အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ) ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီ၏ ဥက္ကဋ္ဌ ရာထူးမှ သြဂုတ်လ ၁၂ ရက်နေ့မှာ ဖြုတ်ချလိုက်ပြီးနောက် သူရဦးရွှေမန်းဟာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ရာထူးမှာ ဆက်ပြီး ရှိနေနိုင်ပါတော့မလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာပါတယ်။
သြဂုတ်လ ၁၃ ရက်နေ့မှာ ကြံ့ခိုင်ရေးပါတီက နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သူရဦးရွှေမန်းကို သာမန်ပါတီဝင်တဦးအဖြစ် ဆက်လက် လက်ခံထားပြီး ကြံ့ခိုင်ရေးပါတီမှ ဆက်လက် ရွေးကောက်ပွဲ ဝင်ခွင့်ပြုမည်ဖြစ် ကြောင်း၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော်နာယက ရာထူးတွင် လည်း ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ရာထူးကနေ ဦးရွှေမန်းကို နေ့ချင်းညချင်း ဖယ်ရှားလိုက်တာက ပါတီတွင်း အာဏာသိမ်းမှု ဆန်ဆန် လုပ်ဆောင်တာဖြစ်ပြီး ပါတီတွင်းသမ္မတဦးသိန်းစိန်ကို ထောက်ခံသူတွေ၊ သမ္မတဦးသိန်းစိန်ကိုယ်တိုင်နဲ့ တပ်မတော်တို့ ပူးပေါင်း ဆောင်ရွက်မှု ရလာဒ် တခုလည်းဖြစ်ပါတယ်။ ဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ ရာထူးကနေ ဖြုတ်ချလိုက်ပုံက လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းဥပဒေတွေနဲ့ ပါတီညီလာခံဆိုတာမျိုး တွေကို အခြေမခံဘဲ အာဏာနဲ့ ဖြုတ်ချလိုက်တာ ဆိုရင် လည်း မမှားနိုင်ပါဘူး။
ဒါပေမယ့် တကယ်ပဲ သူရဦးရွှေမန်းအနေနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုလွှတ်တော်နာယက အဖြစ် ဆက် လက် တည်ရှိနေနိုင်မလား၊ ဦးရွှေမန်းအနေနဲ့ ကြံ့ခိုင်ရေးပါတီမှာ သာမန်ပါတီဝင်တဦးအနေနဲ့ နေပါ့မလားဆိုတာက စိတ် ဝင်စားစရာပါပဲ။
အစိုးရ၊ တပ်မတော်အနေနဲ့ ဦးရွှေမန်းကို ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးကနေ ဥပဒေအရ ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေရှိပေမယ့် တရားဝင်ဖယ်ရှားဖို့ကတော့ လွှတ်တော်မှာပဲ လုပ်ဆောင်လို့ရမယ့် အခြေအနေဖြစ်ပါတယ်။ တပ်မတော်ဘက်ကတော့ တပ်မိသားစုအများစု နေထိုင်တဲ့ ဇေယျာသီရိမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးရွှေမန်းကို ဖယ်ရှားဖို့ ဇူလိုင် ၂၄ ရက်နေ့မှာကတည်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို လျှို့ဝှက်စာတင်ပြ တိုင်ကြားခဲ့တာရှိပါတယ်။
ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်တွင်း မဲခွဲပွဲမှာ မိမိကိုယ်တိုင် မဲပေးခဲ့ခြင်းဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တရားဝင်ချိုးဖောက်ခဲ့တယ်လို့ တပ်မိသားစုများက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြတိုင်တန်းတဲ့စာမှာ ဖော်ပြထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၈၆ နဲ့ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ပုဒ်မ ၂၄ အရ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေမှာ မဲခွဲဆုံးဖြတ်တဲ့ကိစ္စေတွေမှာ ပြည်ထောင်စုလွှတ်တော်နာယက သို့မဟုတ် နာယက တာဝန်ထမ်း ဆောင်နေတဲ့ ဒုတိယနာယကဟာ ဆန္ဒမဲမပေးရ၊ ထောက်ခံဆန္ဒမဲနဲ့ ကန့်ကွက်ဆန္ဒမဲ အရေအတွက်ချင်း တူညီနေတဲ့ ကိစ္စမှာ နာယကက အနိုင်မဲပေးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့် ဦးရွှေမန်းက လွှတ်တော်တွင်း ဥပဒေပုဒ်မ ၄၃၆(က) ပြင်ဆင်ရေး မဲခွဲမှုမှာ ကိုယ်တိုင် မဲပေးခဲ့လို့ အခြေခံဥပဒေ ပုဒ်မ ၃၉၆ ပုဒ်မခွဲ က (၂) ကို ချိုးဖောက်တယ်လို့ တပ်မိသားစု တွေရဲ့ တိုင်စာမှာ ဖော်ပြထားပါတယ်။
အခြေခံဥပဒေ ပုဒ်မ ၃၉၆ ဆိုတာက လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ပြဋ္ဌာန်းချက်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တရပ်ရပ်ကို ဖောက်ဖျက်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည် ရုပ်သိမ်းခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။
တပ်မတော်မိသားစုတွေက တိုင်တန်းပြောဆိုတဲ့အချက်တွေက ဦးရွှေမန်းကို ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ရာထူးတွေကသာမက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းနိုင်တဲ့ တိုင်တန်းချက် တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဥပဒေကို အခုအချိန် အထိ မပြဋ္ဌာန်းသေးဘဲ ဆိုင်းငံ့ ထားတာမို့ ဥပဒေနဲ့အညီ ဦးရွှေမန်းကို ဖြုတ်ချဖို့ ဆိုတာ မလွယ်ကူပါဘူး။
“ဥပဒေနဲ့အညီတော့ လုပ်လို့ရမယ့် နည်းလမ်း ကျနော်မတွေ့ဘူး။ ဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ဖြုတ်ချ လို့ရမယ့် ဥပဒေကလည်း မပြဋ္ဌာန်းထားသေးဘူး။ ဒီအတိုင်းလည်း လွှတ်ထားမယ်လို့ မထင်ဘူး။ အဲဒီတော့ အခြား အမှု အခင်း ဖြစ်စဉ်တွေနဲ့ပဲ အရေးယူမလား ဆိုတာကလည်း စိတ်ဝင်စားစရာပဲ။ အမှားရှာမယ်ဆိုရင်တော့ အမှားတွေက ထွက် လာမှာပဲလေ။ သာသနာရေးဝန်ကြီး ဦးဆန်းဆင့် နမူနာ ရှိတာပဲ” လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက သုံးသပ် ပြော ဆိုပါတယ်။
အခြားတဖက်မှာလည်း ဦးရွှေမန်းက သမ္မတဦးသိန်းစိန်၊ ဦးဌေးဦးတို့ရဲ့ လက်မြန်ခြေမြန် ပါတီတွင်း ပြုပြင်ပြောင်းလဲမှုကို ငြိမ်ခံနေမှာမဟုတ်ဘူးလို့ သုံးသပ်သူတွေရှိနေတာမို့ ဦးရွှေမန်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက ရာထူးကနေ မဖြစ်မနေ ဖြုတ်ချမှာပဲ တွက်ထားတာတွေလည်းရှိနေပါတယ်။
“ဦးရွှေမန်းက စိတ်ကြီးတယ်။ စိတ်ဆတ်တယ်။ သူ့မှာလည်း စီးပွားရေးအရရော၊ အာဏာအရရော အသိုင်းအဝိုင်းဆိုတာ လည်းရှိတော့ ဒီအတိုင်းကြီးတော့ လွှတ်ထားမယ်လို့တော့ မထင်ဘူး။ တဖက်က အရေးယူနိုင်မယ့် နည်းလမ်း ရှာနေတာ မျိုးကြောင့်သာ ကြာချင်ကြာမယ်။ နောက်ပြီး သူ့သားတွေရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီးလည်း အရေးယူတာ မျိုးရှိမလားဆိုတာလည်း တွက်ကြည့်ရမှာပဲ” လို့ လွှတ်တော်ကိုယ်စားလှယ်က သုံးသပ်ပါတယ်။
ဦးရွှေမန်းအသိုင်းအဝိုင်းမှာလည်း ဒီတချီအားမတန် မာန်လျှော့ဆိုတဲ့ လေသံမျိုးပစ်ထားကြပြီး နောင်လာမယ့် ရွေး ကောက်ပွဲ အပြီး ဖြစ်လာမယ့် လွှတ်တော်သစ်နဲ့ နိုင်ငံရေးအခင်းအကျင်းသစ်မှာ ဝင်နွှဲဖို့ အားခဲနေကြဆဲပါပဲ။ ဒါပေမယ့် လည်း အစိုးရနဲ့ တပ်မတော်ဘက်က ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဦးရွွှေမန်းကို နိုင်ငံရေးမှာ လုံး၀ ဝင်ပါလို့ မရအောင်၊ နိုင်ငံရေးဆက်လုပ်လို့မရအောင် လုပ်နိုင်မယ့် အခြေအနေရှိနေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။