ယခုလနှစ်ရက်နေ့က စစ်ကိုင်းတိုင်းကောလင်းဘက်သို့ အမရပူရမှ လူမှုကူညီရေးအသင်းများ၊ အွန်လိုင်းပရဟိတ မိသားစု တို့နှင့်အတူ ကိုယ်ထူကိုယ်ထ သွားရောက်လှူဒါန်းပြီးနောက် မန္တလေးသို့ပြန်ရောက်လာသည့် ဦးသိန်းသျှံက အဝတ်အစား တွေ၊ ဓာတ်ဆားတွေ၊ ရေသန့်ဘူးတွေတော့ သိပ်မလိုလောက်တော့ဘူးဗျဟု ပြောပါသည်။ အဓိက လိုအပ်နေတာ ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်ပဲဟု သူက အကြံပြုပါသည်။
လွန်ခဲ့သောခြောက်နှစ်ခန့် ပခုက္ကူရေကြီးစဉ်အခါ မိမိသတင်းသွားယူစဉ်က အဖြစ်အပျက်တခုကို သတိရမိပါသည်။ ယော ချောင်းဘေးရှိ ကျေးရွာများသို့ တရွာတက်ဆင်း သတင်းယူရင်း ရေ၊ ဓာတ်ဆား၊ အကျၤ ီအဝတ်အထည်တွေ၊ ခေါက်ဆွဲ ခြောက်တွေ လိုနေသလားဟု မေးခဲ့ရာ ရွာသားကြီးတယောက်က သူတို့ဒေသမှာ မြစ်ဝကျွန်းပေါ်ဒေသများကဲ့သို့ မိုးများ သောဒေသ မဟုတ်သဖြင့် အကျၤ ီအဝတ်အထည် မလိုအပ်လှ။ ရေကလည်း ချောင်းရေကို သူတို့သောက်နိုင်သည်။
ဝမ်းပျက်ဝမ်းလျှောလည်း ဖြစ်ပွားမှုမရှိသလောက် နည်းသဖြင့် ဓာတ်ဆားလည်း မလိုချင်၊ ကြက်သွန်နီပြန်စိုက်ဖို့အတွက် မျိုးစေ့ဖိုးသာ လိုချင်သည်ဟု ပွင့်ပွင့်လင်းလင်း ပြောပါသည်။ မြင်သလိုပြောရလျှင် ထိုစဉ်အခါက လှူသည့်ပစ္စည်းနှင့် ဒေသ ခံတို့လိုအပ်သည့့်အရာများ လွဲချော်မှုများ ရှိနေပါသည်။
ဆန်အိတ်များ ဝိုင်းဝန်းလှူဒါန်းကြရာ အလှူခံရရှိသည့် ထိုဆန်များကို ရသလောက် ဈေးနှင့်ရောင်းပြီး ကြက်သွန်နီမျိုးစေ့ဖိုး ရရန် ပြန်ရှာရသည့်ကိစ္စမျိုးပင် ရှိခဲ့ပါသည်။ ယခု ၂၀၁၅ တွင်လည်း ထိုကဲ့သို့ အလားတူကိစ္စရပ်များ ဖြစ်ပွားစပြုလာသည်ကို တွေ့မြင်နေရပါသည်။
ပရဟိတအလှူရှင်များအနေဖြင့် ပထမဦးဆုံးတွက်ဆရမည်မှာ မိမိဘယ်ဒေသသို့ သွားရောက်လှူဒါန်းမလဲဆိုသည့်အချက် ဖြစ်ပါသည်။ တိုင်းဒေသကြီး၊ပြည်နယ်၊မြို့ရွာများ၏ ရာသီဥတု၊မြေမျက်နှာသွင်ပြင်များ မတူညီကြသကဲ့သို့ ဒေသခံများ၏ လိုအပ်ချက်များလည်း တူညီမှုမရှိနိုင်ဆိုသည့်အချက်ကို သတိပြုစေလိုရင်းဖြစ်ပါသည်။
ထို့အတူပင် လတ်တလောရေကြီးနေသည့် ဒေသတခု၏ အခြေခံလိုအပ်ချက်နှင့် လွန်ခဲ့သော တပတ်ခန့်က ရေကြီးခဲ့ပြီး ယခုရေပြန်ကျသွားပြီဖြစ်သည့် ဒေသတခုတည်း၏ အခြေခံလိုအပ်ချက်များပင် တူညီမှုမရှိနိုင်ဆိုသည့်အချက်ကို သတိပြု စေလိုပါသည်။
သို့ဆိုလျှင် ဒေသခံများ၏လိုအပ်ချက်ကို မည်သို့မည်ပုံသိနိုင်ပါမည်လဲဆိုသည့်မေးခွန်းတခု ထပ်မံပေါ်လာပါသည်။ အဆိုပါ ဒေသခံများ၊ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းနှင့် ချိတ်ဆက်မေးမြန်းမှသာလျှင် ဒေသခံတို့၏ လိုအပ်ချက်ကို မှန်းဆနိုင် မည်ဖြစ်ပါသည်။ သို့သော်လည်း မိမိလက်လှမ်းမီသလောက် မေးမြန်းကြည့်ရာတွင်မူ တပိုင်တနိုင် အလှူရှင်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အာဏာပိုင်အဖွဲ့အစည်းနှင့် ချိတ်ဆက်လုပ်ကိုင်မှု အားနည်းသေးပါသည်။
ကိုယ်ထူကိုယ်ထ ပရဟိတအဖွဲ့အစည်းများနှင့် အစိုးရဌာနများ၊ အာဏာပိုင်များကြားတွင် မသိမသာပျောက်ဆုံးနေသည့် အရာတခုမှာ အပြန်အလှန်ယုံကြည်မှုဖြစ်သည်ဟု ဆိုလိုက်ချင်ပါသည်။
အပြန်အလှန်ယုံကြည်မှု ပျောက်ဆုံးခြင်း၏ နောက်ဆက်တွဲအနေဖြင့် ထပ်မံပြောရလျှင်တော့ အနယ်နယ်အရပ်ရပ်က ပြည်သူများ၏ ချွေးနည်းစာများဖြင့် စုပေါင်းလှူလိုက်သည့် အလှူပစ္စည်းများနှင့် ဒေသခံတို့၏ လိုအပ်ချက်များအကြား လွဲချော်မှုများလည်း ရှိလာနိုင်ပါတော့သည်။
နောက်တချက်ကတော့ ရေဘေးသင့်ဒေသသို့ သွားရောက်လှူဒါန်းရာတွင် ရေကြီးနေမှ လှူစရာ လိုအပ်မည်ဟု ယူဆကြ ခြင်းဖြစ်ပါသည်။ ရေကျသွားလျှင်တော့ သိပ်မလိုအပ်တော့ပါဟု ယူဆလေ့ရှိတတ်ပါသည်။
ဒေသအာဏာပိုင်များကလည်း မိမိတာဝန်ယူ အုပ်ချုပ်နေရသည့် မြို့ရွာများ၏ အခြေအနေကို သတင်းမှန်ထုတ်ပြန်ဖို့ လို ပါသည်။
ရေဘေးသင့်ထားသည့် မိမိဒေသတွင် မည်သည့်ပစ္စည်းများတော့ အလှူရှင်များ၏လှူဒါန်းမှုဖြင့် တလစာ ပြည့်စုံမှုရှိ နေ ပါသည်။ အစိုးရမှ မည်သည့်အကူအညီများ ပေးအပ်နေပါသည်။ မည်သည့်ပစ္စည်းတွေတော့ လိုအပ်လျက်ရှိပါသေးသည် ဆိုသော ကိစ္စရပ်များကို နိုင်ငံပိုင်သတင်းမီဒီယာများမှတဆင့် အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးရန် လိုအပ်ပါသည်။ သို့မှ သာ အလှူရှင်များအနေဖြင့် ဒေသခံများ လိုအပ်ချက်ကို ချင့်ချိန်လှူဒါန်းနိုင်မည် ဖြစ်ပါသည်။
ပရဟိတအလှူရှင်များကိုလည်း မေတ္တာရပ်ခံလိုပါသည်။ ဒေသတခုသို့ သွားရောက်လှူဒါန်းမည်ဆိုလျှင် အဆိုပါဒေသ အာဏာပိုင်များနှင့် ဆက်သွယ်ကာ အကြံပြုချက်ရယူပါ။ ဒေသတခု၏ အခြေအနေကို အသိဆုံးမှာ အဆိုပါဒေသ၏ အာဏာပိုင် များသာဖြစ်ပါသည်။
ထို့အတူပင် လှူဒါန်းမည့်ပစ္စည်းများကို ကြိုတင်မဝယ်ယူသေးဘဲ မိမိသွားရောက်လှူဒါန်းမည့် ဒေသခံများနှင့် ဆက်သွယ်ပါ။ ၎င်းတို့နှင့် ပွင့်ပွင့်လင်းလင်း မေးမြန်းပြီးမှသာ ဒေသခံများ၏ လိုအပ်ချက်ကို ဖြည့်ဆည်း လှူဒါန်းစေလိုပါသည်။
နောက်တခု အကြံပြုလိုသည်မှာ မိမိဘက်ဂျက်ကို ချင့်ချိန်စေလိုပါသည်။ ရေဘေးသင့်ပြည်သူများအား ကိုယ်တိုင် လက်ရောက် လှူဒါန်းလိုသည်ကို အပြည့်အဝ နားလည်ပါသည်။ သို့သော် လမ်းပန်းပြတ်တောက်နေသော၊ ခေါင်လွန်းသော တချို့ဒေသများထံသို့ ရေမကျသေးခင်၊ လမ်းတံတားများ ပြုပြင်မပြီးသေးလျှင် ချက်ချင်းကြီးသွားရန် မလွယ်ကူလှပါ။
ထိုကဲ့သို့အခြေအနေမျိုးတွင် လှူဖွယ်ပစ္စည်းများကို ယုံကြည်ရသည့် ဒေသခံအဖွဲ့အစည်းဖြစ်စေ၊ မြို့မိမြို့ဖများကို ဖြစ်စေ၊ အာဏာပိုင်အဖွဲ့အစည်းများကိုဖြစ်စေ အပ်နှံစေချင်ပြီး လမ်းပေါက်သောအခါမှ လှူဒါန်းပေးရန် မှာခဲ့စေချင်ပါသည်။
ထို့အတူပင် တိုင်းဒေသကြီး၊ပြည်နယ်အသီးသီးရှိ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဝင်ရောက် ကူညီနိုင်စေရန်အတွက်လည်း ရေရှည် ကူညီနိုင်မည့် အစီအစဉ်များ လုပ်ဆောင်ရန် လိုအပ်ပါကြောင်း အကြံပြု တင်ပြအပ်ပါသည်။
(ဖိုးစမ်းချောင်း(GG) သည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)