ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၀၅ အနီး သြဂုတ်လ ၁၀ရက်နေ့ည ၆နာရီခန့်က ဖြစ်ပွားခဲ့သည့် ရွှေလီ ဦး ခရီး သည် တင်ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၉ဦး အထိ ရှိလာပြီဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်း ရရှိသည်။
ရန်ကုန်မြို့မှ လားရှိုးမြို့သို့ ထွက်ခွာလာသည့် ရွှေလီဦး ခရီးသည်တင်ယာဉ်မှာ အမြန်လမ်း ၁၀၅မိုင် အနီးသို့ အ ရောက် တွင် ရှေ့ကားတစီးကို ကျော်တက်ရာမှ အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး တိမ်းမှောက်သည့် အရှိန်ပြင်း ထန် သဖြင့် ယာဉ်မောင်းအပါအဝင် ခရီးသည် ၈ဦး ပွဲချင်းပြီး သေဆုံး၍ ၂၇ဦး ဒဏ်ရာရှိခဲ့ကြောင်း၊ ဆေးရုံတွင် လူ ၁ဦး ထပ်မံ သေဆုံးသွားကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
“ဆေးရုံရောက်မှ အမျိုးသားတဦး ထပ်ပြီး ဆုံးသွားတယ်။ ကျန်တဲ့သူတွေရဲ့ အခြေ အနေကို ဆရာဝန်တွေနဲ့ အနီးကပ် စောင့်ကြည့် နေပါတယ်”ဟု တာဝန်ကျရဲအရာရှိက ပြောသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သူများတွင် ခရီးသည်တချို့မှာ ဒဏ်ရာပြင်းထန်းသဖြင့် ဖြူးမြို့နယ် ပြည်သူ့ ဆေးရုံသို့ တင်ပို့ကာ အရေးပေါ်အခြေအနေဖြင့် ကုသမှုများ ပြုလုပ်နေရကြောင်း သိရသည်။
ခရီးသည်များသေဆုံးစေခဲ့သည့် ၎င်းယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ပုဒ်မ-၃၀၄-(က)/၃၃၈/၃၃၇ တို့ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ရွှေလီဦးခရီးသည်တင်ယာဉ်လိုင်းအား ခရီးစဉ်ပြေးဆွဲခွင့် ရပ်ဆိုင်းထားရေး အရေးယူ ဆောင်ရွက်သွားရန်လည်း စည်းဝေးဆွေးနွေးလျက်ရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ အရာရှိက ပြောသည်။