ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အသုတ်မြို့တွင် သြဂုတ်လ ၁၀ ရက်နေ့က စက်လှေမှောက်သဖြင့် ကျောင်းသူ ၃ ဦး သေဆုံးခဲ့ရာ စက်လှေမောင်းသမား ဖခင်ဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဧရာဝတီ ဖောင် ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်၏ ကူညီမှုဖြင့် သြဂုတ်လ ၁၁ ရက်နေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့က အာမခံဖြင့် ပြန်လွှတ်ပေး လိုက်ကြောင်း သတင်းရရှိသည်။
စက်လှေမောင်းသူ ဦးဝင်းအောင်မှာ ရေနစ်သေဆုံးခဲ့သည့် ၉ တန်းကျောင်းသူ မအေးအေးအောင်နှင့် ၇ တန်း ကျောင်းသူ မမြင့်မြင့်ဝင်းတို့၏ ဖခင်ဖြစ်ပြီး ၎င်းအာမခံရရှိရေးအတွက် ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်က ဝိုင်းဝန်းကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သမီး ၂ ယောက်လည်း ဆုံးပါးတဲ့အပြင် အဖေဖြစ်တဲ့လူပါ အဖမ်းခံနေရတော့ သူတို့မိသားစုက လွန်လွန် ကျူးကျူးကို စိတ်ထိခိုက် ခံစားနေရတယ်။ သူ့ဇနီးကိုယ်တိုင်ကလည်း သူ့ယောက်ျားကို ပြန်လွတ်စေချင်တယ်။ မြို့မိမြို့ဖတွေကလည်း လွတ်စေချင်တယ်။ ပုဒ်မကလည်း အာမခံပေးလို့ရတဲ့ ပုဒ်မဆိုတော့ အာမခံရရေး အားလုံးကြိုးစားတဲ့အခါမှာ သက်ဆိုင်ရာကလည်း ည ၁၀ နာရီခွဲလောက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်”ဟု ဦးဇော်ဇော်က ဧရာဝတီကို ပြောသည်။
စက်လှေမောင်းသူ ဦးဝင်းအောက်ကို အသုတ်မြို့ရဲတပ်ဖွဲ့က ပြစ်မှုနံပါတ် ၃၂/၂၀၁၅၊ ပုဒ်မ ၃၀၄ (က) ဖြင့် သြဂုတ်လ ၁၀ ရက်နေ့က ဖမ်းဆီးအမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။
ဦးဝင်းအောင်သည် ကွင်းဆုံးဆင့်ကျေးရွာ အထက်တန်းကျောင်းခွဲတွင် ပညာသင်ကြားနေသည့် သမီးဖြစ်သူ မအေးအေး အောင်၊ မမြင့်မြင့်ဝင်းတို့နှင့် တရွာတည်းနေ ၅ တန်းကျောင်းသူ မမြတ်မြတ်မိုးတို့ကို ညနေ ကျောင်း ဆင်းချိန် သွားကြိုပြီးနောက် သရက်ကုန်းရွာသို့ပြန်မောင်းလာစဉ် စက်လှေတိမ်းမှောက်ခဲ့ပြီး ကျောင်းသူ များ သေဆုံးခဲ့ခြင်း ဖြစ်သည်။
“သူ့အဖေ ကိုဝင်းအောင်က စက်လှေတမင်မှောက်အောင် လုပ်တာမှ မဟုတ်တာဗျာ။ လှိုင်းကြမ်း၊ ရေကြမ်း ဆိုတော့ မတော်တဆ ဖြစ်သွားတာပဲ။ သမီးတွေလည်းဆုံး အဖေလည်း အဖမ်းခံရဆိုတော့ ကျနော်တို့လည်း စိတ်မကောင်းဘူးလေ။ အခုလို အာမခံနဲ့ ပြန်လွတ်သွားတဲ့အတွက် ဝမ်းသာပါတယ်”ဟု အသုတ်မြို့ခံ ကိုစောဝင်းက ပြောသည်။
ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်က ရေနစ်သေဆုံးခဲ့သူ ကျောင်းသူ ၁ ဦးလျှင် ၁၀ သိန်းကျပ်နှုန်းဖြင့် ကျန်ရစ်သူမိသားစုများအား ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။
ကျောင်းသူများ ရေနစ်သေဆုံးမှုဖြစ်ပွားပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ပညာရေးဌာနက ရေကြည်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း ၂၅၈ ကျောင်းစလုံးကို ယမန်နေ့က စတင်၍ ရက်အကန့်အသတ်မရှိ ပိတ်လိုက် ကြောင်း ကြေညာ ခဲ့သည်။
“ကလေးတွေ ကျောင်းတက်ကျောင်းဆင်းမှာ ရေဘေးအန္တရာယ်တွေ ဖြစ်မှာစိုးလို့ ကျောင်းအားလုံး ပိတ်လိုက် တာပါ။ ရေပြန်ကျတာနဲ့ ကျောင်းတွေ ပြန်ဖွင့်ပြီး ပိတ်ခဲ့တဲ့ရက်အတွက် အစားထိုး ပြန်သင်တာတွေ လုပ်ဆောင်သွားမှာပါ”ဟု ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်းအတွင်း သြဂုတ်လ ၁ ရက်မှစတင်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ တိုင်းဒေသကြီးပညာရေးဌာနက ညောင်တုန်းမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများအားလုံးကို ပိတ်ထားခဲ့ပြီး ဟင်္သာတ၊ ကြံခင်း၊ ဇလွန်၊ လေးမျက်နှာ၊ သာပေါင်း၊ ကျောင်းကုန်း၊ ပန်းတနော် မြို့ကြီးများမှ ရေကြီးရေလျှံမှု ကြုံတွေ့နေရသည့် ကျောင်းတချို့ကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း သိရသည်။ ရာဝတီတိုင်း တခုလုံးတွင် ပိတ်ထားသည့် ကျောင်းပေါင်း ၁,၂၀၀ ကျော် ရှိကြောင်း တိုင်းပညာရေးမှူးရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် ပုသိမ်ခရိုင် ရေကြည်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာ ၅၀ ကျော်မှာ ရေကြီးနစ်မြုပ်မှုကြုံတွေ့နေရပြီး သောင်းနှင့်ချီသော ဒေသခံများမှာ ဆန်၊ ဆီ၊ ဆား ကဲ့သို့ ရိက္ခာများနှင့် သောက်ရေ သန့်များ လိုအပ်နေကြောင်း ကယ်ဆယ်ရေးလုပ်ကိုင်နေ သူများက ပြောသည်။
ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် ရေကြည်၊ သာပေါင်း၊ ဇလွန်နှင့် အင်္ဂပူမြို့နယ်များရှိ ရေကြီးနစ်မြုပ် ကျေးရွာများအတွက် စားနပ်ရိက္ခာ၊ အသုံးအဆောင်နှင့် ဆေးဝါးများ ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုပါ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။