မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံးရေကြီးမှုတခုကို နိုင်ငံတဝန်းရှိ ပြည်နယ်/တိုင်း ၁၂ ခုတွင် ရင်ဆိုင် ကြုံတွေ့ခဲ့ရရာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်သည်လည်း ရေကြီးမှု အဆိုးဝါးဆုံးခံစားနေရ သော ဒေသတခု ဖြစ် သည်။ အဆိုပါရေကြီးမှုဖြစ်စဉ်တွင် အရေးပေါ်ကယ်ဆယ်ရေး အကူအညီများရောက်ရှိရေး နှင့် ပြန်လည် ထူထောင်ရေး ပရဟိတအဖွဲ့အစည်းများ စုပေါင်း၍ ဦးဆောင် ဆောင်ရွက်ပေးနေသော ဟင်္သာတ မြို့နယ် ၊ ဓမ္မဗိမာန် ကျောင်းတိုက် ကျောင်းတိုက်ဆရာတော်နှင့် NOBEL ပရဟိတ ဦးဆောင်ဆရာတော် ဒေါက်တာ အရှင်ဉာဏာ လင်္ကာရကို ဧရာဝတီ (မြန်မာပိုင်း) အယ်ဒီတာ သာလွန်ဇောင်းထက်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ဟင်္သာတခရိုင်ထဲမှာ ရေကြီးမှုအခြေအနေ ပတ်သက်လို့ သိချင်ပါတယ်။
ဖြေ။ ။ အင်္ဂပူမြို့နယ်နဲ့ မြန်အောင်မြို့နယ်ထဲမှာ။ ဒီရွာတွေမှာဆိုရင် ကမ်းပြိုတာတို့၊ ရွာပျက်တာတို့၊ အိမ် ၂၀ လောက် ဖြစ်တယ်ပေါ့။ အိမ် ၂ လုံး ရေထဲမျောတယ်ပေါ့။ လူ အသေအပျောက် ရှိတယ်။ အဲ့ဒီနေရာတွေက နည်းနည်းဆိုးတဲ့ နေရာ တွေပေါ့။ စုံအောင်တော့လိုက်နေပါတယ်။ မနက်ဖြန်ခါ လွှတ်မှာတွေ ဘာတွေနဲ့ ဆိုရင်တော့ စုံသွားမယ်လို့ထင်တယ်။ တခု ရှိတာက တချို့နေရာလေးတွေ အရောက်အပေါက် တော်တော်နည်း နေသေးတယ်ဆိုတာ ကြားနေရတယ်။ ရေက တော့ အခု ၄ ပေလောက်ကို ကျသွားတယ်။ သာယာဝတီခရိုင် ဘက်မှာ တာတခု ကျိုးတယ်လို့ကြားတယ်။ အဲဒါကြောင့် ရေက နည်းနည်း ကျတယ်လို့ကြားတယ်။
မေး။ ။ ရေပြန်ကျသွားရင် လယ်ယာတွေက ပြန်စိုက်ဖို့နဲ့ စိုက်ထားတဲ့ စပါးတွေ ပျက်စီးမှု အခြေအနေဘယ်လို ရှိမလဲ။
ဖြေ။ ။ နုံးတွေတော့တင်သွားမယ်။ လောလောဆယ် တန်းစိုက်ဖို့တော့ မလွယ်သေးဘူးထင်တယ်။ လယ်ယာ စိုက်ပျိုးရေး ပြဿနာ ရှိမယ်။ ရေထဲမှာ နေရတဲ့ နွားတွေကို ခိုင်းရဖို့မလွယ်ဘူး။ ဒီနွားတွေမှာ ကျန်းမာရေးတွေ ထိခိုက် သွားမယ်။ ရေတွေမိထားတာကိုး၊ အစာတွေငတ်ထား၊ ချိနေမယ့်သဘောရှိတယ်။ ဘယ်နေရာမှမသွားပဲ ဒါလေးရပ်နေ။ ရပ်တယ်ဆိုတာလည်း ရက်နဲ့လနဲ့ချီ ရပ်နေတာ။ အဲ့လိုဆိုတော့ နွားတွေကိုခိုင်းဖို့ တော်တော် ခက်မယ်။ ရေမရောက် တဲ့ နေရာ တွေကတော့ ခိုင်းလို့ရမှာပေါ့။ ရေရောက်တဲ့နေရာတွေကတော့ ခိုင်းဖို့ တော် တော်ခက်မယ်။
မေး။ ။ ဟင်္သာတခရိုင် ကျေးရွာတွေမှာ ရေကြီးတာ ဘယ်လောက်ကြာနေပြီလဲ။
ဖြေ။ ။ ရေတင်နေတာ ကြာပြီပေါ့။ ရက် ၂၀ လောက်ဖြစ်သွားပြီ။ မြန်အောင်တို့၊ ပြည်တို့ ပြီးမှ ဒီကိုလာတာ။
မေး။ ။ ရေကြီးမှုမှာ ကယ်ဆယ်ရေး ကို ဟင်္သာတ တခရိုင်လုံး ဘယ်လို လွှမ်းခြုံပြီးလုပ်နေလဲ။
ဖြေ။ ။ လုပ်ပါတယ်။ ဘုန်းဘုန်းတို့နဲ့ ဆက်စပ်သမျှကိုတော့ ဘုန်းဘုန်းတို့က အချက်အလက် ကို ပြည့်ပြည့်စုံစုံ ယူတာ ပေါ့။ ဒီရေကြီးမှုက ဒုတိယ နာဂစ်တိုက်ခံရသလိုပဲ။ လိုအပ်တဲ့နေရာလေးတွေကို သွားကူညီရုံ၊ ပေးရုံ မဟုတ်ဘဲနဲ့ ကိုယ် ရောက် တဲ့ အရပ်ဒေသရဲ့ သတင်းအချက်အလက် အားလုံး ကျန်းမာရေး ၊ တိရစ္ဆာန် ဆိုင်ရာတွေ၊ နောက်ဆုံး ပြန်လည် တည်ဆောက်ရေးတွေအထိ တို့က စဉ်းစားပြီး လုပ်ကြရမှာ။ ဒါ့ကြောင့် သတင်းအချက်အလက် မရှိလို့ မရဘူး။ အနည်းဆုံး ဟင်္သာတခရိုင်ကိုတော့ နိုင်အောင်လုပ်မှာပေါ့။ အဲဒီလို စိတ်ကူးရှိပါတယ်။
ရေပြန်ကျရင် စတော့စမယ်။ ရခိုင်လောက်တော့ မဆိုးပါဘူးထင်တယ်။ ဒါပေမယ့် ပြည်သူရဲ့ ကျန်းမာရေး အခြေခံ အသိအားနည်းရင် နည်းသလောက်၊ အကူအညီ အထောက်အပံ့ လိုအပ်ရင် လိုအပ်သလောက်ပေါ့။ ဘုန်းဘုန်းတို့က အစိုးရနဲ့ ပြည်သူတွေ ပေါင်းပြီး ကွင်းဆင်းမှာပေါ့။ ကွင်းမဆင်းဘဲ နဲ့တော့ မရဘူး။ ကွင်းဆင်းတယ်ဆိုတာ အဖွဲ့တွေ စနစ်တကျဖွဲ့ပြီး စနစ်တကျလုပ်တာပေါ့။ အချိန်ယူ လုပ်ရမယ်။ သူ့တာဝန်နဲ့သူ ခွဲပြီးတော့၊ အင်္ဂပူတောင်ဘက်ပိုင်း တာဝန်ယူမယ့်သူက အင်္ဂပူတောင်ဘက် ပိုင်းကိုပဲသွား၊ မြောက်ဘက်ပိုင်း တာဝန်ယူမယ့်သူက မြောက်ဘက်ပိုင်းကိုပဲသွား၊ လေးမျက်နှာ အနောက်ဘက် တာဝန်ယူမယ့်သူက လေးမျက်နှာ အနောက်ဘက်ကိုပဲသွား၊ အဲ့လို သူ့ဟာနဲ့သူ အပိုင် ပေးထားပြီး အဲ့ဒီကရတဲ့ သတင်းအချက်အလက် တွေကို ကျမ်းပြုစုပြီး ဓာတ်ပုံမှတ်တမ်း၊ စာမှတ်တမ်း၊ နောက်ဆုံး ဗီဒီယို မှတ်တမ်း အဲ့ဒါတွေနဲ့စုပြီးတော့ လုပ်ကြရမှာ။
မေး။ ။ အခု အရေးပေါ် ကယ်ဆယ်ရေးမှာ ပရဟိတ အဖွဲ့တွေက အဓိက ဦးဆောင်တယ်။ အစိုးရက သိပ်မပါ သလောက်ပဲ။ ပြန်လည်ထူထောင်ရေးမှာရော အစိုးရမပါဘဲ ပရဟိတအဖွဲ့တွေချည်းပဲ လုပ်နိုင်ပါ့မလား။
ဖြေ။ ။ မလွယ်ဘူး။ အစိုးရရဲ့ ပါဝင်ပေါင်းစည်းမှု အားနည်းရင် နည်းသလောက် ခံရမှာပဲ။ လူမြင်ကောင်းရုံ လျှောက် လုပ်နေရင်တော့ ဘယ်တော့မှ မအောင်မြင်ပါဘူး။ တနိုင်တပိုင် ပီပြင်အောင်လုပ်မှပဲ အောင်မြင် မယ့် သဘော ရှိတယ်။
မေး။ ။ ရေဘေးသင့်နေတဲ့အချိန်မှာ ဟင်္သတာခရုအာဏာပိုင်တွေဘက် ဘာတွေလုပ်နေလဲ။
ဖြေ။ ။ သူတို့ အများစုလုပ်တာတော့ တာမကျိုးရေးကို ဦးတည်ပြီးလုပ်တယ်လို့ ဘုန်းဘုန်းတို့ သိရတယ်။ သူတို့လူကြီးတွေ ဟိုကလှူတယ်၊ ဒီကလှူတယ်ဆိုရင်တော့ ရသလောက်လေး ပေးတာတော့ ရှိတာပေါ့။
မေး။ ။ ဟင်္သာတခရိုင်က အရင်မိုးတွင်းဆိုရင်လည်း ရေကြီးတာ ပုံမှန်လို မဟုတ်ဘူးလား။
ဖြေ။ ။ ဒီနှစ်လောက် ရေကြီးတာ ဆိုးဆိုးဝါးဝါး မဖြစ်ဖူးဘူး။ တာကျိုးလို့ ဘာကျိုးလို့သာ နည်းနည်းပါးပါးလေး ခံရတာရှိမယ်။ အခုလို တနိုင်ငံလုံးအတိုင်းအတာနဲ့ဖြစ်တာ မရှိဘူး။ ဒီနှစ်က သင်ခန်းစာပေါ့။ ပုံမှန်ရေကြီးတယ်ဆိုပေမယ့် ဒီနှစ်ရေကြီး လူတွေ အိမ်တွေမှာ နေလို့မရအောင် မြုပ်ကုန်တာ။ တရိစ္ဆာန် တွေလည်း နေလို့မရဘူး။ မိုးက နှစ်တိုင်းထက် ပိုများတာက တကြောင်း၊ သစ်တောတွေ မရှိတော့တာလည်း တကြောင်းပေါ့၊ နောက်ပြီးတော့ မြစ်တွေ၊ ချောင်းတွေ မဖော်တာလည်း တကြောင်းပေါ့။ မြစ်တွေ ချောင်းတွေ မဖော်ဘူး၊ သစ်တောတွေက ပြုန်းတီးလာတယ်။ ကြိုတင် ပြင်ဆင်မှုတွေကလည်း အားနည်းတယ်ပေါ့။ ဘုန်းဘုန်းတို့ ဘာမှကြိုတင်ပြင်ဆင်ထားတာ မရှိဘူးလေ။ ဘုန်းဘုန်းတို့ ပခုက္ကူမှာ ရေဘေးကယ်ဆယ်ရေးအတွက် သွားကြတော့ မြို့ပေါ်က တချို့က ဟိုအညာဒေသဖြစ်တာ ဘာဆိုင်လို့လဲ မေးတာပေါ့။ ဒါပေမယ့် အခု အဲဒီရေတွေက အခု ရောက်လာတယ်။ တနိုင်ငံလုံးက မဖြစ်နိုင်တဲ့နေရာ မရှိဘူး။ ရေဘေး မဖြစ်နိုင်တဲ့နေရာ မရှိဘူး။ ပုဂံလိုနေရာမျိုးလည်း ဖြစ်နိုင်တယ်။ အခုတောင် ဖြစ်နေပြီလားမသိဘူး။ မြစ်တွေကို ပြန်ပြီးတော့ စနစ် တကျ ဆယ်ယူတဲ့ကိစ္စတွေ လုပ်ရမှာပေါ့။ မြစ်ကြီးတွေကလည်း သဲသောင်ကြီးတွေထွန်းလို့ ရေစီးရေလာ တွေကလည်း ဖြောင့်အောင်သွားလို့မရ၊ သဲစုပ်စက်၊ ကျောက်စုပ်စက်၊ ဒါတွေကလည်း ကမ်းတွေကို ပြိုစေပေါ့။ အဲ့လိုတွေ ဖြစ်နေတာ။ အကြောင်းအရာက တခုထဲတော့မဟုတ်ဘူး။ ကိုယ့်နိုင်ငံနဲ့ ဆက်စပ်တဲ့ အိမ်နီးချင်း အကြောင်းအရာတွေလည်း အများကြီးရှိတာပေါ့။ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကြောင်းအရာတွေလည်း ပါမှာပဲ။ ကိုယ့်နိုင်ငံတွင်း မြစ်တွေကောလာမှု လည်း ပါတာပဲ။ သစ်တောကြီးတွေ ပြုန်းတီးတာလည်း ပါတာပဲ။ ဒါက နာမူနာပေါ့ ပြောရမယ်ဆို။
မေး။ ။ ရေဘေးသင့် တိရစ္ဆာန်တွေ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ဘယ်လို လုပ်သွားမလဲ။
ဖြေ။ ။ အဖွဲ့အစည်းတွေနဲ့ အစိုးရဌာနတွေနဲ့ လုပ်နိုင်မယ့် ဟာတွေနဲ့ ချိတ်ရမှာပေါ့။ အချက်အလက်မှန်ကို ဘုန်းဘုန်း တို့က ပေးရမယ်။ လုပ်နိုင်တဲ့သူနဲ့ ချိတ်ရမယ်။ ပိုင်ရှင်တွေကတော့ ပြန်ထူထောင်ဖို့ တော်တော် ခက်တယ်။ စပ်ကူးမတ်ကူး ကာလတွေမှာ ခက်ခဲမှာပေါ့။ စားဝတ်နေရေးကတဖက်၊ လယ်ယာကိုင်း ကျွန်းက တဖက်။ ဒီတိရစ္ဆာန်တွေကိစ္စက တဖက်ဆိုတော့ စိတ်ညစ်စရာကြီး သူတို့ကိစ္စက။