ဧရာဝတီတိုင်း ဒေသကြီး ရေကြည်မြို့နယ် အသုတ်မြို့ရှိ ကွင်းသုံးဆင့် အထက်တန်း ကျောင်းမှ ကျောင်းသူ ၃ ဦး သြဂုတ် ၁၀ ရက် က ကျောင်းအပြန် စက်လှေတိမ်းမှောက်ခဲ့သဖြင့် ရေနစ်သေဆုံးသွားကြောင်း သိရသည်။
“ကျောင်းကအပြန်မှာ ညောင်ပင်သာရွာနားက ရိုးချောင်းထဲမှာ လှိုင်းနဲ့လေနဲ့ဆိုတော့ စက်လှေမှောက်သွားတာ။ ကလေးတွေက ရေ ကူးတတ်ပေမယ့် ရေကြီးနေချိန်ဆိုတော့ ရေစီးနဲ့မျောပါပြီး နစ်သွားတာ။ သူတို့ အလောင်းတွေတော့ အသုတ်မြို့ ဆေးရုံကို ရောက် နေပြီ”ဟု အသုတ်မြို့ ဒေသခံ ဦးစောဝင်းက ဧရာဝတီကို ပြောပြသည်။
သေဆုံးသူများသည် ကွင်းသုံးဆင့် အထက်တန်းကျောင်းမှ ၉ တန်း၊ ၇ တန်းနှင့် ၅ တန်း ကျောင်းသူများဖြစ်ပြီး ကန်သာယာအုပ်စု အုန်းတပင်နှင့် ကုလားကုန်း ကျေးရွာများတွင် နေထိုင်ကြသည့် ကျောင်းသူများ ဖြစ်ကြောင်း သိရသည်။
ကျောင်းသူများ ရေနစ်သေဆုံးမှုဖြစ်ပွားပြီးနောက် ပုသိမ်ခရိုင် ပညာရေးဌာနက ရေကြည်မြို့နယ် အတွင်းရှိ အစိုးရ အခြေခံပညာ ကျောင်း ပေါင်း ၂၅၈ ကျောင်းကို သြဂုတ်လ ၁၁ ရက်မှ စတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်သည်ဟု ပုသိမ်ခရိုင် ပညာရေးမှူး ဦးဉာဏ်သိန်းက ပြောသည်။
“ကျောင်းတွေ ရေမမြုပ်ပေမယ့် ကလေးတွေ ကျောင်းသွားကျောင်းပြန် ရေပြင်ကျယ်ကြီးတွေက ဖြတ်သွားနေရတဲ့အတွက် သွားရေး လာရေး ခက်ခဲတဲ့အတွက် မနေ့ ညနေက အစည်းအဝေးထိုင်ပြီး ကျောင်းတွေကို ပိတ်ဖို့ ဆုံးဖြတ်လိုက်တာပါ”ဟု ဦးဉာဏ်သိန်းက ပြောဆို သည်။
ဧရာဝတီတိုင်းအတွင်း သြဂုတ်လ ၁ ရက်မှစတင်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ တိုင်းဒေသကြီး ပညာရေးဌာနက ညောင် တုန်းမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများအားလုံးကို ပိတ်ထားခဲ့ပြီး ဟင်္သာတ၊ ကြံခင်း၊ ဇလွန်၊ လေးမျက်နှာ၊ သာပေါင်း၊ ကျောင်းကုန်း၊ ပန်းတနော် မြို့ကြီးများမှ ရေကြီးရေလျှံမှု ကြုံတွေ့နေရသည့် ကျောင်းတချို့ကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း သိရသည်။
ဧရာဝတီတိုင်း တခုလုံးတွင် ပိတ်ထားသည့် ကျောင်းပေါင်း ၁,၂၀၀ ကျော် ရှိကြောင်း တိုင်းပညာရေးမှူးရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။
ရေကြီးရေလျှံမှုများသည် ဧရာဝတီတိုင်း အတွင်းရှိ ခရိုင် ၆ ခုအနက် ဟင်္သာတ၊ မအူပင်၊ ပုသိမ်နှင့် လပွတ္တာ ခရိုင် ၄ ခုရှိ ဒေသခံပြည်သူ ၂ သိန်း ၅ သောင်းကျော် ရေဘေး ကြုံတွေ့နေကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရရုံး၏ စာရင်းများတွင် ဖော်ပြထား သည်။
ဧရာဝတီတိုင်းအတွင်း ရေဘေးဒုက္ခ ကြုံတွေ့နေရသည့် မြို့နယ်များအနက် ညောင်တုန်း၊ မြန်အောင်၊ ကြံခင်း၊ ဟင်္သာတ၊ အင်္ဂပူ၊ လေးမျက်နှာ၊ ဇလွန်၊ ပန်းတနော်၊ သာပေါင်း၊ ပုသိမ်၊ ရေကြည်၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း မြို့နယ်များသည် အဆိုးရွားဆုံး ကြုံတွေ့နေရပြီး ဒေသခံ အများစုသည် စားနပ်ရိက္ခာနှင့် သောက်ရေသန့် ရရှိမှု အခက်အခဲ ကြုံတွေ့နေရကြောင်း ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။
ငါးသိုင်းချောင်းမြို့ အနီးရှိ ငဝန်မြစ်ရေသည် စိုးရိမ်ရေမှတ် အထက် ၃ ပေခန့် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ် အထက်မှာပင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှူ ဦးစီးဌာနက ထုတ်ပြန် အသိပေးထားသည်။
ရေကြည်မြို့နယ် အတွင်းရှိ ငဝန်မြစ်ရေကို ကာပေးထားသည့် ငါးသိုင်းချောင်းတာရိုး အခြေအနေသည် နောက်ထပ် ၃ ပေခန့် အထိ ကာပေးထားနိုင်သည်ဟု မြို့နယ်ဆည်မြောင်းဌာန တာဝန်ရှိသူများက ပြောကြားထားသော်လည်း ငဝန်မြစ်ရေ တိုးနေသည့်အတွက် ငါးသိုင်းချောင်း တာရိုး၏တချို့နေရာများတွင် တာထိပ်သို့ရေကျော်ကျရန် ၁ ပေခန့်သာလိုတော့ကြောင်း ဒေသခံများက ပြောသည်။
“တာထိပ်ကို ရေမီဖို့က ၁ ပေလောက်ပဲ လိုတော့တယ်။ အဲဒီအတွက် ရေတားဖို့ သဲအိတ်တွေ လုံလုံလောက်လောက် ပြင်ဆင်ထား တာလည်း မတွေ့ရဘူးဗျ။ တာဟိုဘက်ခြမ်းကလူတွေဆို စိုးရိမ်နေလို့ ညညဆို မအိပ်နိုင်ကြဘူး”ဟု ငါးသိုင်းချောင်း တာရိုး ဘေးတွင် တည်ရှိသည့် ရေကြည်မြို့နယ် မကျည်းလဟာ ကျေးရွာမှ ဒေသခံတဦးက ပြောသည်။
ဧရာဝတီတိုင်း ရေကြည်မြို့နယ် အတွင်းရှိ အသုတ်မြို့ပေါ် ရပ်ကွက်များရှိ အိမ်ခြေ ၂၀၀၀ ကျော် အပါအဝင် ကျေးရွာအုပ်စု ၁၇ စုမှ နေအိမ်များ ရေနစ်မြုပ်မှု ကြုံတွေ့နေရပြီး အကူအညီများစွာ လိုအပ်မှု ရှိနေကြောင်း သိရသည်။
အသုတ်မြို့ အတွင်း ကျေးရွာအုပ်စု ၂၀ ရှိသည့်အနက် ၁၇ အုပ်စု ရေမြုပ်နေပြီး ဆန်၊ ဆီ၊ ဆား ကဲ့သို့ ရိက္ခာများနှင့် သောက်ရေသန့်များ လိုအပ်နေကြောင်း ကယ်ဆယ်ရေးလုပ်ကိုင်နေသည့် အသုတ်မြို့ခံ ဦးစောဝင်းက ဧရာဝတီကို ပြောသည်။
နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စာရင်းများအရ မြန်မာနိုင်ငံအတွင်း မိုး သည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ ဖြစ်ပွား၍ ရေဘေးကြောင့် သြဂုတ် ၁၀ ရက်အထိ သေဆုံးသူ ဦးရေသည် လူ ၁၀၇ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။