မြန်မာနိုင်ငံရဲ့ နေရာဒေသ တော်တော်များများမှာ ရေကြီးရေလျှံမှုတွေ ဖြစ်တော့ ဖြစ်ရတဲ့အကြောင်းကို စဉ်းစားမိပါတယ်။ သဘာဝဘေးအန္တရာယ်လို့ ခေါင်းစဉ်တပ်ပေမယ့် ဆည်တွေ အရမ်းကာရော တည်ဆောက်ခဲ့မှု၊ သစ်တောပြုန်းတီးမှုတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကို ပြည်သူတွေ ခံစားရတာပဲလို့ နားလည်မိပါတယ်။ တဆက်တည်းမှာပဲ စနစ်တကျ စီမံခန့်ခွဲမှု၊ ရေရှည်မှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို ထည့်သွင်းတွက်ချက်ပြီး တည်ထားခဲ့တဲ့ သမိုင်းအမွေအနှစ်၊ မြန်မာတို့ရဲ့ ယဉ်ကျေးမှု အသည်းနှလုံးလို့ ခေါ်နိုင်တဲ့ ပုဂံမြို့က ဘုရားစေတီတွေကို မြင်ယောင်မိပါတယ်။
ပြီးခဲတဲ့ သီတင်းပတ်က ညောင်ဦးနယ်မြေရှိ ပုဂံဘုရား အမှတ် ၁၇၅၂ မှာ မိုးဒဏ်ကြောင့် ပြိုကျခဲ့ပါတယ်။ ရှေးဟောင်းဘုရားကို ၂၀၀၃ ခုနှစ်မှာ အုတ်ကုန်းကို ပြန်လည် တူးဖော်ပြီး ပြန်လည်တည်ဆောက်ဖို့ ပုဂ္ဂလိက အလှူရှင်ကို ယဉ်ကျေးမှု ဝန်ကြီးဌာနက လက်ခံခဲ့ပါတယ်။ ပုဂ္ဂလိက အလှူရှင်က ကန်ထရိုက်လက်ကို လွှဲပြီး တည်ဆောက်စေရာမှ နည်းပညာအားနည်းချက်တွေ ရှိခဲ့လို့ ပြိုကျတယ်ဆိုပြီး အကြောင်းရင်းမြစ် ပေါ်လာပါတယ်။
သိပ်မကြာမီက ကံအားလျော်စွာ ပုဂံကို ကျမ သွားရောက် လည်ပတ်ခွင့် ရခဲ့ပါတယ်။ ပုဂံကို အခေါက်ပေါင်းများစွာ ရောက်ဖူးတဲ့ မိတ်ဆွေ ကဗျာဆရာတို့ရဲ့ ကျေးဇူးနဲ့ ဘုရားစေတီ တော်ေတော်များများဆီ ရောက်ခဲ့ပါရဲ့။ ၁၁ ရာစုကတည်းက တည်ထားခဲ့တဲ့ “အာနန္ဒာ” ဂူဘုရားရဲ့ လက်ရာမြောက်လှတဲ့ ဗိသုကာပညာက လက်ဖျားခါလောက်အောင် ကြည်ညိုစရာ ကောင်းနေပါတယ်။ “ဘုရားသုံးဆူ” ဂူဘုရားအတွင်းထဲက နံရံဆေးရေး ပန်းချီလက်ရာတွေက တချိန်က မြင့်မားလှတဲ့ အနုပညာ အဆင့်အတန်းကို ဖော်ညွန်းနေပါတယ်။ “ထုမှာ ဓမ္မရံ” လို့ တင်စားရတဲ့ ဓမ္မရံကြီး ဂူဘုရားကလည်း ထုထည်အခိုင်အခံ့နဲ့ ရှိနေဆဲပါပဲ။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက ဓမ္မရံကြီး ဂူဘုရားကို သိပ်ပြီး ပြုပြင်မှုမရှိတာကြောင့် နဂိုမူလလက်ရာကို သိမြင်ကြည့်ရှုခွင့် ရတာပါပဲ။
ဒီဂူဘုရားတွေတည်တဲ့ အချိန်ကတည်းက ပုဂံရဲ့ ဗိသုကာ အတတ်ပညာ ဖွံ့ဖြိုးနေတာကို အကဲခတ်နိုင်ပါတယ်။ အုတ်တချပ်နဲ့ တချပ်ကြားမှာ အကြားအလပ်မရှိအောင် စီနိုင်တာကို မချီးကျူးဘဲ မနေနိုင်ပါဘူး။ ပန်းတော့၊ ပန်းတမော့နဲ့ ပန်းချီလက်ရာတွေဟာ နှစ်တထောင်ကျော် ကြာတဲ့အထိ ရင်သပ်ရှုမော ဖြစ်စေတုန်းပါပဲ။ ဒါဟာ ဂူဘုရားတွေ တည်ထားရာမှာ ပါဝင်ခဲ့တဲ့ ပညာရှင်တွေနဲ့ တည်ထားကိုးကွယ်ခဲ့တဲ့ မင်းတွေရဲ့ အမြော်အမြင်ရှိမှုကို သက်သေပြနေတာပါ။
မိုးရွာချပြီးရင် ရေတင်ကျန်မနေအောင်၊ အပေါ်ကစီးလာတဲ့ မိုးရေတွေကို ကန်ထဲရောက်သွားအောင် စီမံထားတာကို “အာနန္ဒာ” မှာ တွေ့ရပါတယ်။ လျှပ်စစ်မီး လုံးဝမရှိသေးတဲ့အချိန်မှာ ဂူဘုရားအတွင်း အလင်းရောင်ရအောင် ဖန်တီးနိုင်တာက မီးလေးပျက်လိုက်တာနဲ့ နေ့မှန်း၊ ညမှန်းမသိ ဖြစ်သွားတဲ့ ခုခေတ် အဆောက်အအုံတွေနဲ့ ကွာခြားချင်တိုင်း ကွာခြားနေပါတယ်။ ဒါ့အပြင် လေဝင်လေထွက် ကောင်းမွန်အောင် ဖန်တီးထားလို့ အပြင်ဘက်မှာ ဘယ်လောက်ပဲ ပူနေပူနေ ဂူဘုရားအတွင်းမှာ အပူဒဏ်ကို မခံစားရပါဘူး။ သံတချောင်းမှ မရိုက်ဘဲ တပ်ဆင်ထားတဲ့ ၁၁ ရာစုလက်ရာ သစ်သားတံခါးကြီးတွေကလည်း အာနန္ဒာမှာ ခန့်ထည်နေဆဲပါ။
အာနန္ဒာဂူဘုရားမှာ ပန်းရံအတတ်၊ ကျောက်ဆစ်အတတ် တွေကိုသာမက သစ်သားကိုထွင်းတဲ့ အတတ်တွေကိုပါ ဂုဏ်ယူစရာ တွေ့မြင်ရပါတယ်။ “ပဉ္စလောဟာ” ဆင်းတုတော်ကို ရွှေ၊ ငွေ၊ ကြေး၊ သလွဲစင်၊ သလွဲမည်းတွေသုံးပြီး သွန်းလုပ်ခဲ့တာပါ။ ဂူဘုရားတွင်းဘက်က မုခ်ခွက်တွေထဲမှာ သဲကျောက်နဲ့ထုထားတဲ့ ဆင်းတုတော် ၁၄၂၄ ဆူအထိ ရှိပါတယ်။ လိုဏ်ဂူအတွင်းဘက်မှာ ပဲ့တင်သံတွေ ပြန်မလာအောင် အသံကို ထိန်းညှိတဲ့သဘော ဖြစ်တယ်လို့ ဝါရင့် ဧည့်လမ်းညွန်တယောက်က ကျမကို ရှင်းပြပါတယ်။
တကယ်လို့ ပုဂံမှာသာ ငလျင်တွေ မလှုပ်ခတ်ခဲ့ရင် ဒီ့ထက် ပိုမိုပြည့်စုံတဲ့ ယဉ်ကျေးမှု လက်ရာတွေကို တွေ့မြင်ခွင့်ရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ယဉ်ကျေးမှု အမွေအနှစ်တွေရှိတဲ့ ပုဂံဟာ နိုင်ငံတကာက လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေ နှစ်သက်တဲ့ နေရာတခု ဖြစ်နေဆဲပါပဲ။ ခရီးသွားလုပ်ငန်းကနေ ဝင်ငွေအမြောက်အမြားရနေတာ ဝမ်းသာစရာ ကောင်းပေမယ့် တချို့ စေတီပုထိုးတွေကို ပြုပြင်ရာမှာ မူလလက်ရာတွေ ပျောက်ကွယ်သွားတာ၊ ထိန်းသိမ်းဖို့ အကြောင်းပြပြီး ဂူဘုရားတွေအတွင်းဘက် မဝင်နိုင်အောင် သော့ခတ်ပစ်တာ၊ ဟိုတယ် အရေအတွက် များလာတာနဲ့အတူ ဟိုတယ်ဝင်းထဲကို ရှေးဟောင်းဘုရားတွေ ပါသွားတာကို ပုဂံဒေသခံတွေက မနှစ်သက်ကြပါဘူး။
အရင်တုန်းက လာရောက် လည်ပတ်ကြသူတွေဟာ မြင်းလှည်းတွေကိုစီးပြီး လည်ပတ်ပေမယ့် အခုအခါ မြင်းလှည်း အရေအတွက် သိသိသာသာ နည်းသွားတာကို တွေ့မြင်ရပါတယ်။ လျှပ်စစ်စက်ဘီးတွေ အသုံးများလာတာနဲ့ အတူ ပုဂံဟာ စီးပွားရေး သမားတွေရဲ့ အသုံးချမှုကို ခံလာရသလိုပဲ။
မြင်ကွင်းမှာ ထိုးထိုးထောင်ထောင် ဖြစ်နေတဲ့ နန်းမြင့်မျှော်စင်ဟာ ပုဂံရဲ့အလှကို ဖျက်စီးနေတယ်လို့ ပုဂံဒေသခံတွေက ခံစားနေရပါတယ်။ ခရိုနီတဦး တည်ဆောက်ထားတဲ့ ပုဂံခေတ်ပုံစံ နန်းတော်အသစ်ထဲမှာ ဇာတ်ပွဲတွေ သွင်းတာကလည်း စီးပွားရှာတာ သက်သက်ပဲလို့ ထင်မြင်သူတွေ ရှိနေပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က တူးဖော်ပြီးစီးခဲ့တဲ့ နန်းတော်ဟောင်းကို ထိန်းသိမ်းထားတာကြောင့် မူလနန်းတော်ဟောင်း ရှိနေပါလျက်နဲ့ စီးပွားရှာဖို့ နန်းတော်အသစ် တည်ဆောက်တာကို နားမလည်နိုင် ဖြစ်နေကြတာပါ။
ပုဂံမှာ ဝါရင့်ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေသူတဦးက တကယ်လို့ ပုဂံသာ ယူနက်စကိုအဖွဲ့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်သွားရင် ဒီထက်မက ကမ္ဘာလှည့် ခရီးသွားတွေ လာရောက်မှာဖြစ်တယ်၊ ဝင်ငွေလည်း ပိုရလာမှာ ဖြစ်သလို ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းနိုင်ဖို့ ရန်ပုံငွေတွေလည်း ရလာမှာဖြစ်တယ်လို့ သူ့အမြင်ကို ပြောပြပါတယ်။ မူရင်းပကတိအတိုင်း ရှိနေတဲ့ လက်ရာတွေကို ကြည့်ရှုချင်လို့ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်နေတာဖြစ်ပြီး ကမ္ဘောဒီးယားက “အန်ကောဝပ်” ကျောင်းတော်လိုပဲ ပုဂံက အနုပညာလက်ရာတွေ ကြွယ်ဝတယ်လို့ ဆိုပါတယ်။ ယူနက်စကိုရဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖို့ အဟန့်အတား ဖြစ်နေတဲ့အထဲမှာ ရှေးဟောင်း ဘုရားစေတီတွေရဲ့ မူလလက်ရာ ပျက်စီးအောင် ပြုပြင်ခဲ့တာ တချို့နဲ့ ဟိုတယ်တွေများလာတာ ဆိုတဲ့အချက်တွေ ပ ါဝင်နေပါတယ်။
ခရိုနီတဦး ပိုင်ဆိုင်တဲ့ ဟိုတယ်ဆိုရင် တညတည်းခိုခ မြန်မာငွေ ကျပ် ဆယ်သိန်း အထက်မှာ ရှိနေပါတယ်။ ဒါ့အပြင် ပုဂံမှာရှိတဲ့ မြေတွေကို ခရိုနီတွေက လိုက်ဝယ်ပြီး စီးပွားရေးလုပ်နေတာကြောင့် ပုဂံဒေသခံတွေမှာ အခက်အခဲ ပိုတွေ့လာစေတယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။ စီးပွားရေးလုပ်ငန်းတွေ၊ ဟိုတယ်တွေ များလာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနဲ့ ယဉ်ကျေးမှုအမွေအနှစ် ဆုံးရှုံးမှုတွေ ပိုများလာမှာပါ။
လွန်ခဲ့တဲ့ နှစ် ၁၀၀၀ ကျော်က တည်ထားကိုးကွယ်ခဲ့တဲ့ စေတီပုထိုးတွေဟာ စနစ်တကျရှိပြီး ကြံ့ခိုင်သလောက် ရေကြီးလိုက်တာနဲ့ သိပ်မကြာမီ နှစ်တွေအတွင်းကမှ ဆောက်လုပ်ခဲ့တဲ့ လမ်း၊ တံတားတွေ ဘာကြောင့် ပျက်စီးလွယ်ရသလဲဆိုတာ ကျမ ဆက်စပ်တွေးတော ကြည့်မိပါတယ်။ လမ်း၊ တံတားတွေတင် မကပါဘူး မြေပြိုမှုကြောင့် ပျက်စီးရတဲ့ နေအိမ်တွေလည်း ချင်းပြည်နယ်မှာ အများကြီးပါ၊ “အစကောင်းမှ အနှောင်းသေချာ” ဆိုတဲ့ စကားလိုပဲ စတည်ဆောက်ကတည်းက ကြံ့ခိုင်မှု၊ သဘာဝဘေးအန္တရာယ် ဖြစ်နိုင်ခြေ၊ အဲဒီဒေသတွေရဲ့ ပထဝီအနေအထားတွေကို ထည့်သွင်းမစဉ်းစားဘဲ ကိုယ်ကျိုးအတွက်စဉ်းစားပြီး တည်ဆောက်ခဲ့ကြလို့ ဆိုတဲ့အဖြေကို ရလာပါတယ်။
မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ဆည်တွေ ဆောက်ထားပေမယ့် ဆည်ရေလိုချင်တဲ့အချိန် တောင်သူတွေ မရခဲ့ဘဲ ဆည်ရေဖောက်ချတဲ့အခါ ရေကြီးတဲ့ ဒဏ်ကိုခံရတာပါ။ အရင်တုန်းက မိုးရေချိန် လက်မ ၅ လက်မအထိ ရွာရင် သစ်တောသစ်ပင်တွေ ရှိနေလို့၊ သစ်ပင်တွေရဲ့ အမြစ်တွေက ကုပ်တွယ်ထားလို့ ဆည်တွေထဲကို ရွာချသလောက် မိုးရေမရောက်အောင် ကာကွယ်ထားပါသတဲ့။ အခုအချိန်မှာ သစ်တောပြုန်းတီးမှုရဲ့ အကျိုးဆက်အဖြစ် သစ်ပင်တွေ အရမ်းနည်းသွားပြီး ရွာချလိုက်သမျှ မိုးရေတွေဟာ ဆည်တွေထဲ ရောက်လာတယ်၊ ဆည်တွေရဲ့ အောက်ခြေမှာလည်း နုန်းအနည်အနှစ်တွေ များလာတာကြောင့် ဆည်တွေက ရေလျှံတာဖြစ်ပြီး ရေကြီးရတာရဲ့ အဓိကအကြောင်းရင်းက “သစ်တောပြုန်းတီးမှု” ဖြစ်တယ်လို့ ဘူမိဗေဒပညာရှင် တယောက်က ပြောပါတယ်။
ရှေးပုဂံမင်းတွေရဲ့ အမြော်အမြင်ရှိမှုနဲ့ ပုဂံခေတ်က မြင့်မားလှတဲ့ ဗိသုကာပညာ၊ စနစ်တကျ စီမံနိုင်မှုတွေကြောင့်သာ ဒီကနေ့ အချိန်အထိ တည်တံ့နေတာပါ။ စီးပွားရှိလိုမှု ကိုယ်ကျိုးရှာလိုမှု တခုတည်းအတွက် ၂၁ ရာစုရောက်မှ ပုဂံရဲ့ အမွေအနှစ်တွေ မပျက်စီးစေချင်တာ ကျမရဲ့ ဆန္ဒပါ။ နောင်တချိန်မှာ ပြန်ပြောင်းပြောပြမယ့် သမိုင်းသင်ခန်းစာထဲမှာ စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ ကိုယ်ကျိုးရှာမှု တွေကြောင့် နိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ဆုံးရှုံးခဲ့ရတာ၊ လူ့ပယောဂမကင်းတဲ့ သဘာ၀ ဘေးအန္တရာယ်တွေကြောင့် အသက် အိုးအိမ် ဆုံးရှုံးခဲ့ရတာတွေ လွှမ်းမိုးမနေစေဖို့ အခုကတည်းက တာဝန်ရှိသူတွေအနေနဲ့ ဉာဏ်အမြော်အမြင်ရှိရှိ စီမံခန့်ခွဲသင့်ပြီဖြစ်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။