် ၉၄ နှစ်အရွယ် အဘွား ဒေါ်သန်းတင်က ရေဘေးဒဏ် ကြုံခဲ့ရသည့် အဖြစ်အပျက်ကို ပြန်လည် ပြောပြသည်။
မကွေးတိုင်းရှိ မုန်း ဆည်နှင့် “ကြီးအုံကြီး၀ ဆည်ထဲမှ ရေများအား ရေပိုလွှဲမှ စွန့်ထုတ်ရာမှ လျှံထွက်လာသော ရေများသည် မုန်းချောင်းသို့ စီးဝင်လာသဖြင့် မုန်းချောင်းရေလျှံ၍ ပွင့်ဖြူမြို့နယ် အတွင်းရှိ ရပ်ကွက် ၄ ရပ်ကွက် ရေဝင်နစ်မြုပ်ပြီး မုန်းချောင်း တလျောက်ရှိ ကျေးရွာအုပ်စု ၄၂ စုရှိ ၂၀၅ ရွာသည် ရေနစ်မြုပ်သွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၏ စာရင်း မှတ်တမ်း များအရ သိရသည်။
အဘွားဒေါ်သန်းတင်က “ရေတက်လာတာ ဘယ်တာဝန်ရှိသူမှ လာမပြောဘူး။ ရွာထဲက နီးစပ်ရာ လှေတွေနဲ့ ပြေးရတယ်။ တချို့လှေတွေက တယောက် တထောင်၊ ထောင့်ငါးရာ တောင်းတယ်။ ကျုပ်တို့ နွားတွေ၊ ကျွဲတွေတော့ သုံးသောင်းလောက် တောင်းလို့ ထားပစ်ခဲ့ရတယ်”ဟု ဆိုသည်။
မုန်း ဆည်သည် စေတုတ္တရာမြို့၏ အထက်ဘက်တွင် တည်ရှိပြီး ကြီးအုံကြီး၀ ဆည်သည် စေတုတ္တရာ၏အောက်ဘက် ပွင့်ဖြူမြို့၏ အထက်ဘက်တွင် တည်ရှိသည်။ ဇူလိုင်လ ၃၀ ရက်တွင် မုန်းဆည်၏ ရေပိုလွှဲမှ ရှိသင့်သည့် အတိုင်းအတာထက် ၃၂ ပေ မြင့် တက်ကာ ရေများလျှံကျလာပြီး ကြီးအုံကြီး၀ ဆည်ထဲသို့ စီးဝင်သွားခဲ့ရာမှ ထိုဆည်နှစ်ခု အကြားရှိ စေတုတ္တရာမြို့သည် ဦးစွာရေ နစ်မြုပ်ခဲ့ရခြင်း ဖြစ်ကြောင်း ကြီးအုံကြီး၀ ဆည်၏ ဦးစီးအရာရှိ (မြို့ပြ) ဦးအောင်မင်းနိုင်က ပြောသည်။
သြဂုတ်လ ၁ ရက်တွင် မိုးဆက်တိုက် ရွာသွန်းပြီး မိုးရေချိန် များပြားလာသဖြင့် ကြီးအုံကြီး၀ ဆည်သည်လည်း ၎င်း၏ ရေပိုလွှဲမှ ရေ ပမာဏသည် စိုးရိမ်ရေအမှတ် ၃၄၀ ထက် ၃၃.၃ ကျော်လွန်သွားခဲ့ပြီး ထိန်းထားသည့် ရေများ လျှံကျလာ၍ ပွင့်ဖြူမြို့နယ် ရေနစ်မြုပ် သွားခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“မုန်တိုင်းငယ်ကြောင့် ရေက ဟိုကျော်၊ ဒီကျော်နဲ့ နောက် ကျော်တဲ့ရေတွေ မုန်းချောင်းထဲ ဆင်းသွားတော့ ဆည်တွေက ပုံမှန် အတိုင်း ပြန်ဖြစ်သွားပြီး ရေလျှံတာပါ။ ဆည်အနေနဲ့ ကျိုးတာ၊ ရေဖောက်ချတာ မရှိပါဘူး”ဟုလည်း ဦးအောင်မင်းနိုင်က ဆိုသည်။
ကြီးအုံကြီး၀ ဆည်မှ ရေများသည် မုန်းချောင်းအတွင်းသို့ လျှံကျလာသည့် သြဂုတ်လ ၁ ရက် ည ၈ နာရီခန့်တွင် ပွင့်ဖြူမြို့နယ် အတွင်း၌ ရေများသည် ၂ ပေမှ ၈ ပေခန့်အထိ မြင့်တက်ခဲ့သဖြင့် ပွင့်ဖြူ ဒေသခံများ လှေရှိသူက လှေ၊ လှေမရှိသူက ကလေးများကို နွားစာခွက်(သစ်ခေါင်းခွက်) ထဲတွင် ထည့်၊ သက်ကြီးရွယ်အိုများကို စောင်များဖြင့် ပုခက်ဝေါယာဉ်လုပ်ကာ ယောက်ျားသားများက ချီပိုးသယ်ဆောင်ပြီး ရေလွတ်ရာသို့ ညတွင်းချင်း ပြောင်းရွှေ့ခဲ့ရသည်ဟု ဒေသခံများက ပြောပြသည်။
ညတွင်းချင်း ထွက်ပြေးခဲ့ရသူ ဒေသခံများသည် ရေလွတ်ရာ နေရာများသို့ ရောက်ရှိသွားသော်လည်း ထွက်မပြေးနိုင်ကြသူများက ရွာရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်အမြင့်များ အပေါ်တွင် ၂ ရက်ခန့် နေထိုင်ခဲ့ရကြောင်း၊ ၎င်းတို့သည် ပုဂ္ဂလိက ကယ်ဆယ်ရေး အဖွဲ့များ ရောက်လာပြီးမှ ရေဘေးဒုက္ခသည် စခန်းများကို ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည် ပြောဆိုကြသည်။
မုန်းချောင်း ရေလျှံသည့် အချိန်သည် ဝါဆိုလပြည့်ရက် အကြို(ဇူလိုင်လ ၃၀ ရက်) ဖြစ်သဖြင့် ဧရာဝတီ မြစ်ရေသည်လည်း ဒီရေ တက် နေပြီး စိုးရိမ်ရေအမှတ် ၁,၇၀၀ စင်တီမီတာထက် ၇၃ စင်တီမီတာ မြင့်တက်သွားသဖြင့် မုန်းချောင်းရေ နှင့် ဧရာဝတီ မြစ်ရေ နှစ် ခုရောသွားကာ ရေကြီးမှု ပိုမိုဆိုးဝါးခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။
ဆည်များရှိ ရေပိုလွှဲမှ ရေများလျှံကျသဖြင့် ကုန်းမြင့်ပိုင်းတွင် ၈ ပေ မှ ၁၀ ပေ အထိ နစ်မြုပ်ခဲ့ပြီး မြေအနိမ့်ပိုင်းတွင် ရေများ ပေ ၂၀ ခန့် ရေလွှမ်းခဲ့သည်ဟုလည်း ၎င်းတို့က ပြောသည်။
ရေကြီးရေလျှံမှုကြောင့် ပွင့်ဖြူမြို့နယ်သား ၁၅၀,၀၀၀ ကျော် အနက် ၁၁၅,၄၇၈ ဦးသည် ရေဘေးဒုက္ခသည် အဖြစ်သို့ ရောက်ရှိသွားကြသည်။ ပွင့်ဖြူမြို့နယ်၊ လက်ခုပ်ကုန်း ကျေးရွာသားတဦး ရေထဲမျောပါ သေဆုံးခဲ့ပြီး ၂၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရ သည်။
အိမ်များကို စွန့်ခွာပြေးခဲ့ရသည့် ရေဘေးဒုက္ခသည် တချို့သည် လက်ရှိအချိန်၌ ပွင့်ဖြူမြို့နယ် အတွင်းရှိ လယ်ကိုင်း၊ ကံသာကြီး၊ ကျောင်းတော်ရာ၊ ဘုန်းတော်ကြီး ကျောင်းများ၌ ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းများနှင့် အသိမိတ်ဆွေ အိမ်များတွင် ခိုလှုံနေကြရသည် ။
ရေဘေးကယ်ဆယ်ရေး စခန်းများတွင် နေထိုင်သူများကို အနယ်နယ် အရပ်ရပ်မှ လာရောက်ကူညီကြသည့် ရေဘေးကယ်ဆယ်ရေး အဖွဲ့များက အခြေခံ စားသောက်ကုန်များ၊ အဝတ်အထည်များနှင့် သောက်ရေသန့်များ လာရောက် လှူဒါန်းကြသည်ကို တွေ့ရသည်။
လှူဒါန်းကြသည့် ပစ္စည်းများကို ပွင့်ဖြူမြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေကြသည့် ရေဘေးဒုက္ခသည်များ ရရှိသော် လည်း ရေမြုပ်နေ၍ မပြေးနိုင်ဘဲ ရေလယ်ခေါင် အိမ်များတွင် ကျန်နေခဲ့သည့် မိသားစုများသည် ကူညီထောက်ပံမှုများကို လုံလုံလောက်လောက် မရရှိကြကြောင်း သိရသည်။
ဧရာဝတီ မြစ်နှင့် မုန်းချောင်း ကြားတွင် တည်ရှိသည့် နန်းတော်ကျွန်း ကျေးရွာအုပ်စုနှင့် လေးအိမ်ကျေးရွာ အုပ်စုရှိ ကျေးရွာ ၁၀ ရွာမှ မိသားစု တချို့သည် ရေနစ်မြုပ်နေသည့် ၎င်းတို့၏ အိမ်နှင့် အိမ်ရှိပစ္စည်းများကို စိတ်မချသဖြင့် ရေမြုပ်နေသည့် အိမ်များတွင်ပင် အိမ်စောင့်အဖြစ် နေထိုင်နေကြပြီး ကယ်ဆယ်ရေး အဖွဲ့များက လာရောက်ကူညီမှု မရှိသေးသဖြင့် ကော်ဖီရောင် ပေါက်နေသည့် မြစ်ရေကိုပင် ကျိုချက်သောက်နေရသူများလည်း ရှိနေသည်။
ရေချမ်းစင်ကျေးရွာ ဥက္ကဋ္ဌ ဦးဟန်အေးက“ငတ်နေတော့လည်း ဒီရေအနောက်တွေပဲ သောက်နေရတာပဲ။ ရေတွေက ကျိုတာ အနည်လည်း မကျဘူး။ အမြှုပ်အဖြူတွေပါ ထတယ်။ မနက်သောက်မယ်ဆို ညကတည်းက အနည်ထိုင်အောင် လုပ်ရတယ်”ဟု ပြော သည်။
ရေကြီးရေလျှံမှုဒဏ်ကို ခံစားနေရသော်လည်း ဒေသခံများသည် ကျန်းမာရေးနှင့် ပတ်သက်ပြီး ဖျားနာခြင်း၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ စသည်တို့ ဖြစ်ပွားခြင်း မရှိသေးပေ။
ရုပ်ပိုင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားခြင်း မရှိသေးသော်လည်း ရေဘေးကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေကြသည့် ကလေး ငယ် အများစုသည် ရေဘေးမှလွတ်မြောက်ရန် လှေငယ်များ၊ နွားစာခွက်များဖြင့် ထွက်ပြေးခဲ့ရသဖြင့် နောက်တကြိမ် လှေများစီးရန် ကြောက်ရွံ့နေခြင်း၊ စကားများများ မပြောတော့ခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်ကြောက်ရွံမှုများကို ခံစားနေရသည်ဟု ဒေသ ဆိုင်ရာ တာဝန်ကျ ဆရာဝန်တချို့က ပြောပြသည်။
“ရေတက်တဲ့ နှုန်းထားနဲ့ မိဘတွေရဲ့ တုံ့ပြန်မှုပေါ်မှာ မူတည်ပြီးတော့ ကလေးတွေရဲ့ အနေအထားက သိမ်ငယ်သွားနိုင်တယ်။ ဘယ် ဟာကို ကြောက်လန့်မှန်း မသိဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် မလုံခြုံတဲ့စိတ် ဖြစ်သွားပြီး အသက်ကြီးတဲ့အထိ စွဲပါသွားနိုင်တယ်။ ကလေးကို သေချာပြုစု စောင့်ရှောက်ဖို့ လိုမယ်”ဟု ကလေးအထူးကု ဆရာဝန် ဒေါက်တာ မျိုးထွန်းက ပြောဆိုသည်။
အစိုးရနှင့် ပုဂ္ဂလိက ရေဘေးကယ်ဆယ်ရေး အဖွဲ့တို့၏ ကူညီထောက်ပံ့မှုတွင် အခြေခံ စားသောက်ကုန်၊ အဝတ်အထည် အများအပြား ပါဝင်သော်လည်း ကလေးငယ်များအား စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက် ကုသခြင်း အစီအစဉ်များ လုပ်ဆောင်သည် ကို မတွေ့ရှိရသေးပေ။
ရေနစ်မြုပ်သည့် ရွာများအတွင်း ပိတ်ဆို့နေပြီး မထွက်နိုင်သည့် ရွာသူ ရွာသားများနှင့် ကျွဲ၊ နွား ၊ ဆိတ်၊ သိုး၊ ဝက် နှင့် ကြက် များကို အစိုးရဘက်မှ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် စည်ပင်အဖွဲ့များက သစ်တောဦးစီးဌာနမှ ဇာက်များကို ငှားရမ်းပြီး ထိုဇက်များဖြင့် ကယ်ဆယ်ရေး စခန်းများသို့ သယ်ယူပို့ဆောင်ပေးမှုများကို ဇူလိုင်လ ၃ ရက်မှ ၅ ရက် အထိ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသည့် ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်းမှ စခန်းမှူး ရဲမှူးအောင် ခိုင် က “တချို့က အိမ်စောင့်မယ်ဆိုပြီး မလိုက်ကြဘူး၊ ကျွဲတွေနွားတွေတော့ တင်ပေးပါတယ်။ ကျနော်တို့မှာ အခြေခံလုပ်သား အင်အားမရှိတော့ တပ်နဲ့ရဲက ပစ္စည်းအတင်အချ အဓိက လုပ်ရတယ်။ အင်အားနည်းတော့ လုပ်အားက မလုံလောက်ဘူး”ဟု ပြော သည် ။
ထို့အပြင် ရေနစ်မြုပ်ခဲ့သည့် ကျောင်းများကို ရေကျချိန်တွင် ရေဝပ်ကျန်မှု မရှိစေရန်၊ ရွှံ့နွံများ မကျန်စေရန် တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင် တို့က ပွင့်ဖြူမြို့နယ် ပညာရေးမှူရုံးနှင့် ပူးပေါင်းပြီး သန့်ရှင်းရေးများ ပြုလုပ်နေသည်ကို တွေ့ရသည်။
ပွင့်ဖြူမြို့နယ် မြို့နယ်ပညာရေးမှူး ဒေါ်သီတာထွန်းက“သြဂုတ်လ ၁၅ ရက်လောက် ကျောင်းတွေအားလုံး ပြန်ဖွင့်နိုင်ဖို့ စီစဉ်ထားပါတယ်။ ကလေးတွေ ကျောင်းပြန်တက်နိုင်ဖို့လည်း ကျောင်းသုံးပစ္စည်းတွေ ထောက်ပံ့ မှာပါ”ဟု ပြောသည်။
ကျောင်းများ ပြန်လည်ဖွင့်လှစ်မည် ဆိုသော်လည်း ရေဘေးဒုက္ခ ဖြစ်နေသည့် ကလေးငယ်များ၏ မိဘအများစုက လယ်ယာစီးပွားရေး လုပ်ငန်းများ ပျက်စီးသွားသဖြင့် ကျောင်းဆက်ထားနိုင်ရန် ခက်ခဲမည့် အခြေအနေများ ရှိနေသည်ဟု ပြောဆိုကြသည်။
ရေဘေးသင့် ကျေးရွာများ ပြန်လည်ထူထောင်ရေး ကွပ်ကဲမှူးရုံး(ပွင့်ဖြူမြို့နယ်)၏ စာရင်းဇယားများအရ ပွင့်ဖြူမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် အိမ်ခြေ ၃၅၅ လုံး၊ စိုက်ပျိုးမြေ ဧက ၈,၃၁၇ ဧက ၊ သီးနှံ ၃၀,၃၇၆ တင်း၊ တိရစ္ဆာန်(ကြက်၊ ဝက်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်) ၁၇, ၉၅၁ ကောင်၊ ဆည်/တာတမံ ၆ ခု ၊ သာသနိက အဆောက်အအုံ ၂ ခု၊ စာသင်ကျောင်း ၁၂ ကျောင်း၊ ဆေးရုံ ၂ ခု၊ ကျန်း မာရေးဌာန ၇ ခု ၊ လျှပ်စစ် ဓာတ်အားကဏ္ဍ ၃၈ ခု၊ အစိုးရ ရုံး ၆ ရုံး၊ လမ်း ၅၀၁၆၀ ပေ နှင့် တံတား ၂ စင်း ပျက်စီးသွားသည်ဟု ဖောြ်ပထားသည်။
ရေဘေးသင့် ဒေသရှိ အစိုးရ ဌာနရုံးများနှင့် ပြည်သူများ၏ နေအိမ် အုတ်တံတိုင်းများ ပြိုကျပျက်စီးမှုများ ရှိသော်လည်း စာရင်း အတိ အကျ မသိရှိရသေးပေ။ ရေကြီးရေလျှံမှုကြောင့် ပွင့်ဖြူမြို့နယ်အတွင်း ကျပ်သန်းပေါင်း ၇၃၇. ၇၀၃ သန်း ဆုံးရှုံးသွားသည်ဟု ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးရုံး မှတ်တမ်းအရ သိရသည်။
ပွင့်ဖြူမြို့နယ် အင်းထောင်းကျေးရွာမှ အုပ်ချုပ်ရေး အဖွဲ့ဝင်တဦး ဖြစ်ပြီး လယ်ဧက ၆ ဧက ပိုင်ဆိုင်သူ ဦးစိုးလွင်က “နှမ်းတွေရိတ်ချိန် မှာ မြုပ်သွားပြီ။ နွေလယ်စပါးအတွက် ပျိုးခင်းတွေလည်း ရေထဲမှာ ပျက်ကုန်ပြီ”ဟု ပြောဆိုသည်။ နှမ်းရောင်းဈေးသည် လက်ရှိအချိန် ၌ ၁ တင်းလျှင် ၇ သောင်းကျပ်မှ ၁ သိန်းအထိ ဈေးပေါက်နေသည်။
နှမ်းခင်းများ ရိတ်သိမ်းပြီး လယ်ထဲတွင် မသိမ်းရသေးချိန်နှင့် စပါးပျိုးခင်းများအား ပျိုးချထားသည့် အချိန်နှင့် တိုက်ဆိုင်စွာ ရေကြီး ရေ လျှံမှု ဖြစ်ပေါ်ခဲ့သဖြင့် နှမ်းနှင့် စပါးများအားလုံး ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။ လယ်ယာခင်းများတွင် ရေကြာကြာ ဝပ်နေ၍ နုန်းမြေများ ကျန်ရှိနေသဖြင့် နွေလယ်စပါး ရာသီချိန်အမီ စိုက်ပျိုးနိုင်တော့မည် မဟုတ်ကြောင်း ပွင့်ဖြူမြို့ခံ တောင်သူများက ပြောသည်။
နွေလယ်စပါးကို အချိန်နောက်ကျမှ စိုက်ပျိုးပါက နောက်စိုက်မည့် သီးနှံများသည်လည်း အချိန်နောက်ကျမည် ဖြစ်သဖြင့် ဈေးကွက် တွင် ရောင်းချရာ၌ အခက်အခဲ ဖြစ်နိုင်သည့်အပြင် နှမ်းခင်းနှင့် လယ်ယာများတွင် ပျိုးကျဲ ၊ ပျိုးနှုတ်၊ ပျိုးစိုက် ၊ ကောက်ရိတ်သည့် နေ့စားသမားသည်လည်း စပါးနှင့် နှမ်းသီးနှံ ပေါ်ချိန်မှသာ လုပ်အားခ ရကြမည်ဖြစ်သည်ဟု ပွင့်ဖြူ လယ်သမားများက ပြောဆိုသည်။
ရေဘေးသင့် ကျေးရွာများ ပြန်လည်ထူထောင်ရေး ကွပ်ကဲမှူးရုံး(ပွင့်ဖြူမြို့နယ်)၏ လက်ထောက် ညွှန်ကြားရေးမှူး ဦးဘုန်းခန့်အောင် က ရေးဘေးသင့် ပျက်စီးဆုံးရှုံးမှု စာရင်းများကို ထပ်မံအတည်ပြုရန် ရှိနေပြီး ထိုစာရင်းများအလိုက် ပြန်လည်ထူထောင်ရေး လုပ်ငန်း များ လုပ်ဆောင်ရန် စီစဉ်သွားမည်ဟု ပြောသည်။
အစိုးရ ဌာနဆိုင်ရာများက ရေဘေးသင့်သူများ၏ လူမှုဘ၀ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံပေးမည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး အသေးစိတ် ပြောကြားခြင်း မရှိသေးသော်လည်း ရေကျပြီး မိမိတို့ နေရပ်သို့ ပြန်မည်ဆိုပါက အခြေခံ စားသောက်ကုန် ပစ္စည်းများ ၊ ငွေကြေးတချို့နှင့် လယ်လုပ်ငန်းခွင်အတွက် မျိုးစပါးတချို့ကို ထောက်ပံ့ပေးရန် အစီအစဉ် ရှိသည်ဟု ပွင့်ဖြူ မြို့နယ် အတွင်း ရေဘေးဒုက္ခသည်များကို ကူညီစောင့်ရှောက် ပေးနေသည့် ရေနံချောင်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က ပြောသည်။
ပွင့်ဖြူမြို့နယ်မှ ရေဘေးဒုက္ခသည်များက ၎င်းတို့၏ နေအိမ်များကို ပြန်လည်တည်ဆောက်ရာတွင် အစိုးရက ကူညီပေးစေလိုပြီး ပြန်လည်ထူထောင်ရေးအတွက် လယ်ယာလုပ်ငန်းများ ပြန်လည်စိုက်ပျိုးချိန်တွင် မျိုးစပါးများ ထောက်ပံ့ကူညီမှုများကို မျှော်လင့်နေ သည်ဟု ပြောဆိုကြသည်။ ။