မိုးသည်းထန်ခြင်းနှင့် မြစ်ချောင်းများ ရေကြီး ရေလျှံဖြစ်ပွားမှုတို့ကြောင့် ဧရာဝတီတိုင်းရှိ အိမ်ထောင်စုပေါင်း ၁ သိန်းကျော်က လူဦးရေ ၄ သိန်းကျော် ရေဘေး ဒုက္ခနှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်းတွင် ခရိုင် ၆ ခုရှိသည့်အနက် ပုသိမ်၊ ဟင်္သာတနှင့် မအူပင်ခရိုင်များရှိ မြို့နယ် ၁၇ ခုတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေပြီး ကျပ် သန်းပေါင်း ၁ သောင်း ၈ ထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်းလည်း သြဂုတ် ၁၁ ရက်အထိ ရရှိထားသော ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဌာန၏ စာရင်းများအရ သိရသည်။
“ကျနော်တို့ ဧရာဝတီတိုင်းအတွင်းက မြစ်ချောင်းတွေရဲ့ ရေအမှတ်တွေကို ၂၄ နာရီစောင့်ကြည့်နေပြီး တာဘောင်တွေ ကြံ့ခိုင်ဖို့ကို လည်း သေချာဂရုစိုက် လုပ်ဆောင်နေပါတယ်။ ရေဘေးသင့်ဒေသတွေကိုလည်း ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ယခင်ကတည်းက စုဆောင်းထားတဲ့ အရန်ဆန်တွေလည်း ပို့ပေးနေပါတယ်”ဟု တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးခင်မောင်လေးက ဧရာဝတီကို ပြော သည်။
မြစ်ချောင်းများရေလျှံမှုကြောင့် တိုင်းအတွင်းရှိ နေအိမ်အလုံးပေါင်း ၈ သောင်း ၈ ထောင်ကျော် ရေနစ်မြုပ် လျက်ရှိသည်ဟု ဆို သည်။
ရေလွှမ်းမိုးမှု ကြုံတွေ့နေသည့်မြို့နယ်များအနက် ဟင်္သာတခရိုင်ရှိ ညောင်တုန်း၊ အင်္ဂပူ၊ ဇလွန်၊ မြန်အောင်၊ ဟင်္သာတနှင့် ပုသိမ်ခရိုင်ရှိ ကျောင်း ကုန်းနှင့် သာပေါင်းမြို့နယ်များသည် အဆိုးဝါးဆုံးဖြစ်၍ မြို့နယ်တခုလျှင် ရေဘေးသင့်သူဦးရေ ၃ သောင်းကျော်မှ ၆ သောင်းကျော်အထိ ရှိကြောင်းလည်း သိရသည်။
“ကျနော်တို့ သာပေါင်းမြို့နယ်မှာ လက်ရှိမှာ ကယ်ဆယ်ရေးစခန်းပေါင်း ၃၇ ခုဖွင့်ထားရပါတယ်။ အဲဒီ စခန်းတွေမှာ လူပေါင်း ၇၀၀၀ ကျော် ခိုလှုံနေပြီးတော့ နေအိမ်ရေမြုပ်လို့ စင့်ထိုးပြီးနေရတဲ့သူက ၄ သောင်း ကျော် ရှိပါတယ်”ဟု သာပေါင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်က ပြောသည်။
ရေကြီးနစ်မြုပ်မှုများ အကြီးအကျယ်ဖြစ်ပွားနေသော်လည်း လက်ရှိအချိန်အထိ ဧရာဝတီတိုင်းအတွင်း လူသေကျေပျောက်ဆုံးခြင်း မရှိကြောင်း တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများက ဆိုသည်။
ရေကြီးမှုကြောင့် မိုးစပါး စိုက်ပျိုးဧကပေါင်း ၂ သိန်း ၆ သောင်းကျော် ရေနစ်မြုပ်နေပြီး ဧကပေါင်း ၅ သောင်း ၂ ထောင်ကျော် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၃၄၁ လုံး၊ စာသင်ကျောင်း ၁၁ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၄ ကျောင်း၊ တံတား ၁၀ စင်းနှင့် လမ်းပိုင်း ၈၃ နေရာ ပြိုကျပျက်စီးခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ရုံး စာရင်းများအရ သိရသည်။
တိုင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၂၈၀ ကျော်နှင့် အခြေခံပညာ ကျောင်းပေါင်း ၁၀၀၀ ကျော်သည်လည်း ရေနစ်မြုပ်နေပြီး ရေကြီးမှုကြောင့် ကျောင်းပေါင်း ၁၂၀၀ ကျော်ကို တိုင်းပညာရေးဌာနက ရက်အကန့်အသတ်မရှိ ပိတ်ထားရသည်ဟု ဆိုသည်။
“လက်ရှိ ရေဘေးအန္တရာယ် ကြုံတွေ့နေရတဲ့အချိန်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝန်ကြီးတွေကို ရုံးတောင် မတက်ခိုင်းဘဲ မိမိတို့ သက်ဆိုင်ရာနယ်မြေမှာ စီမံကွပ်ကဲဖို့ ဝန်ကြီးချုပ်က စေလွှတ်ထားပါတယ်။ အရေးကြီးဆုံး နံပါတ်တစ်က လူ့အသက်မဆုံးရှုံးဖို့၊ ဒုတိယက မိဘပြည်သူတွေ စည်းစိမ်ဥစ္စာ မပျက်စီးရဖို့၊ တတိယကတော့ နယ်မြေဒေသမှာ လိုအပ်တာ ချက်ချင်းလုပ်ဆောင်ပေးနိုင်ဖို့ ညွှန်ကြားထားပါတယ်”ဟု ညွန်ကြားရေးမှူး ဦးခင်မောင်လေးက ပြောသည်။
ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လယ်ယာမြေများ အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရန်၊ ပြိုကျပျက်စီးသည့် စာသင်ကျောင်းများ ပြန်လည် တည်ဆောက်နိုင်ရန်နှင့် ရေကျပြီးနောက် ပြည်သူများ မိမိတို့ ရပ်ရွာတွင် အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရန် ဧရာဝတီတိုင်း အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဟုလည်း ဦးခင်မောင်လေးက ဆိုသည်။
အစိုးရအနေဖြင့် ပြည်သူများ ရေဘေးသင့်ချိန်တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခြင်း၊ စားနပ်ရိက္ခာ အကူအညီများ ဖြန့်ဝေပေးခြင်း၊ ပြည်သူများအား အစိုးရအစီအစဉ်ဖြင့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခြင်းတို့ အလျင်အမြန် လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ဝေဖန်ပြောဆိုကြသည်။
“ရေဘေးဒုက္ခသည်တွေကို အစိုးရပိုင်းက ထိထိရောက်ရောက် ကူညီတာ မတွေ့ရသေးဘူး။ အလှူရှင်တွေ လာတာကို ဌာနဆိုင်ရာ က လိုအပ်တဲ့နေရာ လိုက်ပို့ပေးတာမျိုးလောက်ပဲ တွေ့ရတယ်။ ပြည်သူတွေကတော့ ရေကြီးတာနဲ့ အိမ်ကိုစင့်ထိုးပြီး ရေလွတ်အောင် နေကြတယ်။ အဲ့ဒီလိုမှ မရရင် နီးစပ်ရာ ဘုန်းကြီးကျောင်းတို့၊ ဓမ္မာရုံတို့ကို တက်နေကြရတယ်”ဟု ရေဘေး ကယ်ဆယ်ရေး လုပ်ကိုင် နေသည့် သာပေါင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောသည်။
သမ္မတ ဦးသိန်းစိန်က ဧရာဝတီတိုင်းရှိ ရေဘေးသင့်ပြည်သူများကို လာရောက်ကြည့်ခဲ့သည့် သြဂုတ်လ ၉ ရက်နေ့ ခရီးစဉ်အတွင်း ရေဘေး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် သမ္မတ၏ ရန်ပုံငွေထဲမှ ကျပ် သိန်း ၃၀၀၀ ပေးအပ်ခဲ့ပြီး ပျက်စီးလယ်များပြန်လည်စိုက်ပျိုးရန်နှင့် ပြည်သူများရွှေ့ပြောင်းသွားလာရေး အသုံးပြုရန် ဒီဇယ်ဆီ ဂါလန် ၁ သောင်းနှင့် ဓာတ်ဆီ ဂါလန် ၁ သောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီတိုင်းအတွင်း စီးဆင်းနေသည့် ဧရာဝတီမြစ်၊ တိုးမြစ်နှင့် ငဝန်မြစ်ရေ များ အနည်းငယ်စီ ပြန်လည်ကျဆင်းနေသော်လည်း ညောင်တုန်းမြို့တွင် အန္တရာယ်ရေမှတ်အထက် ၁ ပေခွဲခန့် ကျော်လွန်နေဆဲဖြစ်ပြီး အင်္ဂပူ၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ ပန်းတနော်၊ ဓနုဖြူ၊ မအူပင်၊ ငါးသိုင်းချောင်းနှင့် သာပေါင်းမြို့တို့ရှိ မြစ်ရေများသည် စိုးရိမ် ရေမှတ်အထက်မှာပင် ဆက်လက်တည်ရှိနေကြောင်း ဧရာဝတီတိုင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက် ထားသည်။
ဧရာဝတီတိုင်း အထက်ပိုင်းမြို့နယ်များတွင် မြစ်ရေများလျော့ကျခဲ့ပြီးနောက် ဧရာဝတီတိုင်းအောက်ပိုင်း ပုသိမ်မြို့အနီးရှိ ငဝန်မြစ်ရေ မှာ တဖြည်းဖြည်းမြင့်တက်လာနေပြီး ပုသိမ်မြို့ရှိ ငဝန်ကျွန်းသာ၊ ဥမ္မာဒန္တီ၊ ရေကြည်ဦး၊ ရွှေတဆုပ်၊ ကိုးသောင်း၊ မနော်ဟရီနှင့် ဘိုကနောင် ရပ်ကွက်များရှိ နေအိမ်များ ရေကြီးနစ်မြုပ်ခဲ့၍ ပုသိမ်မြို့တွင်း ဆက်သွယ်သည့် အဓိကလမ်းကြီးတချို့လည်း ရေနစ်မြုပ် လျက် ရှိသည်။
ရေဘေးဒုက္ခ ကြုံတွေ့နေရသည့် ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အကူအညီများမရရှိဘဲ အခက်အခဲများ ကြုံတွေ့နေ ပါက တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဖုန်းဖြစ်သည့် ၀၉ – ၆၇၀ ၆၂၁၂၊ ၀၉ – ၄၀ ၂၇၈ ၄၄၇၇ သို့ ဆက်သွယ်နိုင်ကြောင်း ဧရာဝတီ တိုင်းအစိုးရအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။