မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများ၌ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများသည် ၎င်းတို့ကြုံတွေ့နေရသော နေထိုင် စားသောက်ရေး အခက်အခဲများကြောင့် ဇာတိရပ်ရွာသို့ ပြန်လိုကြသော်လည်း မပြန်နိုင်ကြသေးပေ။
ထိန်းသိမ်းခံထားရသူများသည် မလေးရှားနိုင်ငံ၌ တရားမဝင် နေထိုင်ခြင်း အပါအဝင် ဥပဒေတခုခု ငြိစွန်း၍ ဖမ်းဆီးထောင်ချ ခံခဲ့ရပြီး နောက် ထိန်းသိမ်းရေး စခန်းများသို့ ပို့ဆောင်ခံရသူများ ဖြစ်ကြပြီး မိခင်နိုင်ငံသို့ ပြန်လိုပါက မြန်မာနိုင်ငံသားဖြစ်ကြောင်း ခိုင်လုံသည့် အထောက်အထားများနှင့် ခရီးစရိတ်ရှိရန် လိုအပ်နေသည်။
အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းရေးစခန်း ရောက်လာသူများအား မြန်မာနိုင်ငံသား ဟုတ်မဟုတ် ဆိုသည်ကို မြန်မာသံရုံး တာဝန်ရှိသူများက တွေ့ဆုံစစ်ဆေးပြီး ဟုတ်မှန်သည် ဆိုပါက ၎င်းတို့၏ မှတ်တမ်းကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီး ဌာနများသို့ တင်ပြ၍ အတည်ပြုချက် ရယူကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ မြန်မာသံရုံးမှ ဒုတိယ အတွင်းဝန် ဦးသီဟဟိန်းက ဧရာဝတီ ကို ပြောသည်။
မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုပြီးသူများသည် မိမိနိုင်ငံသို့ ပြန်လိုပါက ခရီးစရိတ် အပါအဝင် လူဝင်မှု ကြီးကြပ်ရေးဌာနတွင် ပေးဆောင်ရသည့် အခွန်ကြေး၊ ဒဏ်ကြေး၊ လိုအပ်သည့် အဝတ်အစား စသည်တို့ အတွက် မလေးရှား ရင်းဂစ်ငွေ ၆၅၀ ကို ပေး ဆောင်ရကြောင်း ဦးသီဟဟိန်းက ဆက်ပြောသည်။
“ရင်းဂစ် ၆၅၀ ဆိုပေမယ့် လုံးဝမပေးနိုင်သူ၊ အထူးသဖြင့် ကျန်းမာရေးအရ မြန်မာနိုင်ငံကို အရေးပေါ်ပြန်ဖို့ လိုအပ်နေတယ် ဆိုရင်တော့ မလေးမှာရှိတဲ့ လူမှုအဖွဲ့တွေနဲ့ ပေါင်းပြီးတော့ ကူညီပေးပါတယ်”ဟု ၎င်းက ပြောပြသည်။
မလေးရှား နိုင်ငံရှိ ထိန်းသိမ်းရေးစခန်း ၁၂ ခု၌ မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်ပြီးသူ ၂၀၀၀ ဝန်းကျင် ရှိကြောင်း၊ မိခင်နိုင်ငံသို့ ပြန်လိုသူများကို စိစစ်ပြီး အမြန်ဆုံး ပြန်နိုင်ရန် စီစဉ်ပေးနေကြောင်း၊ စိစစ်မှုများကိုလည်း လေးငါးလအတွင်း ပြီးစီးရန် ဆောင်ရွက် ပေး နေကြောင်းလည်း ဦးသီဟဟိန်းက ပြောသည်။
ထိန်းသိမ်းရေး စခန်းများထဲရှိ မြန်မာနိုင်ငံသားများအတွက် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်များသည် လိုအပ်သည်ထက် ကြာမြင့်နေကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ၌ အတည်ပြုချက် ရယူရာတွင် အချိန်ကြာမြင့်ကြောင်း၊ ထိုသို့ အချိန်ကြာမြင့်မှုများကြောင့် ကျန်းမာ ရေး မကောင်းသူများသည် ကျန်းမာရေး ပိုမိုဆိုးဝါးသွားကာ အသက်သေဆုံးသူ တချို့ပင် ရှိနေကြောင်း မလေးရောက် မြန်မာနိုင်ငံ သား များက ပြောဆိုကြသည်။
“ထိန်းသိမ်းရေး စခန်းတွေမှာ နေရတာ ကြာလာတော့ နေထိုင်စားသောက်ရေး အခက်အခဲတွေ ရှိလာတော့ တချို့က ကျန်းမာရေး ချို့တဲ့လာတယ်။ တချို့ဆို သေသွားတယ်။ ပြီးခဲ့တဲ့လကဆိုရင် လူ ၃ ဦးရဲ့ အလောင်းကို ကျနော်တို့ နာရေးအသင်းက သင်္ဂြိုဟ်ပေး ခဲ့ရတယ်။ သေသူ အများစုဟာ လင်းခေးစခန်းကပါ”ဟု ကပုန်းဒေသရှိ ၇ ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်း က ဧရာဝတီကို ပြောသည်။
မိမိနိုင်ငံသို့ ပြန်ရမည့် အချိန်ကို စောင့်ဆိုင်းနေရင်း နေထိုင်စားသောက်ရေး အခက်အခဲများကြောင့် ကျန်းမာရေး ချို့တဲ့လာသူများအား မြန်မာသံရုံး အပါအဝင် လူမှုအဖွဲ့အစည်းများက ဆေးရုံပို့၍ ဆေးကုသမှု ခံယူနိုင်ရန် ကူညီပေးကြကြောင်း၊ အထူးသဖြင့် လင်း ခေး ထိန်းသိမ်းရေး စခန်း၌ ကျန်မာရေးချို့တဲ့သူများပြားကြောင်း၊ ယခုလ အနည်းငယ်တွင် သင်္ဂြိုဟ်ပေးသည့် အလောင်း ၇ လောင်း ရှိပြီဖြစ်ကြောင်းလည်း ဦးဆန်းဝင်းက ဆိုသည်။
ထိန်းသိမ်းရေး စခန်းထဲ ရောက်နေသူများအနက် တချို့သည် မလေးရှားနိုင်ငံ ဥပဒေအရ ထိန်းသိမ်းရေး စခန်း၌ ၃ လသာ နေထိုင် ရမည် ဖြစ်သော်လည်း၊ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်များ ကြန့်ကြာမှုကြောင့် တနှစ်ကျော်အထိ နေထိုင်ရသူများ ရှိနေကြောင်း သိရသည်။
ထိန်းသိမ်းရေး စခန်းထဲ၌ နှစ်ချီကြာမြင့်စွာ နေထိုင်နေရသူများသည် ဥပဒေတခုခု ချိုးဖောက်၍ ပြစ်မှုအရ နေထိုင်သူများ သို့မဟုတ် UNHCR ကတ် (ဒုက္ခသည်ကတ်) ရရှိရေးအတွက် နေထိုင်သူများသာ ဖြစ်ကြောင်း မြန်မာသံရုံး ဒုတိယ အတွင်းဝန် ဦးသီဟဟိန်းက ရှင်းပြသည်။
“မြန်မာနိုင်ငံကို ပြန်ချင်သူများကို နိုင်ငံသား ဟုတ်မဟုတ် စိစစ်တာကတော့ အများဆုံး ကြာရင် ၅ လ ပါပဲ။ အများစုကတော့ ၃ လ၊ ၄ လ ပဲ ကြာပါတယ်။ အဲဒီလို မကြာရအောင်၊ အမြန်ဆုံး ပြန်နိုင်ဖို့ အတွက်လည်း ကျနော်တို့ ဆောင်ရွက် ပေးနေပါတယ်”ဟု ၎င်းက ဆိုသည်။
ထိန်းသိမ်းရေး စခန်းထဲ ရောက်နေသူများအနက် မြန်မာနိုင်ငံသို့ ပြန်လိုသူများသည် နိုင်ငံသားဖြစ်ကြောင်း အထောက်အထား(CI) လျှောက်ထားရန် လိုအပ်ကြောင်း၊ CI လျှောက်ရာတွင် ပတ်စ်ပို့၊ သန်းခေါင်စာရင်း မိတ္တူ၊ မှတ်ပုံတင် မူရင်းနှင့်မလေးရှား ရင်းဂစ်ငွေ ၆၅၀ အား သံရုံးက တာဝန်ပေးထားသည့် အလုပ်သမား အေဂျင်စီများထံ ပေးရကြောင်း သိရသည်။
သို့ရာတွင် လိုအပ်သည့် အထောက်အထား အပြည့်အစုံဖြင့် လျှောက်ထားကြသော်လည်း CI မရသေးသူ အများအပြား ထိန်းသိမ်း ရေး စခန်းများ၌ ရှိနေကြောင်း၊ ၎င်းတို့၏ ဆွေမျိုးမိတ်ဆွေ တချို့သည်လည်း ထိန်းသိမ်းရေး စခန်း၌ ရှိနေကြကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ နေထိုင်သူ မြန်မာတဦးက ပြောသည်။
“တချို့ဆိုရင် လျှောက်ထားတာ လေးငါးလ ရှိနေပြီ။ ဒါပေမယ့် CI မရသေးသူတွေ အများကြီး ရှိနေတယ်၊ အဓိကတော့ သံရုံးက တာဝန်ရှိသူတွေရဲ့နိုင်ငံသား စိစစ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေတာကြောင့်ပါ၊ တချို့လည်း CI စောင့်ရင်း သေသွားသူတွေ၊ ရူးသွားသူတွေတောင် ရှိတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
မြန်မာသံရုံး ဒုတိယ အတွင်းဝန် ဦးသီဟဟိန်းကမူ ထိန်းသိမ်းရေး စခန်းတွင် စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းသူ အနည်းငယ်သာ ရှိကြောင်း၊ ထိုသို့ ဖြစ်ရခြင်းသည်လည်း စခန်းထဲရောက်မှ မဟုတ်ဘဲ ယခင်ကပင် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေသူများ ဖြစ်နိုင်ကြောင်း ပြော သည်။
စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းသူများနှင့် ပတ်သက်ပြီး မြန်မာသံရုံး၏ အင်တာနက် စာမျက်နှာ၌ ထိန်းသိမ်းခံထားရ သူများတွင် အသက် မပြည့်သေးသည့် ကလေးများ၊ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းသူများ၊ ကျန်းမာရေး မကောင်းသူများ ပါဝင်ကြသည် ဟု ဖော်ပြထား သည်။
ထိန်းသိမ်းရေး စခန်းများအနက် Semenyih ထိန်းသိမ်းရေး စခန်း၌ မြန်မာနိုင်ငံသား ၄၉၃ ဦးတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့တဲ့သူတချို့အပြင် အသက်မပြည့်သေးသည့် လူငယ် ၁၃ ဦး ရှိကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
အသက် မပြည့်သေး သူများသည် မိဘများအား ဖမ်းဆီးရာတွင် မိဘများနှင့်အတူ ပါလာသူများလည်းဖြစ်ကြောင်း သိရသည်။
မလေးရှားရောက် မြန်မာနိုင်ငံသားများသည် ထိန်းသိမ်းရေး စခန်းထဲသို့ မည်သည့် အကြောင်းအရာကြောင့် ရောက်ရှိနေသည် ဖြစ် စေ၊ ၎င်းတို့ ရင်ဆိုင်နေရသည့် နေထိုင်စားသောက်မှု အခက်အခဲများ၊ ကျန်းမာရေး ချို့တဲ့နေသူများ၊ အိမ်ပြန်လိုသူများ အဆင်ပြေ လည်စေရေး အတွက် ဖြေရှင်းပေးနိုင်ရန်မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ မြန်မာသံရုံး၊ မြန်မာလူမှု အဖွဲ့အစည်းများ၏ ဝိုင်းဝန်း ကူညီမှုအပြင် မြန်မာနိုင်ငံ အစိုးရ၏ တာဝန်ယူ ဖြေရှင်းပေးမှုသည်သာ အထိရောက်ဆုံး ဖြစ်ပေသည်။
မလေးရှား နိုင်ငံ၌ တရားဝင် နေထိုင်သူနှင့် တရားမဝင် နေထိုင်သူ မြန်မာနိုင်ငံသား စုစုပေါင်း ၆ သိန်း ဝန်းကျင် ရှိကြောင်း သိရ သည်။