နိုင်ငံတကာဘဏ္ဍာရေး အင်စတီကျူးရှင်း တော်တော်များများ၏ ဖွံ့ဖြိုးရေးခေါင်းစဉ်မှာ ၁၉၉၀ ပြည့်လွန် နှစ်များအတွင်း သိသိသာသာ ရွေ့လာခဲ့ပါသည်။ ဤအရွေ့ကို အောက်ပါအတိုင်း သရုပ်ထင်နိုင်စရာရှိသည်။ ပုံ (၁) ကို ပြန်ကြည့်ပါ။
အစိတ် (၁) တွင် ရှိနေသည်က အစိတ် (၄) တွင်ရှိသည်ထက် ပိုကောင်းသည်မှာ မေးခွန်းထုတ်စရာ မလိုလောက်အောင် ထင်ရှားပါသည်။ သို့တစေ ဆက်လက် မေးခွန်းထုတ်ရမည့် ပြသနာတချို့ကား ရှိနေပေသေးသည်။ “ကျယ်ပြန့်သော နိုင်ငံတော်နှင့် သန်စွမ်းသော အင်စတီကျူးရှင်းများ ရှိနေသည့် အစိတ် (၂) တွင် ရှိသည်က ပိုကောင်းသလော …၊ သို့မဟုတ် ကန့်သတ်ထားသော နိုင်ငံတော်နှင့် အားနည်းသော အင်စတီကျူးရှင်းများ ရှိနေသည့် အစိတ် (၃) တွင် ရှိသည်က ပိုကောင်းပါသလော …”။ လွန်ခဲ့သော ဆယ်စုတစ်ခုက ဆိုလျင်မူ ဘောဂဗေဒပညာရှင် အများစုအနေနှင့် အစိတ် (၃) ကို ပိုနှစ်သက်ကြပါလိမ့်မည်။ ဈေးကွက်များမှာ သူ့ဖာသာ စည်းရုံးဖွဲ့စည်းလာလိမ့်မည်။ သို့မဟုတ် အင်စတီကျူးရှင်းများနှင့် ကြွင်းကျန်သော နိုင်ငံတော် စွမ်းဆောင်ရည်များမှာလည်း တနည်းနည်းဖြင့် သူ့ဖာသာ ပြန်လည် ဂရုစိုက်လာကြပါလိမ့်မည် ဆိုသော စဉ်းစားချက်အပေါ် အခြေခံ၍ အစိတ် (၃) ကို ပိုနှစ်သက်ခဲ့ကြခြင်း ဖြစ်သည်။
သွင်းကုန်ခွန်များ လျှော့ချခြင်း၊ ပုဂ္ဂိလိကပိုင် ပြောင်းခြင်း၊ အစိုးရငွေလုံးငွေရင်းဖြင့် ကျားကန်ပေးသည်များကို ဖြတ်တောက်ခြင်း၊ ထိန်းချုပ်မှုများ ပြန်လည်ဖြေလျှော့ခြင်း စသော နည်းလမ်းများဖြင့် နိုင်ငံတော်နယ်ပယ်ကို လျှော့ချရန် ဒီဇိုင်းဆင်ထားသော စီးပွားရေး ပေါ်လစီအစီအစဉ်များ စာရင်းတွင် ‘ဝါရှင်တန်သဘောတူအမြင်’ သည်သာ အပြည့်စုံဆုံး လျှော်ကန်သင့်မြတ်မှု အရှိဆုံးဟု ဆိုကြပါသည်။ ဤအမြင်အရ ဘရာဇီးအစိုးရ အနေနှင့် သံမဏိစက်ရုံများကို တာဝန်ယူ လည်ပတ်စေဖို့ မလိုသလို အာဂျင်တီးနား အနေနှင့်လည်း ပြည်တွင်း မော်တော်ကားစက်ရုံ ထောင်စရာ အကြောင်း မရှိပါချေ။ ကူးပြောင်းခါစနှင့် ထွန်းသစ်စ ဈေးကွက်ရှိသော နိုင်ငံများအတွက် ဆိုလျှင်လည်း ပိုမိုသေးငယ်သော နိုင်ငံတော်နယ်ပယ် ဖြစ်စေရေးအတွက် တတ်နိုင်သမျှ အမြန်ဆုံး လှုပ်ရှားကြဖို့ အကြံပြုခဲ့ကြသည်သာ ဖြစ်သည်။ ဤသို့သော ပြုပြင်ပြောင်းလဲမှု အမျိုးအစားတွင် ပါဝင်ရန် နိုင်ငံရေးပြူတင်းပေါက်မှာ မြန်မြန် ပိတ်သွားနိုင်သည်ဖြစ်၍ အထိုက်အလျောက် ဒုက္ခခံပြီး ပြန်လည်ထိန်းညှိမှုများကို ချက်ချင်း ဆောင်ရွက်သည်ကသာ ပိုကောင်းလိမ့်မည်ဆိုသော စဉ်းစားချက်များဖြင့် ဤသို့အကြံပြုခဲ့ကြခြင်း ဖြစ်ပါသည်။
ဤနေရာတွင် နိုင်ငံ တော်တော်များများ၏ ပြဿနာမှာ နိုင်ငံတော်နယ်ပယ် လျှော့ချရေးဖြစ်စဉ် အတွင်းမှာပင် နိုင်ငံတော် သန်စွမ်းမှုပါ ကျဆင်းကုန်ခြင်းဖြစ်သည်။ နောက်ထပ် ပြဿနာတခုမှာကား အားနည်းသော သို့မဟုတ် ရှိကို မရှိသေးသော ပုံစံသစ် နိုင်ငံတော် စွမ်းဆောင်ရည်များအတွက် ဝယ်လိုအားများကို ဖန်တီးလိုက်ခြင်းပင် ဖြစ်ပါသည်။ တည်ငြိမ်ရေးနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ထိန်းညှိရေးအတွက် လိုအပ်သော ခြိုးခြံခြွေတာရေး ပေါ်လစီမှာ နိုင်ငံတော် စွမ်းဆောင်ရည် လျှော့ချရေးအတွက် အကြောင်းပြချက်တခုလို ဖြစ်လာခဲ့သည်။ စွမ်းဆောင်ရည် လျှော့ချရာတွင်လည်း ရည်မှန်းချက် ကြီးမားသော လုပ်ဆောင်မှု နယ်ပယ်များတွင် သာမက နယ်ပယ်အားလုံးတွင် လျှော့ချလိုက်ခြင်း ဖြစ်သည်။
အမှန်စင်စစ် အကောင်းဆုံး ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှာ နယ်ပယ်ကို လျှော့ချပြီး သန်စွမ်းမှုကို မြှင့်တင်နိုင်ဖို့ ဖြစ်သည်။ တကယ့်လက်တွေ့တွင်မူ နိုင်ငံတော်တော်များများမှာ နယ်ပယ်ရော သန်စွမ်းမှုပါ နှစ်ခုလုံး ကျဆင်းသွားခဲ့ရသည်။ အကျိုးဆက်ကား ပြုပြင်ပြောင်းလဲမှုမှာ အစိတ် (၁) သို့ ရောက်မသွားတော့ဘဲ အစိတ် (၃) တွင်သာ ဆုံးခန်းတိုင်သွားခြင်း ဖြစ်ပါသည်။
၂၀ ရာစု၏ နောက်ဆုံး လေးပုံတပုံလောက်က ဆာဟာရတပိုင်း အာဖရိကတွင် ဤပုံစံမျိုးဖြစ်ခဲ့သည်။ ဤဒေသရှိ အစိုးရများ၏ ယေဘုယျလက္ခဏာမှာ ‘ပုံစံသစ် ဘိုးဘအမွေခံသဘော’ ဟု ဆိုနိုင်ပါသည်။ အဓိပ္ပါယ်မှာ အာဏာရသူများနှင့် နီးစပ်သော ထောက်ခံသူ အသိုင်းအဝိုင်းကို အလုပ်အကျွေးပြုရေးအတွက် နိုင်ငံရေးအာဏာကို အသုံးပြုသည့်စနစ်မျိုးကို ဆိုလိုသည်။ မူဘူတူ၏ ဇိုင်ယာလိုနိုင်ငံများရှိ ‘ပုံစံသစ် ဘိုဘအမွေခံ နိုင်ငံတော်’ များ၏ သရုပ်သကန်ကို သရဲမရဲစီးနေသော ခေါင်းပုံဖြတ်မှုများဖြင့် ဖော်ပြနိုင်ပါသည်။ သို့တစေ တခြားနိုင်ငံများတွင်မူ ဤသို့မဟုတ်။ နီးစပ်ရာ မိသားစုများ၊ မျိုးတူစုများ၊ ဒေသများ၊ လူမျိုးစုများ၏ “အထူးစီးပွားရေး အကျိုးအမြတ် ရှာဖွေနေကြသည်များ” ကသာ လွှမ်းမိုးသောလက္ခဏာ ဖြစ်သည်။
‘နီကိုယ်လပ် ဗန်ဒီ ဝေါလေ့’ ထောက်ပြခဲ့သည့်အတိုင်း ‘ပုံစံသစ် ဘိုးဘအမွေခံ အစိုးရ’ ၏ သရုပ်သကန်ကို သမ္မတရုံးနှင့် ပုခုံးချင်းယှဉ်ရှိနေသော ဝီဘာပုံစံ ဆင်ခြင်တုံတရားအခြေခံ ဗျူရိုကရေစီဖြင့် ယေဘုယျ ဖေ်ပြနိုင်စရာ ရှိပါသည်။ အဆိုပါ ဗျူရိုကရေစီကို ကိုလိုနီကာလကတည်းက ဖွဲ့စည်းပုံဖော်ခဲ့ကြပြီး ပုံမှန်အစိုးရ စီမံအုပ်ချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လေ့ ရှိသည်။ ခေတ်သစ်နိုင်ငံတော်ကဏ္ဍ ဖြစ်တည်လာခြင်းက ဆိုခဲ့ပါ ‘ပုံစံသစ် ဘိုးဘအမွေခံ အစိုးရများ’ အတွက် ခြိမ်းခြောက်မှု ဖြစ်လာပြီး အရင်းအမြစ်များ ရယူသုံးစွဲရာတွင်လည်း ပြိုင်ဘက်သဘော ဖြစ်လာခဲ့ပါသည်။
အာဖရိက နိုင်ငံတော်များတွင် နှစ်ခွသဘာ၀ ရှိတတ်သည်ဆိုသည်၏ အဓိပ္ပါယ်မှာ ၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန် နှစ်များအတွင်း အလှူရှင်များ ချမှတ်ပေးသော တည်ငြိမ်ရေးနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ထိန်းညှိရေး အစီစဉ်များမှ မရည်ရွယ်သော ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတရပ် ပေါ်ထွက်လာသည်ကို ဆိုလိုသည်။ နိုင်ငံတကာမှ ချေးငွေထုတ်ပေးကြသော အသိုင်းအဝိုင်းများ အနေနှင့် သမားရိုးကျ ထိမ်းညှိရေးနှင့် ဖြေလျှော့ရေး အစီစဉ်များကို လက်တွေ့ အကောင်အထည် ဖော်စေခြင်းဖြင့် နိုင်ငံတော်နယ်ပယ်ကို လျှော့ချဖြတ်တောက်ရန် တောင်းဆိုခဲ့ကြသည်။ ဤတွင် မူလကတည်းက နိုင်ငံရေးအရ လွှမ်းမိုးထားနိုင်သော ‘ပုံစံသစ် ဘိုးဘအမွေခံ အစိုးရ’ များမှာ အဆိုပါ ပြင်ပ အခြေအနေ ဖန်တီးပေးမှုကို အကြောင်းပြချက် ကောင်းကောင်းအဖြစ် အသုံးချပြီး ဖြစ်တည်ခါစ ခေတ်သစ် နိုင်ငံတော်ကဏ္ဍ၏ နယ်ပယ်များကို လျှော့ချ ဖြတ်တောက်လာကြသည်။ သို့တစေ ၎င်းတို့၏ ‘ပုံစံသစ် ဘိုးဘအမွေခံ နိုင်ငံတော်’ နယ်ပယ်များကိုမူ ကာကွယ်ခဲ့ကြရုံမျှမက မကြာခဏဆိုသလို တိုးချဲ့ခဲ့ကြသည်များပင် ရှိခဲ့သည်။
သည်လိုနှင့် လမ်းများ၊ မူလတန်းကျောင်းများ၊ စိုက်ပျိုးရေးနှင့် ပြည်သူ့ကျန်းမာရေးတို့နှင့် ဆိုင်သော အခြေခံ ရင်းနှီးမြှုပ်နံှမှုများမှာ ရာစုနှစ်၏ နောက်ပိုင်းဆယ်စုများတွင် ဆိုးဆိုးဝါးဝါး ထိုးကျသွားခဲ့ရသည်။ သို့တိုင်အောင် လက်နက်ကိုင်တပ်ဖွဲ့များ၊ သံတမန်ရာထူးများ၊ အာဖရိကသမ္မတရုံးများနှင့် ဆက်စပ်နေသော အလုပ်များအတွက် အသုံးစရိတ်များ၊ (ဆိုရလျှင်) “အချုပ်အခြာ အာဏာပိုင်စိုးမှုနှင့် ဆက်စပ်နေသော အသုံးစရိတ်များ” မှာ သိသိသာသာ တက်လာခဲ့သည်။ ဥပမာ ကင်ညာနိုင်ငံရှိ သမ္မတရုံး၏ အရွယ်အစားမှာ နှစ်ဆကျော် ကြီးလာခဲ့သည်။ ၁၉၇၁ ခုနှစ်က ဝန်ထမ်းအင်အား ၁၈၀၀၀ သာရှိခဲ့ရာမှ ၁၉၉၀ ပြည့်နှစ်တွင် ၄၃၀၀၀ ကျော် ဖြစ်လာသည်။
မည်သည့်နိုင်ငံတကာမှ ငွေထုတ်ချေးပေးသူများရော နှစ်နိုင်ငံ အလှူရှင်များကပါ ဆိုခဲ့ပါ အနေအထား အတိုင်း ဖြစ်လာသည်ကို လိုလားကြသည်တော့ မဟုတ်ပါ။ သို့တစေ ဤသို့သော အနေအထားမျိုး မဖြစ်အောင် ဘယ်လို အခြေအနေမျိုး ပုံဖော်ပေးကြရမည် ဆိုသည်ကိုမူ မည်သည့်ငွေချေးသူ (မြီရှင်)၊ မည်သည့်အလှူရှင်ကမှ တီထွင်ကြံဆနိုင်ခဲ့ကြသည်တော့ မဟုတ်ပါချေ။
ယခုအခါ ဝါရှင်တန် သဘောတူအမြင်ကို လိုလားထောက်ခံသူ တော်တော်များများက သူတို့တတွေ အနေနှင့်် အင်စတီကျူးရှင်းများ တရားဥပဒေ စိုးမိုးရေးနှင့် သင့်တင့်လျောက်ပတ်သော ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ၏ အရေးပါပုံကို သဘောပေါက် နားလည်လာကြပါပြီဟု ထုတ်ဖော်ပြောကြားလာကြပြီ ဖြစ်သည်။ သို့နှင့်တိုင် နိုင်ငံတော် အရည်အသွေးနှင့် နိုင်ငံတော် တည်ဆောက်ရေးဆိုင်ရာ ပြဿနာများကိုကား ၁၉၈၀ ပြည့် လွန်နှစ်များ၏ နှောင်းပိုင်းနှင့် ၁၉၉၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းအတွင်း ရှိခဲ့သော ပေါ်လစီရေးရာ ဆွေးနွေးမှုများတွင် မတွေ့ရသလောက်ပင် ရှိနေဆဲဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုများ အလုပ်ဖြစ်နိုင်လောက်သည့် ဆက်စပ် အခြေအနေများ ဖန်တီးပုံဖော်နိုင်ရန် သင့်လျော်သော နိုင်ငံရေး၊ ဥပဒေရေးနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အင်စတီကျူးရှင်းများ ကင်းမဲ့နေလျင် ဖြေလျှော့မှုများမှာ အရေးနိမ့်သွားနိုင်သလို ဆန့်ကျင်ဘက် အကျိုးဆက်များသို့ပင် ဦးတည်ကောင်း ဦးတည်သွားနိုင်ပေသည်။
ဆိုခဲ့ပါအနေအထားနှင့် ဖြစ်နိုင်ချေကို သတိပေး ထောက်ပြသူဆို၍လည်း ဝါရှင်တန် မူဝါဒ ချမှတ်သူများထဲတွင် မရှိသလောက်ပင် ရှားပါးဆဲဖြစ်ပါသည်။ ပြောရလျှင် ယနေ့ မူဝါဒ ချမှတ်သူများကြား ယေဘုယျ တိမ်းညွတ်မှုမှာ ယခုလိုသာ ဖြစ်သည်။ “ဖြေလျှော့မှု (လစ်ဘရယ်လိုက်ဇေးရှင်း) လုံး၀ မရှိသည်ထက်စာလျင်၊ ဖြေလျှော့မှု (လစ်ဘရယ် လိုက်ဇေးရှင်း) တစုံတရာရှိသည်က ပိုကောင်းသည်” ဆိုသော အမြင်ဖြစ်ပါသည်။
ဝါရှင်တန်သဘောတူအမြင်ကို ပြည်လည်စိစစ်ခြင်း
အဆိုပါပြသနာများနှင့် ပတ်သတ်သော စဉ်းစားချက်များမှာ ‘၁၉၉၇-၉၈ အရှေ့အာရှစီးပွားရေး အကျပ်အတည်း’ အပြီး ရုရှားနှင့် တခြား ကွန်မြူနစ်နိုင်ငံဟောင်းများတွင် ပြဿနာများစွာ ကြုံပြီးတော့မှသာ စတင် ရွေ့လာခြင်း ဖြစ်သည်။ ပြောရလျှင် တိုင်းနှင့် တောင်ကိုးရီးယားတို့၏ ဘဏ္ဍာရေးအကျပ်အတည်းမှာ အချိန်မတိုင်သေးပဲ အလောတကြီး ဆောင်ရွက်ခဲ့သော ‘အရင်းအနှီး ငွေစာရင်း ဖြေလျှော့မှု’ နှင့် တိုက်ရိုက်ဆက်စပ်နေသည်။ အဆိုပါ နှစ်နိုင်ငံလုံးတွင် ပြည်ပမှ ရေတိုအရင်းအနှီးများ ပြည်တွင်းဘဏ်များထဲသို့ ရုတ်တရက် စီးဝင်လာစဉ်က အဆိုပါ ငွေကြေးအရင်းအနှီးများကို ထိန်းသိမ်းဖို့ အပ်နှံထားသော အင်စတီကျူးရှင်းများ၏ ထိရောက် စွမ်းဆောင်မှုမှာ များစွာ နောက်ကျကျန်ဆဲ ဖြစ်ပါသည်။ ဤသို့သော အခြေအနေတွင် မဆိုစလောက်မျှသော ဖြေလျှော့မှုက၊ ဖြေလျှော့မှု လုံးဝမရှိသည်ထက် ပို၍ပင် အန္တရာယ် ကြီးနိုင်ပေသည်။ (ယခုမှ ပြန်ကြည့်လိုက်တော့ ဤသဘောမှာ ထင်ရှားလာသည်။)
ဥပမာအနေနှင့် တောင်ကိုးရီးယား၏ ထိုစဉ်ကာလဖြစ်ရပ်များကို ပြန်ကြည့်နိုင်ပါသည်။ တောင်ကိုးရီးယားမှာ OECD အဖွဲ့ဝင်ဖြစ်လာစေရန် ၎င်း၏ အရင်းအနှီးစာရင်းကို ဖြေလျှော့ပေးလိုက်သည်။ ထိုစဉ်က တောင်ကိုးရီးယားတွင် အလားတူ လိုက်လျှောညီထွေ ဖြစ်ဖို့လိုသော ‘အီကွီတီဈေးကွက်’ မဖွင့်နိုင်သေးသလို နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာလည်း များများစားစား ရှိလှသေးသည် မဟုတ်ပါချေ။ ဤတွင် ကိုးရီးယား၏ အံ့မခန်းစီးပွားရေး တိုးတက်မှုကို မြည်းစမ်း ကြည့်လိုကြသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အနေနှင့် ၎င်းတို့၏ ငွေကြေးများကို မဟန်လျှင် ချက်ချင်းပြန်ထုတ်နိုင်သော ရေတို အရင်းအနှီးဈေးကွက်တွင်သာ မြှုပ်နှံလာကြသည်။ သည်လိုနှင့် ၁၉၉၆-၉၇ တွင် ကိုးရီးယား၏ ဘဏ်စာရင်းရှင် အပ်ငွေများ ယိုယွင်းလာသောအခါ အမျိုးသား ငွေကြေးမှာ ရေတိုအရင်းအနှီးများ ပြန်လည်ဆုတ်ခွာမှုကြောင့် ပေါ်ထွက်လာသော ဖိအားဒဏ်ကို မတွန်းလှန်နိုင် ဖြစ်လာရတော့သည်။ ဤသည်ပင် ၁၉၉၇ စီးပွားရေး အကျပ်အတည်းအတွက် ဇာတ်ခုံထိုးပေးလိုက်ရသည့် သဘောဖြစ်ပါသည်။
ရုရှားနှင့် တခြားသော ကွန်မြူနစ်လိုနိုင်ငံများ ရင်ဆိုင်ရသည့် ပြဿနာမှာ တောင်ကိုးရီးယားနှင့်မတူ တမူထူးသည်။ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြောင်းရေးမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၏ လျှော်ကန် သင့်မြတ်သော ရည်မှန်းချက်တခု ဖြစ်သည်မှာ မှန်သည်။ သို့တစေ ဤလုပ်ငန်းကို သင့်တင့်လျောက်ပတ်စွာ ဆောင်ရွက်နိုင်ရန် အတွက် အင်စတီကျူးရှင်းဆိုင်ရာ စွမ်းဆောင်ရည်ရှိဖို့ လိုအပ်ပေသည်။ ပုဂ္ဂလိကပိုင် ပြောင်းရေးက အလွန်ကြီးမားသော သတင်းအချက်အလက် အချိုးမညီမှုကို မလွှဲမရှောင်သာ ဖန်တီးပေးလေ့ရှိရာ ဤကိစ္စကို ပြင်ဆင်နိုင်ရန် အစိုးရတွင် တာဝန်ရှိပေသည်။ အက်ဆက်များနှင့် ပိုင်ဆိုင်မှု အခွင့်အရေးများကို သင့်လျော်ကောင်းမွန်စွာ ဖော်ထုတ်ဖို့ လိုသလို တန်ဖိုးဖြတ်ဖို့လည်း လိုသည်။ ပွင့်လင်းမြင်သာမှုရှိစွာ လွှဲပြောင်းပေးဖို့လည်း လိုပါသည်။ ထို့ထက် အက်ဆက်များကို ချွတ်ကြခွာကြခြင်း၊ လျှို့ဝှက်နည်းများဖြင့် အကြံဖန်လုပ်ခြင်းနှင့် တခြားသော အလွဲသုံးစား လုပ်မှုများကို ကာကွယ်နိုင်ရန် လူနည်းစု ရှယ်ယာပိုင်ရှင်သစ်များ၏ အခွင့်အရေးများကိုလည်း အကာကွယ်ပေးကြရမည် ဖြစ်သည်။
ပုဂ္ဂလိကပိုင် ပြောင်းခြင်းအနေနှင့် နိုင်ငံတော် လုပ်ဆောင်မှုများ၏ နယ်ပယ်ကို လျှော့ချစဉ်မှာပင် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အဆင့်မြင့် နိုင်ငံတော်စွမ်းဆောင်ရည်ရှိဖို့ အထူးလိုအပ်ပါသည်။ ခက်နေသည်မှာ ဤသို့သော စွမ်းဆောင်ရည်မျိုး ရုရှားတွင် မရှိခြင်းပင်ဖြစ်သည်။ ထိုမျှမက ‘အော်လီဂါ’ ဟု ခေါ်သော လူနည်းစု လက်ဝါးကြီးအုပ် အသိုင်းအဝိုင်းများ၏ အများဆိုင် အရင်းအမြစ်များကို ခိုးဝှက်ယူငင်ခြင်းများကလည်း ကွန်မြူနစ်လွန် ရုရှားနိုင်ငံတော်၏ တရားနည်းလမ်းကျမှုကို များစွာထိခိုက်စေပါသည်။
ဤသို့ဖြင့် “နယ်ပယ်ထက် သန်စွမ်းမှုကို ပိုဦးစားပေးသင့်သည်” ဆိုသော အယူအဆမှာ တော်တော်များများ၏ သိမှတ် လက်ခံမှုအသစ် ဖြစ်လာပါသည်။ ဤသဘောကို အစဉ်အလာ လွတ်လပ်သော ဈေးကွက်ဝါဒီများ၏ ဦးစီးခေါင်းဆောင် ဘောဂဗေဒပညာရှင် မီလတန်ဖရိုင်းမင်း၏ ၂၀၀၁ ခုနှစ်က မှတ်ချက် စကားတခုတွင် တွေ့နိုင်သည်။ သူက ယခုလို မှတ်ချက်ပြုခဲ့သည်။ “လွန်ခဲ့တဲ့ ဆယ်စုတခုကဆိုရင် ဆိုရှယ်လစ်စနစ်က ပြောင်းဖို့ လုပ်လာကြတဲ့ တိုင်းပြည်တွေကို ကျနော် စကားသုံလုံးနဲ့ပဲ အကြံပြုခဲ့ပါတယ်။ ‘ပုဂ္ဂလိကပိုင်ပြောင်း၊ ပုဂ္ဂလိကပိုင်ပြောင်း၊ ပုဂ္ဂလိကပိုင်ပြောင်း’ … ပေါ့။ အခုတော့ ကျနော် ဒီလိုပြင်ပြောတော့မယ့်။ ‘ကျနော် မှားသွားတယ်’။ တရားဥပဒေ စိုးမိုးရေးက ပုဂ္ဂလိကပိုင် ပြောင်းရေးထက် ပိုအခြေခံကျလေမလားပဲ … ။”
စီးပွားရေးစွမ်းဆောင်ရည် ရှုထောင့်ကကြည့်လျှင် “နိုင်ငံတော်နယ်ပယ်ကို လျှော့ချသည်က ပိုအရေးကြီးသလော၊ သို့မဟုတ် နိုင်ငံတော် သန်စွမ်းမှုကို မြင့်တင်သည်က ပိုအရေးကြီးပါသလော”။ “မည်သည်က ပိုကြီးမားသော စီးပွားရေး တိုးတက်မှုကို ဦးတည်နိုင်စေပါသလော …”။ ဤမေးခွန်းများကို ယေဘုယျကျကျ ဝါးဖြစ်လို့ မဖြစ်နိုင်ပါ။ အကြောင်းမူ စီးပွားရေး လုပ်ဆောင်မှုမှာ အခိုင်အမာ အင်စတီကျူးရှင်းဆိုင်ရာ စွမ်းဆောင်ရည်အပေါ် တည်မှီနေပြီး နိုင်ငံတော် လုပ်ဆောင်မှုများနှင့် ပတ်သတ်လျှင်လည်း မေးခွန်းထုတ်စရာများ ရှိနေသောကြောင့် ဖြစ်ပါသည်။ ကျယ်ကျယ်ပြန့်ပြန့် ပြောရမယ်ဆိုလျှင် နိုင်ငံတော် အင်စတီကျူးရှင်းများ၏ သန်စွမ်းမှုက နိုင်ငံတော် လုပ်ဆောင်မှုများ၏ နယ်ပယ်ထက် ပိုအရေးကြီးကြောင်း ဖော်ပြနေသည့် အထောက်အထားများ ရှိပေသည်။
အမှန်စင်စစ် ကျွန်ုပ်တို့တွင် အနောက်ဥရောပ၏ စီးပွားရေး တိုးတက်မှုဆိုင်ရာ မှတ်တမ်းများ အခိုင်အမာရှိပြီး ဖြစ်သည်။ အနောက်ဥရောပ၏ နိုင်ငံတော် လုပ်ဆောင်မှုများ၏ နယ်ပယ်မှာ အမေရိကန်ပြည်ထောင်စုထက် အများကြီး ကျယ်သည်။ သို့တစေ ၎င်းတို့၏ နိုင်ငံတော် အင်စတီကျူးရှင်းများမှာလည်း သန်စွမ်းကြသည်သာ ဖြစ်သည်။ နောက်ထပ် မေးသင့်မေးထိုက်သည့် မေးခွန်းတခုလည်း ရှိပါသေးသည်။ “ပြီးခဲ့သော အနှစ် ၄၀ အတွင်း အရှေ့အာရှနိုင်ငံများ၏ စီးပွားရေး တိုးတက်မှုမှာ အဘယ်ကြောင့် အလားတူ လက်တင်အမေရိက နိုင်ငံများထက် ပိုမို တောင့်တင်းခိုင်မာပါသနည်း။”
အဆိုပါ နိုင်ငံနှစ်ခုကြားတွင် နိုင်ငံတော် လုပ်ဆောင်မှုများ၏ နယ်ပယ်ချင်း ကွာလှသည်တော့ မဟုတ်ပါ။ သို့တိုင်အောင် အရှေ့အာရှနိုင်ငံများ၏ နိုင်ငံတော် အင်စတီကျူးရှင်းများ၏ စွမ်းဆောင်ရည်မှာ လက်တင် အမေရိကထက် များစွာ ပိုမြင့်ပါသည်။ အရှေ့အာရှနိုင်ငံများ၏ နယ်ပယ်မှာ အသေးဆုံး (ဟောင်ကောင်) မှသည် အစိုးရ စွက်ဖက်မှုအများဆုံး တနည်းအားဖြင့် အကျယ်ဆုံး (တောင်ကိုးရီးယား) အထိ ရှိသည်။ သို့တစေ အဆိုပါနိုင်ငံ အားလုံး၏ တဦးချင်း ဂျီဒီပီ တိုးတက်မှုနှုန်းမှာ ထူးထူးခြားခြား မြင့်မားကြသည်သာ ဖြစ်ပါသည်။ စွမ်းဆောင်ရည် သန်စွမ်းမှုဘက်က ကြည့်လိုက်လျှင်မူ လက်တင် အမေရိကနိုင်ငံများ၏ အုပ်ချုပ်ရေး မျက်နှာစာတိုင်းရှိ ရမှတ်မှာ အရှေ့အာရှ နိုင်ငံများထက် ပိုဆိုးသည်ကိုသာ တွေ့ရသည်။
ရေရှည်စီးပွားရေး တိုးတက်မှုနှုန်းကို သတ်မှတ်ပြဌာန်းရာတွင် နယ်ပယ်ထက် သန်စွမ်းမှုက ပိုအရေးကြီးသည်ဆိုသော စဉ်းစားနည်းအတွက် နောက်ထပ် အကြောင်းရင်းခံ တခုလည်း ရှိပါသေးသည်။ အမျိုးမျိုးအဖုံဖုံသော တိုင်းပြည်များ၏ တဦးချင်း ဂျီဒီပီနှင့် အစိုးရများ၏ ဂျီဒီပီထဲမှ အခွန်အဖြစ် ဆွဲထုတ်ယူနိုင်သော ရာခိုင်နှုန်းကြားတွင် အသင့်အတင့် ခိုင်မာသော အပေါင်းလက္ခဏာဆောင်သည့် ဆက်သွယ်မှုတခု ရှိနေခြင်းပင် ဖြစ်ပါသည်။ ဤအချက်ကြောင့်ပင် ချမ်းသာသော နိုင်ငံများအနေနှင့် အမျိုးသားစနစ်မြင့်မားသော အချိုးအဆကို နိုင်ငံတော် ကဏ္ဍထဲသို့ ကဲ့ထည့်နိုင်ကြခြင်း ဖြစ်နိုင်ပါသည်။ အမှန်စင်စစ် အခွန်တော်ငွေ ထုတ်ယူနှုန်းမှာ နိုင်ငံတော် နယ်ပယ်၏ အတိုင်းအတာတရပ် ဖြစ်ပါသည်။ (အထူးသဖြင့် တစ်ဦးချင်း ဂျီဒီပီမြင့်မားသော နိုင်ငံများတွင် ဤသဘောကို တွေ့ရသည်။) တပြိုင်နက်တည်းမှာပင် စီမံအုပ်ချုပ်မှု စွမ်းဆောင်ရည်ကို ဖော်ပြသော အတိုင်းအတာတရပ်လည်း ဖြစ်နေသည်။ (သို့အတွက် နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ အင်စတီကျူးရှင်းများမှာ ဤအချက်ကို တိုင်းတာနည်းတရပ်အဖြစ် တိုး၍တိုး၍ အသုံးချလာကြခြင်း ဖြစ်သည်။)
နိုင်ငံတော်တော်များများ အနေနှင့် ၎င်းတို့သက်ဆိုင်ရာ ဂျီဒီပီ၏ အချိုးအဆ တော်တော်များများကို အခွန်အဖြစ် ဆွဲထုတ် ယူလိုကြသည်သာ ဖြစ်ပါသည်။ သို့တစေ လက်တွေ့တွင် နိုင်ငံတိုင်း ဤသို့ လုပ်နိုင်ကြသည်တော့ မဟုတ်ပါ။ ၎င်းတို့၏ အခွန်ကောက်ခံ နိုင်စွမ်းနှင့် အခွန်ဥပဒေများ အာဏာတည်နိုင်စွမ်းတို့မှာ အားနည်းလှသောကြောင့် ဖြစ်သည်။ အခွန်ထုတ်ယူနိုင်မှုနှင့် ဖွံ့ဖြိုးမှုအဆင့်များကြား ခိုင်မာသောအပေါင်း လက္ခဏာဆောင်သည့် အဆက်အစပ်တခု ရှိသည်ဆိုသော သဘောမှာ ယေဘုယျအားဖြင့် ပိုမိုအားကောင်းသော စီမံအုပ်ချုပ်မှု စွမ်းရည်၏ အပေါင်းလက္ခဏာ ဆောင်သော သက်ရောက်မှုများက ရေရှည်တွင် ကြီးမားများပြားသော နိုင်ငံတော်နယ်ပယ်၏ အနုတ်လက္ခဏာ ဆောင်သော သက်ရောက်မှုများကို ချိန်ညှိ မဲတင်ပေးနိုင်သောကြောင့် ဖြစ်ပါသည်။
သမာရိုးကျ အသိအမြင်သစ်
ယခုအခါ ဖွံ့ဖြိုးရေးပေါ်လစီ ဖန်တီးပုံဖော်ကြသူများနှင့် လေ့လာသူများ ကိုယ်တိုင်က နိုင်ငံတော် သန်စွမ်းမှု၏ အရေးပါပုံကို သိမှတ် လက်ခံလာကြပြီ ဖြစ်သည်။ အနည်းဆုံး ၁၉၉၇ ခုနှစ် လောက်မှစ၍ “အင်စတီကျူးရှင်း-အရေးကြီး” ဆိုသော စကားရပ်မှာ ဆောင်ပုဒ်တခုပင် ဖြစ်လာခဲ့သည်။ နိုင်ငံတော်သန်စွမ်းမှုနှင့် ဆက်စပ်နေသော အုပ်ချုပ်ရေး၊ နိုင်ငံတော် စွမ်းဆောင်ရည်၊ အင်စတီကျူးရှင်း အရည်အသွေး စသော ခေါင်းစဉ်များမှာလည်း ဖွံ့ဖြိုးရေး ဘောဂဗေဒပညာတွင် အကျုံးဝင်လာခဲ့သည်။
၁၉၈၉ ခုနှစ်တွင် ‘ဟန်နန်ဒို-ဒီဆိုတို’ ၏ “တခြားသောလမ်းကြောင်း၊ တတိယကမ္ဘာရှိ ကိုယ်ပျောက် တော်လှန်ရေး” အမည်ရှိ စာအုပ်တအုပ် ထွက်လာသည်။ ဤစာအုပ်တွင် ဒီဆိုတိုက ဖွံ့ဖြိုးရေး အသိုင်းအဝိုင်းကို “တရားဝင် ပြဌာန်းထားသော ပုဂ္ဂလိကပစ္စည်း ပိုင်ဆိုင်ခွင့်မျှဖြင့် အရေးကြီးသော အပြောင်းအလဲတရပ်ကို ဖန်တီးပေးနိုင်ကြောင်း” အသိပေး ပြောကြားခဲ့သည်။ ပို၍ကျယ်ကျယ်ပြန့်ပြန့်ဆိုရလျှင် “ချော့မွေ့ အဆင်ပြေစွာ အလုပ်ဖြစ်သော တရားဝင် အင်စတီကျူးရှင်းများက စီးပွားရေး စွမ်းဆောင်ရည်ကို မြင့်တင်ပေးနိုင်သည်” ဆိုသော အမှာစကား ဖြစ်သည်။
ထိုမျှမက ဒီဆိုတိုက သုတေသီများကို ပီရူးနိုင်ငံ လီမာမြို့တော်သို့ စေလွှတ်ပြီး ထိုနိုင်ငံတွင် စီးပွားရေး လုပ်ငန်းငယ်တခု လိုင်စင်ရရန် ဘာတွေလိုသည်၊ ဘယ်လောက်ကြာသည် ဆိုသည်ကို သုတေသန လုပ်စေခဲ့သည်။ စာတမ်းကိုယ်စီဖြင့် သူတို့တတွေ ပြန်ရောက်လာသောအခါ ဒီဆိုတို လိုချင်သော အဖြေများ ရလာခဲ့ပါသည်။ “ဆယ်လ ကြာသည်၊ ရုံးပေါင်း ဆယ့်တရုံးဖြတ်ရသည်၊ အမေရိကန်ဒေါ်လာ ၁၂၃၁ ကုန်သည်” ဟူ၏။ အမေရိကန် ပြည်ထောင်စု သို့မဟုတ် ကနေဒါ ဆိုလျှင် အလားတူဖြစ်စဉ်မျိုး ဆောင်ရွက်ရန် နှစ်ရက်ပင် ကြာမည်မဟုတ်ပါချေ။ ဤမျှ လေးလံနှေးကွေးသော၊ ကွေ့ကောက် ရှုပ်ထွေးသော၊ ငွေကုန်ကြေးကျ များလှသော ဖြစ်စဉ်မှာ စတင်ခါစ စီးပွားရေး လုပ်ငန်းသစ်များအတွက် အတားအဆီးကြီးတခု ဖြစ်နေရတော့သည်။
အဆိုပါ တွေ့ရှိချက်များကို အခြေခံပြီး ဒီဆိုတိုက “ဆင်းရဲသော လုပ်ငန်းရှင်များအနေနှင့် လိုင်စင်တင်ဖို့ မလိုသော ‘စည်းလွတ်ခွင်’ ကို ရွေးချယ်ကြမည်မှာ အံ့သြစရာ မဟုတ်ပါချေ” ဟု မှတ်ချက်ရေးခဲ့ပါသည်။ ဆင်းရဲသော ရပ်ကွက်များအတွက်ဆိုလျှင် အဆိုပါ ‘စည်းလွတ်ခွင်’ ကဏ္ဍတွင်သာ အမှန်တကယ် လှုပ်ရှားမှုရှိပြီး တချို့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကို အမှန်တကယ် ရနိုင်သည်မှာလည်း ဤကဏ္ဍသာဖြစ်သည်။ သို့နှင့်တိုင် လုံခြုံစိတ်ချရမှုနှင့် ကြိုတင်ခန်က မှန်းနိုင်မှုတို့ မရှိသလို ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်ခွင့် အတွက်လည်း တရားဝင် အာမခံချက် မရှိပါချေ။ ဤအချက်များက ရင်းနှီးမြှုပ်နှံမှု မိုးကုပ်စက်ဝိုင်းကို ကျဉ်းမြောင်းစေပြီး စီးပွားရေး လုပ်ငန်းငယ်လေးများကို အလုပ်အကိုင်များ တိုးပြီး လုပ်ငန်းကြီး ဖြစ်လာစေရေးအတွက်လည်း ဟန့်တားပိတ်ဆို့ထားသလို ဖြစ်နေပါတော့သည်။
ဤသို့ဖြင့် ဖွံ့ဖြိုးရေးပေါ်လစီ အသိုင်းအဝိုင်းမှာ အထင်နှင့်အမြင် တခြားစီဖြစ်နေသော အနေအထားတရပ်နှင့် ဒုတ်ဒုတ်ထိ ရင်ဆိုင်ရလာတော့သည်။ စစ်အေးလွန်ကာလမှာ ဘောဂဗေဒ ပညာရှင်များ၏ ပညာပိုင်းဆိုင်ရာ လွမ်းမိုးမှုဖြင့် စတင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ အဆိုပါ ပညာရှင်များက လစ်ဘရယ်လိုက်ဇေးရှင်း (ဖြေလျှော့မှု) နှင့် အသေးဆုံး နိုင်ငံတော်ဆိုသည်ကို အပြင်းအထန် တွန်းတင်ခဲ့ကြသည်။ ဆယ်နှစ်မျှကြာသော အခါတွင်ကား “ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိသော အရေးအကြီးဆုံး ကိန်းရှင်တချို့မှာ စီးပွားရေးနှင့် မဆိုင်ဘဲ သဘာဝအားဖြင့် အင်စတီကျူးရှင်းများနှင့် နိုင်ငံရေးတို့နှင့်သာ ပို၍ဆိုင်ကြောင်း” ဘောဂဗေဒပညာရှင် တော်တော်များများ ကိုယ်တိုင် ကောက်ချက်ချလာကြရသည်။
ဆိုရလျင် နိုင်ငံတော်ဖြစ်တည်မှုတွင် လုံးဝကို ပျောက်ဆုံးနေသော မျက်နှာစာတရပ် ရှိနေပြီဖြစ်သည်။ “နိုင်ငံတော် တည်ဆောက်ရေး” ဖြစ်ပါသည်။ ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲများမှာဆိုလျှင် နိုင်ငံတော်နယ်ပယ်နှင့် ပတ်သက်၍သာ ပြောနေဆိုနေကြပြီး အဆိုပါ ပျောက်ဆုံးနေသော မျက်နှာစာ (နိုင်ငံတော် တည်ဆောက်ရေး) ကိုမူ ဥပေက္ခာ ပြုနေခဲ့ကြသည်။ သည်တွင် ဘောဂဗေဒပညာရှင် အများစုအနေနှင့် ရာစုဝက်လောက်မျှ ဖုံတက်နေသော ‘လူထုရေးရာ စီမံအုပ်ချုပ်ရေး’ စာအုပ်များကို ဖုံခါကြည့်လာကြရသလို အဂတိလိုက်စားမှု ဆန့်ကျင်ရေး မဟာဗျူဟာများနှင့် ပတ်သက်လျှင်လည်း ချစ်တီးေခေါင်းသန်းရှာ ဆိုသလို လုပ်လာကြရတော့သည်။
“အင်စတီကျူးရှင်းများသည်သာ ဖွံ့ဖြိုးရေးအတွက် အဆုံးအဖြတ် ဖြစ်စေလောက်အောင် အရေးကြီးသော ကိန်းရှင်များ ဖြစ်သည်” ဆိုသောအချက်မှာ ‘သမားရိုးကျ အသိအမြင်သစ်’ ဟူ၍ပင် ဆိုရတော့မည် ဖြစ်ပါသည်။ မြောက်များလှစွာသော လေ့လာချက်များမှ ထွက်ပေါ်လာသည့် လက်တွေ့မျက်မြင်ကို အခြေခံသော မှတ်တမ်းမှတ်ရာများမှာ အဆိုပါ သမားရိုးကျ အသိအမြင်သစ်၏ သာဓကများပင် ဖြစ်သည်။ ထိုမျှမက အင်စတီကျူးရှင်းများနှင့် အင်စတီကျူးရှင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် ပတ်သက်သော ကြီးမားကျယ်ပြန့်သည် နှင့်အမျှ အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်နေသော စာပေပညာရပ်များလည်း ရှိနေပြီဖြစ်သည်။
သမာရိုးကျ အသိအမြင် ပုံသဏ္ဍာန်အားလုံးကို ကျွန်ုပ်တို့အနေနှင့် ဂရုဓမ္မထားဖို့ လိုပါလိမ့်မည်။ ‘မိုက်ကယ်ဝူးလော့ခ်’ နှင့် ‘လန့်ထ်ဖရစ်ချက်ထ်’ တို့က “ဒိန်းမတ်သို့ ရောက်ရှိရေးပြဿနာ” ဆိုသည်ကို ဖော်ထုတ် ပြောဆိုခဲ့ကြသည်။ ဒိန်းမတ်ဆိုသည်မှာ ယေဘုယျအားဖြင့် ကောင်းစွာ အလုပ်ဖြစ်နေသော နိုင်ငံတော် အင်စတီကျူးရှင်းများရှိသည့် ဖွံ့ဖြိုးပြီးနိုင်ငံတခုကို ရည်ညွှန်းသည်။ ကျွနု်ပ်တို့အနေနှင့် ဒိန်းမတ်မှာ ဘာနှင့်တူသည်ကို သိကြပါသည်။ သမိုင်းအရ လက်ရှိအနေအထားသို့ ဘယ်လို ရောက်ရှိလာသည်ကိုလည်း သိကြသည်သာ ဖြစ်သည်။ သို့နှင့်တိုင် သမိုင်းဖြစ်စဉ် အရရော ယဉ်ကျေးမှုအရပါ ဒိန်းမတ်နှင့် အလှမ်းကွာလှသည့် ဆိုမာလီယာလို၊ မိုဒိုဗာတို့လို နိုင်ငံမျိုးတွင် အဆိုပါ အသိအမြင် ဗဟုသုတများကို မည်၍မည်မျှ အတိုင်းအတာအထိ ရွှေ့ပြောင်း အသုံးပြုလို့ ရနိုင်ပါမည်နည်း။
ကံမကောင်း အကြောင်းမလှစွာပင် “ဒိန်းမတ်သို့ ဘယ်လို ရောက်နိုင်မည်နည်း” ဆိုသော ပြဿနာမှာ မဆိုစလောက်မျှသော နိုင်ငံအနည်းငယ် အတွက်ပင်လျှင် ဖြေရှင်းလို့ မရဖို့က များပါလိမ့်မည်။ ဤနေရာတွင် အတားအဆီး ဖြစ်နေသည်မှာ အသိအမြင် မဟုတ်ပါချေ။ အဆိုပါနိုင်ငံများမှာ ဒိန်းမတ်နှင့် အကြီးအကျယ် ကွာခြားလှသည်ကို ကျွနု်ပ်တို့ သိထားသည်။ ‘ဒိန်းမတ်ပုံစံ ဖြေရှင်းနည်း’ ဘာဆိုတာကိုလဲ သိသည်။ ပြဿနာမှာ ဒိန်းမတ်သို့ ရောက်ရှိနိုင်မည့် နိုင်ငံရေးလမ်းစဉ် နည်းနာ မရှိခြင်းပင်ဖြစ်သည်။ ဤသို့ မရှိသည်မှာလည်း ပြုပြင်ပြောင်းလဲရေးအတွက် ဒေသခံ ဝယ်လိုအား မလုံလောက်သောကြောင့်ပင် ဖြစ်သည်။ ဤအချက်ကို ကောင်းစွာ သဘောပေါက် နားလည်ကြသော ဖွံ့ဖြိုးပြီးနိုင်ငံများအနေနှင့် ချေးငွေအခြေအနေ ဖန်တီးပေးခြင်းမှသည် စစ်ဘက်မှ ဗြောင်ဝင်သိမ်းခြင်းအထိ ဒေသခံ ဝယ်လိုအားကို နှိုးဆွပေးနိုင်လောက်မည့် မဟာဗျူဟာမျိုးစုံကို စမ်းသပ်ခဲ့ကြပြီး ဖြစ်ပါသည်။ သို့တစေ မှတ်စု မှတ်တမ်းများကို ရိုးရိုးသားသား ပြန်ကြည့်လိုက်လျှင်ကား အထင်ကြီးစရာဆို၍ တခုမျှ မရှိပါ။ ကိစ္စ တော်တော်များများမှာ ဆိုလျှင် ကျွနု်ပ်တို့၏ ကြားဝင် ဆောင်ရွက်မှုများကြောင့် အခြေအနေ ပိုဆိုးကုန်သည်များပင် ရှိပါသည်။
(ပြီး)
ဖရန်စစ် ဖူကူယားမား (Francis Fukuyama) သည် နိုင်ငံရေး သိပ္ပံပညာရှင်၊ နိုင်ငံရေး ဘောဂဗေဒ ပညာရှင်ဖြစ်ပြီး ဂျော့မေဆန် တက္ကသိုလ်၊ ဂျွန်စ် ဟော့ပ်ကင်းစ် တက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ စတန်းဖို့ဒ် တက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်နေသည်။ ယခုဆောင်းပါးကို State-Building: A New Agenda (၂၀၀၄ ခုနှစ် Cornell University Press) စာအုပ်မှ ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပြီး Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ဖြင့် Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုသည်။ Educational Initiatives သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ လူသားအရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသည့် ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။ www.eduinitiatives.org သို့ ဝင်ရောက် လေ့လာနိုင်သည်။