မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုရှိ ဒေသခံ ပြည်သူအများအပြား စီးပွားရေးဆုံးရှုံးမှုနှင့် စားဝတ်နေရေး များစွာထိခိုက်ခဲ့သည့်အပေါ် အဖွဲ့အစည်းအသီးသီးက ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် အကူအညီပေးခဲ့ကြသည်။ ထို့အတူ နိုင်ငံတွင်း ထိပ်တန်း လုပ်ငန်းရှင်များကလည်း ယင်းလုပ်ငန်းများတွင် ငွေအား၊ လူအားနှင့် ပစ္စည်းအများအပြား ထောက်ပံ့မှုများ ပြုလုပ်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်ရာတွင် ပြည်တွင်းထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်သည့် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ၊ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း နာယကနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်အသင်းချုပ် နာယကလည်းဖြစ်သူ ဦးအောင်ကိုဝင်းလည်း တဦးအပါအဝင် ဖြစ်သည်။ သူသည် ရေဘေးသင့်ဒေသများကို ကိုယ်တိုင် သွားရောက်ခြင်း၊ ပစ္စည်းနှင့်ငွေများ ထောက်ပံ့ခြင်းတို့အတွက် သြဂုတ် ၁၀ ရက်နေ့အထိ ကျပ်သိန်း ၄၂၀၀၀ ကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း၊ ပြန်လည် ထူထောင်ရေးအတွက်လည်း ဆက်လက် လှူဒါန်းရန်ရှိကြောင်း သိရသည်။ ထို့ကြောင့် ၎င်း၏ လုပ်ဆောင်ချက်အများနှင့် ပတ်သက်၍ ဦးအောင်ကိုဝင်းကို ဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက် မေစစ်ပိုင်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ကမ္ဘောဇ အနေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ဆက်တိုက် ကူညီနေတာ တွေ့ရပါတယ်။ အခုနောက်ပိုင်းမှာ အဓိက လိုအပ်နေပြီဖြစ်တဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာရော ဘယ်လို ဆက်ကူညီ လုပ်ဆောင်သွားဖို့ ရှိပါသလဲရှင့်။
ဖြေ။ ။ ကမ္ဘောဇ ကုမ္ပဏီ အနေနဲ့ကတော့ ဒေသခံတွေအတွက် ပြန်လည် ထူထောင်ရေး လုပ်ဆောင်တဲ့နေရာမှာ တတ်နိုင်တဲ့ဘက်က ကူညီသွားမှာပါ။ ကျနော်တို့က စစ်ကိုင်းတိုင်း ချင်းပြည်နယ်တို့ အပါအဝင် ရေဘေးသင့် ဒေသတွေမှာ ပြန်လည် ထူထောင်ရေးလုပ်ငန်း မတိုင်ခင် ကာလတုန်းကလည်း ကြိုတင်ပြင်ဆင်ရေးတွေ အတွက် ဇူလိုင် ၂၇ ရက်နဲ့ ၂၈ ရက်ကစပြီး တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကုမ္ဗဏီအစီအစဉ် အနေနဲ့ရော ပရဟိတ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ပါ ဆောင်ရွက်ခဲ့တယ်။
မေး။ ။ ရေဘေးဒုက္ခ ကြုံကြရတော့ ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေမှာလည်း အခက်အခဲ တွေ့ကြရတာမျိုးတွေရှိတယ်။ အဲဒီအတွက် ပညာရေးကဏ္ဍအပိုင်းမှာရော ဘယ်လို ဆောင်ရွက်ပေးထားပါသလဲ။
ဖြေ။ ။ ပညာရေးကဏ္ဍ အပိုင်းမှာလည်း တတ်နိုင်သလောက် ကူညီထားတယ်။ အထူးသဖြင့် ကျန်းမာရေး စိုက်ပျိုးရေးစတဲ့ ကဏ္ဍတွေမှာပါ ကြိုးစားပြီး ကူညီဆောင်ရွက်သွားဖို့ ရှိတယ်။
မေး။ ။ ဦးအောင်ကိုဝင်း အနေနဲ့ ရေဘေးသင့်ဒေသတွေကို ကိုယ်တိုင် သွားရောက်ခဲ့တာတွေ ရှိခဲ့တယ်ဆိုတော့ အဲဒီလို သွားခဲ့တဲ့အခါမှာ ရေဘေးသင့်ပြည်သူတွေဆီက ဘယ်လို စကားသံတွေ ကြားရသလဲ။ ဘယ်လို အကူအညီပေးဖို့ ပြောကြပါသလဲ။
ဖြေ။ ။ သူတို့တွေကတော့ ကျနော်တို့ဘက်က အဝေးကြီးကနေ သူတို့ရှိတဲ့အထိ လာပြီး တတ်နိုင်သလောက် ကူညီမှုတွေ ပြုလုပ်ကြတဲ့အပေါ် ဝမ်းသာကြတယ်။ ဒါဟာလည်း အဆိုးထဲက အကောင်းပေါ့လို့ ပြောကြတယ်။ တပြည်လုံးကလည်း ဝိုင်းဝန်း ကူညီကြတဲ့အတွက် ဝမ်းသာရတယ်ဆိုတဲ့ အသံမျိုးလည်း ကြားရတယ်။
မေး။ ။ ရေဘေးဒုက္ခကို တနိုင်ငံလုံးနီးပါ ကြုံတွေ့ခဲ့ကြရတဲ့အပေါ် စီးပွားရေးလုပ်ငန်းရှင်တွေ၊ အဖွဲ့အစည်းတွေ အများအပြားက ကူညီမှုတွေ လုပ်လာတဲ့အပေါ်ကိုရော ဘယ်လို ပြောဆိုချင်ပါသလဲရှင့်။
ဖြေ။ ။ မြန်မာလူမျိုးတွေက စည်းလုံးမှုရှိတယ် အလှူအတန်း ရက်ရောတာလည်း တွေ့ရတယ် ဆိုတော့ အံ့သြဝမ်းသာစရာပဲ။
မေး။ ။ ဒီနှစ်မှာ အခုလို ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေဖြစ်တယ် ဆိုတာက နှစ်ပေါင်း ၁၀၀ အတွင်းမှာ ပထမဦးဆုံး ဖြစ်လာတဲ့ ဖြစ်ရပ်လို့ ပြောဆိုနေကြတယ်။ အန်ကယ့်အနေနဲ့ကရော ဒီကိစ္စအပေါ် ဘယ်လို ထင်မြင်ပါသလဲ။
ဖြေ။ ။ အားလုံးသိရှိပြီး ဖြစ်တဲ့အတိုင်း ယနေ့ ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံ ကိစ္စရပ်များဟာ Climate Change ကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။
မေး။ ။ ဒီလိုဖြစ်ရတဲ့ Climate Change နဲ့ပတ်သက်ပြီး ဘာတွေလုပ်ဆောင်ဖို့ လိုအပ်မလဲ။
ဖြေ။ ။ နောင်လည်း ဒါမျိုးကိစ္စတွေ ကြုံတွေ့နိုင်ပါသေးတယ်။ အဲဒါကြောင့် ကာကွယ်ရေးအပိုင်းမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ သစ်တောများ ပြုန်းတီးမှုကို ထိန်းသိမ်းရပါမယ်။ သစ်ပင်အစားထိုး စိုက်ပျိုးမှုများကို ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်ဖြင့် ပြန်လည်စိုက်ပျိုး ထူထောင်ရပါမယ်လို့ ယူဆပါတယ်။
မေး။ ။ ဒီလိုဖြစ်နေတဲ့ Climate Change ကြောင့် ဖြစ်ရတဲ့ ကိစ္စတွေအပေါ် ကမ္ဘောဇကုမ္ပဏီ အနေနဲ့ ဘာတွေ လုပ်ဆောင်ပေးဖို့ ရှိပါမလဲရှင့်။
ဖြေ။ ။ နောင်ဒါမျိုး သဘာ၀ ဘေးအန္တရာယ် ဖြစ်ပေါ်လာရင်လည်း အန်ကယ်တို့ အဖွဲ့အနေနဲ့ အမြန်ဆုံး ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး ကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ဖို့ စနစ်တကျ ကြိုတင်ပြင်ဆင် ဖွဲ့စည်းထားပါတယ်။ ပိုမို ထိရောက်အောင် ဆောင်ရွက်ပေးနိုင်တဲ့ နည်းလမ်းများကိုလည်း သုတေသနပြု လေ့လာကြံဆ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။