ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးရေး အစီအစဉ် (PSVI) ကို တွဲဖက်တည်ထောင်သူ ဟောလီဝုဒ် သရုပ်ဆောင် အင်ဂျလီနာ ဂျိုလီ ပစ် (Angelina Jolie Pitt) ၏ ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ လာရောက်မှုကို ဗြိတိသျှသံရုံးက ကြိုဆိုခဲ့ပါသည်။
အင်ဂျလီနာ ဂျိုလီ၏ ၄ ရက်တာ ခရီးစဉ်တွင် ကာလကြာမြင့်စွာ ပဋိပက္ခ ဖြစ်ပွားနေသည့်နေရာတွင် နေထိုင်လျက်ရှိသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ထိခိုက်နစ်နာလွယ်မှု၊ လိင်အကြမ်းဖက်ခံရမှု၊ လူကုန်ကူးခံရမှုနှင့် တခြားသော လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို အာရုံစိုက် အလေးပေးရန် အားပေးကူညီခဲ့ပါသည်။ အဆိုပါ အခြေအနေကို ဖြေရှင်းရန် လိုအပ်သည့် အဆင့်များကိုလည်း သမ္မတ ဦးသိန်းစိန်နှင့် တခြားသော ဝန်ကြီးများနှင့် တွေ့ဆုံကာ တင်ပြခဲ့ပါသည်။
အဆိုပါ ၄ ရက်တာအတွင်းတွင် အနာဂတ်အတွက် မျှော်လင့်ချက်ကောင်းကို တွေ့မြင်ခဲ့ရပါသည်။ အရေးအကြီးဆုံးမှာ အဆိုပါ ပြဿနာရပ်ကို ကိုင်တွယ်ဖြေရှင်းရန် ကူညီပေးမည့် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၏ သန္နိဋ္ဌာန်ပင် ဖြစ်သည်။ နိုင်ငံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် လူမျိုးစုများကြား အကြမ်းဖက်မှုကို လျှော့ချရန် အားထုတ်မှုများတွင် မြန်မာအမျိုးသမီးများ ပိုမိုပါဝင်လာစေရန် အလေးပေးခြင်းသည်လည်း အားပေးကူညီရာ ရောက်ပါသည်။ အမျိုးသမီးများကို ကျွမ်းကျင်မှု၊ ဗဟုသုတနှင့် ရွေးကောက်ပွဲများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်နိုင်ရန် စွမ်းအားမြှင့်တင်ပေးရာ၌ အရပ်ဘက် လူမှုအဖွဲ့အစည်းများက ကြိုးစားဆောင်ရွက်နေသည်ကို လက်တွေ့ မြင်တွေ့ခဲ့ရပါသည်။
သို့သော်လည်း ဆက်သွားရမည့် ခရီးက ရှည်ပါသည်။ ထိခိုက်နစ်နာမှုများမှ ရုန်းထွက်လွတ်မြောက် လာသူများ အနေဖြင့် တရားမျှတမှု ရရှိစေရေးနှင့် ပြစ်မှုကျူးလွန်သူများ အနေဖြင့် တာဝန်ယူမှုတို့တွင် တိုးတက်မှု အနည်းငယ် ရှိလာပြီ ဖြစ်ပါသည်။ သို့သော်လည်း အရေးမယူရသေးသည့် အမှုများစွာ ရှိနေပါသည်။ တနည်းဆိုရလျှင် စစ်ဘက်ဆိုင်ရာ အမှုများတွင် တံခါးပိတ် ဆုံးဖြတ်ချက်ချကာ အရေးယူ ဆောင်ရွက်လျက်ရှိနေသည်။ အဆိုပါ ပြဿနာရပ်များကို အရေးတယူ ဖြေရှင်းနေပါသည်ဟူသည့် အချက်ကို ဖော်ပြနိုင်ရန် စစ်ဘက်ဆိုင်ရာမှ ပိုမိုလုပ်ဆောင်ရန် လိုအပ်သည်ဟု ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် အနေဖြင့် သဘောပေါက် နားလည်ထားသည့်အတွက် ကျနော့်အနေဖြင့် ကျေနပ် အားရမိပါသည်။
စိတ်မကောင်းစရာမှာ လိင်အကြမ်းဖက်မှုသည် ပဋိပက္ခများအားလုံး၊ စစ်ဘက် အဖွဲ့အစည်းများနှင့် လက်နက်ကိုင် အဖွဲ့များအားလုံးနီးပါး၏ တစိတ်တပိုင်း ဖြစ်နေပါသည်။ သို့သော်လည်း ခေတ်မီသည့် ပရော်ဖက်ရှင်နယ် ပီသသော စစ်တပ်သည် အဆိုပါ ပြဿနာကို အသိအမှတ်ပြုပြီး မိမိ၏ စစ်သားများအား ထိုသို့ဖြစ်ပွားမှုကို လျှော့ချပေးသည့် နည်းလမ်း ချပြကာ လေ့ကျင့် ပေးရပါမည်။ ထိုသို့သော ကိစ္စရပ်များ ဖြစ်ပေါ်လာလျှင်လည်း တရားခံကို ချက်ချင်း ရုံးတင်စစ်ဆေးရမည်ဖြစ်ကာ ပို၍အရေးကြီးသည်မှာ တရားမျှတမှုကို ပြသပေးရပါမည်။ စစ်တပ်အနေဖြင့် အဆိုပါ အမှုများကို ပြည်သူများအား ကိုင်တွယ်စေခြင်းဖြင့် တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှုကို ဖော်ပြရမည်ဖြစ်ကာ မည်ကဲ့သို့သော အပြုအမူမျိုးသည် လက်မခံနိုင်စရာဖြစ်သည် ဟူသည်ကို သတ်မှတ်ပေးရပါမည်။
ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုသည် အရေးကြီးသော ပြဿနာဖြစ်သော်လည်း ဤနိုင်ငံတွင် ဖြစ်ပွားနေသော အမှုအများစုသည် ပြည်တွင်းအရေးကိစ္စသာ ဖြစ်သည်။ အဆိုပါ အကြောင်းအရာနှင့် စပ်လျဉ်းသည့် မြန်မာနိုင်ငံ၏ ဥပဒေသည် နှစ်ပေါင်းရာချီ အိုမင်းဟောင်းနွမ်းနေပြီ ဖြစ်ပါသည်။ သို့ပါ၍ အမျိုးသမီးများ၏ အခွင့်အရေးကို ကာကွယ်ပေးသည့် ဥပဒေကို အစိုးရက ရေးဆွဲဆောင်ရွက်နေခြင်း အပေါ် ကြိုဆိုပါသည်။ “အမျိုးသမီးများအား အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဥပဒေ” သည် အမျိုးသမီးများ၏ အခွင့်အရေးကို အကာအကွယ်ပေးသည့် အရေးပါသည့် ဥပဒေတရပ်ဖြစ်သည်။ သို့ရာတွင် အဆိုပါ ဥပဒေမူကြမ်း၌် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုကို ကိုင်တွယ်ဖြေရှင်းပေးသည့် အကြောင်းအရာ မပါဝင်ပါ။ အဆိုပါ ပြဋ္ဌန်းချက်များ မပါဝင်သည့် ဥပဒေသည် အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ရာတွင် လိုအပ်သည့် အရေးပါသည့် အင်္ဂါရပ်တခု မပါရှိဘဲ ဖြစ်နေပါလိမ့်မည်။
ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးရေး အစီအစဉ် (PSVI) ၏ တွဲဖက် တည်ထောင်သူ အင်ဂျလီနာ ဂျိုလီ ပစ် အနေဖြင့် အဆိုပါ မြန်မာ့ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် သူ၏ ခိုင်မာသော ထောက်ခံအားပေးမှုကို ဆက်လက် ဖော်ဆောင်သွားပါမည်။ ဗြိတိသျှသံရုံးသည်လည်း အလားတူပင်ဖြစ်ပါသည်။ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးရေးနှင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးများကို ထောက်ခံ အားပေးခြင်းသည် UK အနေဖြင့် မြန်မာနိုင်ငံနှင့် တကမ္ဘာလုံးတွင် ထိပ်တန်း ဦးစားပေးအဖြစ် မှတ်ယူ ဆောင်ရွက်နေသည့် အကြောင်းအရာ ဖြစ်ပါသည်။
ကျနော်တို့အနေဖြင့် မြန်မာနိုင်ငံတွင် အမျိုးသမီးရေးရာ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆောင်ရွက်ချက်များအတွက် ပံ့ပိုး ထောက်ကူပေးမှုကို မြှင့်တင်လျက်ရှိပါသည်။ လိင်အကြမ်းဖက်မှု ခံရနိုင်ချေရှိသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ် များအား ကူညီပေးမည့် စင်တာအသစ်နှစ်ခုကိုလည်း ကျနော်တို့အနေဖြင့် ပံ့ပိုး ထောက်ကူပေးသွားပါမည်။
ကချင်ပြည်နယ်ရှိ စင်တာကို အင်ဂျလီနာ ဂျိုလီ ပစ်က သွားရောက် လေ့လာခဲ့ပါသည်။ UK နိုင်ငံခြားရေးရာနှင့် ဓနသဟာယ ရုံးဝန်ကြီး ဟူးဂိုး ဆွယ်ရာ (Hugo Swire) သည် မကြာသေးမီက ၎င်း၏ လာရောက် လည်ပတ်သည့် ခရီးစဉ်၌ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေးနှင့် မှတ်တမ်းတင်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်နှင့် မိတ်ဆက်ခဲ့ပါသည်။ အဆိုပါ စာချုပ်ကို ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှ ပညာရှင် ၂၀၀ ကျော် စုစည်းကာ မူကြမ်းရေးဆွဲထားသည်။ လိင်အကြမ်းဖက်မှုကို မှတ်တမ်းတင်ခြင်းရမည်ဖြစ်ပြီး နိုင်ငံတကာ ဥပဒေတွင် ပြစ်မှုမြောက်သည် ဟူသည့် စံသတ်မှတ်ချက်များကို ယင်းမူကြမ်းတွင် ဖော်ပြထားပါသည်။ ယင်းသည် အဆိုပါ ကဏ္ဍတွင် လုပ်ကိုင်နေသူများအတွက် တန်ဖိုး မဖြတ်နိုင်သော လမ်းညွှန်မှုကိုလည်း ဖော်ပြပေးပါသည်။ ၎င်းကို မြန်မာဘာသာသို့ ဘာသာပြန်ဆိုလျက်ရှိပြီး အဆိုပါအမှုများကို ကိုင်တွယ်နေသူများ အနေဖြင့် ယင်းဘာသာပြန်ကို လက်စွဲအဖြစ် အသုံးပြုနိုင် မည်ဖြစ်ပါသည်။
မည်သည့်နိုင်ငံကမျှ အဆိုပါ ကိစ္စရပ်များကို ချက်ချင်း မရှင်းလင်းနိုင်ပါ။ အဆိုပါကိစ္စရပ်ကို ဖြေရှင်းရန် ရုန်းကန် ရင်ဆိုင်နေကြသည့် အဖွဲ့များကို UK အနေဖြင့် ရေရှည် ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း ကျနော့်အနေဖြင့် ကတိပေး ပြောကြားအပ်ပါသည်။
မစ္စတာ အင်ဒရူး ပက်ထရစ် (Andrew Patrick) သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး ဖြစ်သည်။