သမ္မတ ဦးသိန်းစိန်သည် ၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက်တော့မည် မဟုတ်ဘဲ သူ၏ မဲဆန္ဒနယ် ဖြစ်သည့် ဇမ္ဗူသီရိမြို့နယ် ကို လည်း ယခင် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဆက်သွယ်ရေး ဝန်ကြီး ဦးမြတ်ဟိန်းက ဝင်ရောက် အရွေးခံလိမ့်မည်ဟု သတင်းရရှိသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသည့် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(USDP)ပါတီ၏ သတင်းစာ ရှင်းလင်းပွဲ တွင် ပါတီအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
USDP အတွင်းရေးမှူး ဦးမောင်မောင်သိမ်းက“သမ္မတကြီးလည်း မပြိုင်ဘူး။ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းလည်း မပြိုင်ဘူးလို့ပဲ ကျနော်တို့ နားလည်ပါတယ်။ တသီးပုဂ္ဂလ အနေနဲ့လည်း ဝင်ပြိုင်ဖို့ မရှိပါဘူး။ အခုအချိန်ထိတော့ စာရင်းမပေးသေးပါဘူး။ ရက်လည်း ကပ်နေပြီ ဖြစ်တဲ့အတွက် မရှိဘူးလို့ ယူဆပါတယ်”ဟု ပြောသည်။
သမ္မတ ဦးသိန်းစိန် ရွေးကောက်ပွဲမဝင်ဟု USDP က မကြာခဏ ထုတ်ဖော်ပြောဆိုလျက် ရှိသော်လည်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ေဋ္ဌးကမူ သမ္မတ ဦးသိန်းစိန်အနေဖြင့် ရွေးကောက်ပွဲ ဝင်မဝင်ကို မဆုံးဖြတ် ရသေးကြောင်း၊ ရွေးကောက်ပွဲ ဝင်မဝင်ကို သမ္မတ ကိုယ်တိုင် အသိပေး ထုတ်ပြန်လိမ့်မည် ဖြစ်ကြောင်း ဧရာဝတီ သို့ ပြောဆိုထားသည်။
သို့သော် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်က သူ၏ မဲဆန္ဒနယ်ဖြစ်သည့် နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူ သီရိမြို့နယ်တွင် ဝင်ရောက် အရွေးခံရန် ဦးမြတ်ဟိန်းအား အဆိုပြုလိုက်ခြင်း ဖြစ်သည်ဟု ဦးမောင်မောင်သိမ်းက ပြောသည်။
ဦးသိန်းစိန် ရွေးကောက်ပွဲ မဝင်ခြင်းသည် သမ္မတ၏ သဘောဆန္ဒအရဖြစ်ပြီး တခြား အကြောင်းအချက်မရှိကြောင်း၊ သမ္မတသည် ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်ခြင်းမရှိဘဲ ရာသက်ပန် ပါတီဝင်ဖြစ်ကြောင်း၊ ပါတီ၏ သမ္မတလောင်းကိုလည်း မရွေးချယ်ရသေးကြောင်း ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များက ပြောဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် USDP အနေဖြင့် မဲဆန္ဒနယ် ၁၁၇၉ နေရာတွင် ၁၁၄၇ နေရာ၌ ဝင်ရောက်ယှဉ် ပြိုင်မည် ဖြစ်ပြီး ကျန်ရှိသည့် မဲဆန္ဒနယ် ၃၂ နေရာကို တိုင်းရင်းသား မိတ်ဖက်ပါတီများအတွက် ချန်လှပ်ထားပြီး ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း လည်း ဆိုသည်။
ဗိုလ်ချုပ်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီးများ အပါအဝင် တပ်မတော် အရာရှိ ၅၉ ဦးမှာ USDP မှတဆင့် ရွေးကောက်ပွဲသို့ ဝင်ရောက်မည် ဖြစ်ပြီး တပ်မတော်က ရွေးကောက်ပွဲသို့ ဝင်ရောက်ရန် စုစုပေါင်း အရာရှိ ၁၄၃ ဦး အဆိုပြုခဲ့သည်ဟု သိရသည်။
ထို့အပြင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဒုဝန်ကြီး ၄၆ ဦးသည်လည်း USDP မှတဆင့် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီး၊ ဒုဝန်ကြီးအပါအဝင် အစိုးရအဖွဲ့ဝင် စုစုပေါင်း ၅၅ ဦးကို အဆိုပြုခဲ့ရာ ၄၆ ဦးကိုသာ လက်ခံခဲ့ကြောင်း ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ဧရာဝတီသို့ ပြောသည်။
သမ္မတ ဦးသိန်းစိန်နှင့် အလွန်နီးစပ်သူများ ဖြစ်သည့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိမ်းတို့သည်လည်း ယားပြည်နယ်မှ တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်လျက်ရှိပြီး သမ္မတ၏ ကိုယ်ရေးအရာရှိ ဖြစ်သူသည်လည်း လက်ရှိ USDP ပါတီ ဥက္ကဋ္ဌ ဦးရွှေမန်း အရွေးခံမည့် ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်မှတဆင့် ရွေးကောက်ပွဲ ဝင်ရန် ကော်မရှင်သို့ စာရင်းပေးထားသည် ဟု ဆိုသည်။
မန္တလေး မြို့တော်ဝန်ဟောင်း ဦးဖုန်းဇော်ဟန်နှင့် သမ္မတ က တိုက်ရိုက်ခန့်အပ်ထားသည့် နေပြည်တော် ကောင်စီဝင် ၅ ဦးတို့သည် လည်း တသီးပုဂ္ဂလ ရွေးကောက်ခံမည်ဟု သိရသည်။
လက်ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် အများစုသည် USDP မှတဆင့် ရွေးကောက်ပွဲ ဝင်ရောက်မည် ဖြစ်သော်လည်း မကွေးတိုင်း ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးတို့သည် မည်သည့်ပုံစံဖြင့် ရွေးကောက်ပွဲ ဝင်ရောက်မည်ကို မရှင်းလင်းသေးပေ။
ဒုတိယ သမ္မတ တဦးဖြစ်သူ ဒေါက်တာ စိုင်းမောက်ခမ်းသည် USDP မှတဆင့် လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။