အရပ်ဖက် ဆရာဝန်များ၏ Black Ribbon Movement လှုပ်ရှားမှုနှင့် ဝေဖန်မှုများ ပေါ်ပေါက်ပြီးနောက် စစ်ဖက်အရာရှိများအား ကျန်မာရေးဝန်ကြီးဌာနတွင် တိုက်ရိုက်လွှဲပြောင်း ခန့်အပ်မှုများကို ဆက်လက် ပြုလုပ်မည်မဟုတ်ဘဲ ခန့်အပ်ရန် ထုတ်ပြန်ပြီးသူများနှင့် ပတ်သက်၍မူ ပြန်လည် သုံးသပ်ရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒု အတွင်းဝန် ဦးစိန်ဝင်းက ဧရာဝတီသို့ ပြောသည်။
ဒုတိယ အတွင်းဝန် ဦးစိန်ဝင်းက “ဒီလူတွေကို ကျနော်တို့က သိတာမဟုတ်ဘူး၊ ဌာနတခုမှာ အရောင်စုံအောင် ဝိုင်းပြီး ပုခုံးထမ်းကြဖို့ ကြိုးပမ်းတာပါ၊ ရောက်ပြီးသား သူတွေအတွက်တော့ ပြန်သုံးရမှာပါ” ဟု ပြောသည်။
ကျန်မာရေးဝန်ကြီးဌာနက ဇူလိုင်လအတွင်း ဗိုလ်ကြီးအဆင့်ရှိ ၃ ဦးနှင့် ဗိုလ်မှူး ၁ ဦးကို ရန်ကုန်၊ နေပြည်တော်၊ မြစ်ကြီးနားတို့ရှိ ဆေးရုံများတွင် အုပ်ချုပ်ရေးပိုင်း ဦးစီးအရာရှိများ၊ ကုသရေး ဆရာဝန်များအဖြစ်ခန့်အပ်ခဲ့သည်။
ဇူလိုင်လကုန်တွင် ဒု ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူ ၅ ဦးအား နေပြည်တော် ကုသရေးဦးစီးဌာနနှင့် ရန်ကုန်ဆေးရုံကြီးတို့သို့ ဒု ညွှန်မှူး၊ လက်ထောက် ညွှန်မှူး၊ အထူးကုဆရာဝန် ရာထူးများဖြင့် ခန့်ထားကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ သန်းအောင်က ထုတ်ပြန်ခဲ့သည်။
စစ်ဘက်အရာရှိများအား ယခုကဲ့သို့ လွှဲပြောင်းခန့်အပ်မှုကို အများစုက လက်မခံသည့်အတွက် နောက်ပိုင်တွင်း ဆက်လက် လုပ်ဆောင်ခြင်း မပြုတော့ရန် ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ယနေ့ သြဂုတ် ၁၁ရက်နေ့တွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဒု အတွင်းဝန် ဦးစိန်ဝင်းက ပြောသည်။
ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် စစ်ဘက်အရာရှိများ လွှဲပြောင်းခန့်အပ်မှုများကို ထပ်မံပြုလုပ်တော့မည် မဟုတ်ကြောင်း အကြောင်းကြားလာခဲ့ကြောင်း၊ ယခု ခန့်အပ်ပြီးသူများကို ပြန်လည် ရုပ်သိမ်းသည်ဟု မပါရှိကြောင်း မြန်မာနိုင်ငံ ဆရာဝန်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာ စောဝင်းက ပြောသည်။
ဒေါက်တာ စောဝင်းက “အခုခန့်ထားတဲ့သူတွေကို ပြန်ရုပ်သိမ်းမှုရှိ၊ မရှိ ကျနော် မပြောနိုင်ဘူး၊ နောက်ထပ် မလုပ်တော့ဘူးပဲ ပြောတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
အရပ်ဖက် ဆရာဝန်းများအနေဖြင့် စစ်ဘက်အရာရှိများအား ကျန်းမာရေးကဏ္ဍတွင် ခန့်အပ်မှုကို ဆန့်ကျင်သည့် အနေဖြင့် Black Ribbon Movement (ဖဲကြိုးနက်လှုပ်ရှားမှု) နှင့် ကန့်ကွက် လက်မှတ်ကောက်ခံမှုများ ပြုလုပ်ခဲ့ရာ တိုင်းနှင့် ပြည်နယ်အသီးသီးအပြင်၊ ပြည်ပရောက် ဆရာဝန်များလည်း ပါဝင်ခဲ့သည်။
တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှ ခွဲစိတ်အထူးကု ဆရာဝန် ဒေါက်တာ ထားထားငြိမ်းက “ဒီအခြေအနေက ကျမတို့ လိုချင်တဲ့ပုံစံ မဟုတ်သေးပါဘူး၊ ကျမ တဦးတည်းအနေနဲ့ ကတော့ လက်ရှိ ပို့ထားသူတွေကို နေရာမှန်ကို ပြန်မပို့မချင်း လှုပ်ရှားမှုကို ဆက်လက် တိုက်တွန်းလုပ်ဆောင်သွားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
အရပ်ဘက် ဆရာဝန်များ၏ ကန့်ကွက်လှုပ်ရှားမှုများအတွင်း ဆရာဝန်များအပြင် သူနာပြုများ၊ အရပ်သားပြည်သူများပါ ပါဝင်ခဲ့သည်။