အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီအတွင်း ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးချယ်ခံမည့် မကွေးတိုင်း ဒေသကြီး ဆိုင်ရာ ကိုယ်စားလှယ်လောင်း စာရင်းနှင့် ပတ်သက်ပြီး မကျေလည်မှုများ ရှိနေကြောင်း သိရသည်။
မကွေးတိုင်း ပွင့်ဖြူမြို့နယ် NLD ဥက္ကဌ ဦးအေးကိုက “ကျနော်တို့ မြို့နယ်က ကိုယ်စားလှယ်ရွေးတော့ ပြည်သူက မကြိုက်လို့ မဲ မရ ဘဲ ရှုံးသွားတဲ့သူက ဗဟိုက ပြန်ကျလာတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်သွားတယ်။ ပြည်သူတွေဘက်က တွေးကြည့်ပေါ့”ဟု ဧရာဝတီကို ပြောသည်။
မကွေးတိုင်း NLD ပါတီ တိုင်းအလုပ်အမှုဆောင်အဖွဲ့၊ တွဲဖက်အတွင်းရေးမှူး ဦးသန်းအောင်က NLD ဗဟိုမှ ရွေးချယ်လိုက်သည့် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း ရွေးချယ်သည့်အပေါ် မကျေလည်သဖြင့် NLD တွင် တာဝန်ဆက်လက် မထမ်းဆောင်နိုင်တော့ ဟု ဒေါ်အောင်ဆန်းစုကြည်ကို ထိပ်တိုက်ပြောဆိုပြီး သြဂုတ်လ ၉ ရက်က နုတ်ထွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပါတီမှ နုတ်ထွက်သွားသူ တချို့နှင့် တာဝန် ရုပ်သိမ်းခံလိုက်ရသူတို့က NLD ပါတီအတွင်း မကျေလည်သည့် ကိစ္စများသာရှိပြီး ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ ယုံကြည်လေးစား ချစ်ခင်ဆဲ ဖြစ်သည်ဟု ပြောဆိုကြသည်။
NLD ပါတီမှ နုတ်ထွက်သူ ဦးသန်းအောင်က“ဒါကို ပါတီတွင်းမှာ သဘောမကျတာ အများကြီး ရှိပါတယ်။ တချို့မှာ နိုင်ငံရေးကို မလုပ်ချင်တော့တာတွေ ရှိတယ်၊ ဒါပေမယ့် အမေစု မျက်နှာနဲ့ ပါတီကို ချစ်စိတ်၊ ဒီမိုကရေစီကြောင့် ဒီအလုပ်ကို ဆက်လုပ်ကြမှာပါ” ဟု ဧရာဝတီကို ပြောသည်။
မကွေးတိုင်း မင်းဘူးမြို့နယ်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၉ ရက်က မင်းဘူးမြို့နယ်တွင် မကွေးတိုင်း ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများနှင့် တံခါးပိတ် အစည်းအဝေး ကျင်းပခဲ့ပြီး ကိုယ်စားလှယ်လောင်းစာရင်း မကျေလည် မှုများကို ဆွေးနွေးခဲ့သည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေသည့်မကွေးမြို့တွင် သြဂုတ်လ ၁၀ ရက်က မကွေးတိုင်း ပခုက္ကူခရိုင် ပခုက္ကူ မြို့နယ်မှ NLD ပါ တီ မြို့နယ် ဥက္ကဋ္ဌ ဦးသန့်ရှင်း၊ တိုင်းအောင်နိုင်ရေးအဖွဲ့ဝင် – မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ ဦးဌေးမောင်၊ ခရိုင် အလုပ်မှုဆောင် အဖွဲ့ဝင် ဦးစံဌေး ၊ ခရိုင်ဘဏ္ဍာရေးမှူး ဦးသန်းဆွေ၊ မြို့နယ်အောင်နိုင်ရေးအဖွဲ့ – ဘဏ္ဍာရေးမှူး ဦးမောင်မောင် ဌေး၊ ခရိုင် အလုပ်မှုဆောင် အဖွဲ့ဝင် ဒေါ်ကြေးမုံဝင်း၊ ရပ်ကျေးအဖွဲ့ဝင် ဦးကျော်မြင့်အေးနှင့် ဦးကံမြင့်တို့ကို ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီအတွက် ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများကို ဆန္ဒပြခြင်းဟူသည့် အကြောင်းပြချက်အဖြစ် ပါတီဝင် အဖြစ်မှ ရုပ်သိမ်းလိုက် သည် ဟု NLD ဗဟို က သတင်းထုတ်ပြန်ခဲ့သည်။
NLD ပါတီ ပခုက္ကူခရိုင် မှ ပြောရေးဆိုခွင့်ရှိသူ တဦးက“ကိုယ်စားလှယ်ရွေးတဲ့ ကိစ္စမှာ ဗဟိုက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေကိုပဲ ဗဟိုက ပြန်မလိုက်နာတာတွ ရှိတယ်၊ အဖွဲ့ဝင်တွေက ဒါတွေကို မကျေနပ်ကြတာပါ၊ မှားနေရင် မှားတာကိုပဲ ပြောချင်တယ်” ဟု ပြောသည်။
NLD ဗဟိုမှ ပါတီဝင်အဖြစ် ရုပ်သိမ်းလိုက်သူများထဲတွင် ၁၉၈၈ ခုနှစ် တနိုင်ငံလုံး ဒီမိုကရေစီ လှုပ်ရှားမှု အရေးအခင်းတွင် ဦးဆောင် ပါဝင်ခဲ့သူများ၊ ၁၉၉၀ အမတ်ဟောင်းများ၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် အောင်နိုင်ရေး လုပ်ဆောင်မည့်သူများ ပါရှိပြီး ထိုသူများသည် မကွေးတိုင်း ပြည်သူအများစုက ထောက်ခံထားသူများ ဖြစ်ကြောင်း သိရသည်။
“သူတို့ထွက်တာက ကိုယ်စားလှယ် မဖြစ်ရလို့ မဟုတ်ဘူး။ ပါတီဗဟိုရဲ့ ဆုံးဖြတ်ချက် တချို့နဲ့ လုပ်ကိုင်ပုံကို အလိုမကျလို့ပါ။ သူတို့ ထွက်တာနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်လွဲမှားသွားမှာ စိုးရိမ်ပါတယ်”ဟု မကွေးတိုင်း ပွင့်ဖြူမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးအေးကိုက ပြော သည်။
ဒေါ်အောင်ဆန်းစုကြည်သည် NLD နှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းတို့မှ ရေဘေးသင့် ပြည်သူများကို ကူညီနေသည့် အစီ အစဉ်ဖြင့် ရေဘေးသင့် ပြည်သူများကို အားပေးရန် မကွေးမြို့သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ရေဘေးသင့် ဒုက္ခသည်များအတွက် ဆန်အိတ်များ လှူဒါန်းခဲ့သည်။
၎င်းသည် သြဂုတ် ၉ ရက်က မင်းဘူးတွင် ဒေသခံ ၁၀၀၀ ကျော်ကို မိန့်ခွန်းပြောခဲ့ပြီး သြဂုတ် ၁၀ ရက်တွင် မင်းဘူးခရိုင် စကုမြို့နယ်၊ ပွင့်ဖြူမြို့နယ်နှင့် စေတုတ္ထရာ မြို့နယ်တို့မှ ရေဘေးဒုက္ခသည်များနှင့် တွေ့ဆုံ၍ သြဂုတ် ၁၁ ရက်၌ ပြည်မြို့ရှိ ရေဘေး ဒုက္ခသည်များနှင့် သွားရောက် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မကွေးတိုင်း ခရီးစဉ်အတွင်း NLD ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် မဲဆွယ် စည်းရုံး ဟောပြောမှုများလည်း ပြုလုပ်ခဲ့သည်။