မြန်မာနိုင်ငံ၏ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး)ပါတီတွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေသော သူရ ဦးရွှေမန်းကို သြဂုတ်လ ၁၂ ရက် ညပိုင်းက ရာထူးမှဖြုတ်ချလိုက်ပြီး ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပါတီ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
ကြံ့ခိုင်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း အပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တချို့လည်း ဖြုတ်ချ ခံခဲ့ရပါသည်။
ညတွင်းချင်းပင် အာဏာရပါတီတွင်း ရာထူအပြောင်းအလဲများ ဖြစ်လာမှုအပေါ် ယင်းအခြေအနေများနှင့် ပတ်သက်ပြီး တိုင်းရင်း သားခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ စီးပွားရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ် စသည် အဘက်ဘက်မှ အမြင်များကို ဧရာဝတီ အကြီးတန်း သတင်းထောက် သူဇာ၊ နန်းလွင်နှင်းပွင့် နှင့် ဇူးဇူး တို့က ဆက်သွယ်မေးမြန်းထားပါသည်။
နိုင်ငွေသိမ်း
မွန်အမျိုးသားပါတီ ဥက္ကဋ္ဌ
ကြံခိုင်ရေး ပါတီအတွင်း ဦးရွှေမန်းက ဆိုရှယ်လစ် လမ်းစဉ်ပါတီလို ပါတီကနေပြီးတော့ အုပ်ချုပ်ရေး အာဏာကိုရော၊ တပ်မတော် ကို ရော အာဏာကို ချုပ်ကိုင်ချင်တဲ့အတွက် သူတို့ကြား ပဋိပက္ခ ဖြစ်တာလို့ ထင်တယ်။ နောက်ပြီး ကျနော်တို့ ကြားတာတွေက အများကြီးပေါ့။ အဖမ်းခံထားရတာတွေရော၊ စုံစမ်းစစ်ဆေးနေတာတွေရော ဆိုတဲ့ ကိစ္စမျိုးတွေပေါ့။ တကယ်လို့သာ သူတို့အနေနဲ့ အဲဒီ အရှုပ်အထွေးကို မရှင်းနိုင်ဘူးဆိုရင် လာမယ့်ရွေးကောက်ပွဲကို ထိခိုက်နိုင်တယ်။ ကျနော့်အမြင် ပြောရမယ်ဆို လာမယ့်ရွေးကောက် ပွဲ အခြေအနေက မသေချာဘူး။ ရွေးကောက်ပွဲဆိုတာက တိုင်းပြည်အခြေအနေ တည်ငြိမ်မှ အောင်မြင်တာပေါ့။ သူတို့ အုပ်ချုပ်မှုက အခု ကုန်တော့မယ်။ အဲဒီလို အခြေအနေမှာ သူတို့ ဘာလုပ်နိုင်မလဲဆိုရင် အခု လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံပြီးတော့၊ အရေးပေါ် အခြေအနေကြေညာတာမျိုး လုပ်ပြီးတော့ ယာယီအစိုးရအဖွဲ့ဖွဲ့တာမျိုး လုပ်လာနိုင်တယ်။ သူတို့မှာ ၂၀၀၈ ဖွဲ့စည်းပုံက ရှိနေပြီးသားဆိုတော့ အခြေအနေမကောင်းရင် အာဏာသိမ်းတာမျိုးတွေက ရှိနေပြီးသားဆိုတော့ အဲဒီလိုလမ်းကြောင်းမျိုးတွေကို လည်း သွားနိုင်တယ်လို့ ကျနော်ထင်တယ်။ ကျနော့်အမြင်ကတော့ ဒီထက် ထပ်ရှုပ်လာမယ့်ဆိုရင် ရွေးကောက်ပွဲက မဖြစ်လာနိုင် တော့ဘူး။
အခု အခြေအနေက ရိုးရိုးကြည့်ရတာတော့ ပါတီတွင်း အာဏာသိမ်းတယ်ပေါ့။ ဦးရွှေမန်းက အုပ်ချုပ်ရေးရော၊ တပ်မတော်ကိုရော ချုပ်ကိုင်ချင်တယ်ပေါ့။ တပ်မတော်ကလည်း ဒါကို မခံဘူးပေါ့။ အဲဒီလိုမျိုးကနေပဲ အာဏာလုတဲ့ ပဋိပက္ခက စလာတာပဲ။ အဲဒီလို ပဋိပက္ခကို မဖြေရှင်းနိုင်ဘူးဆိုရင် တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်လာဘူး။
ဒေါက်တာ ရန်မျိုးသိမ်း
နိုင်ငံရေး လေ့လာသုံးသပ်သူ
ပြည်ခိုင်ဖြိုး ပါတီရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်တဲ့အပေါ်ကို ကြည့်မယ်ဆိုရင် အဲဒီအပြောင်းအလဲ ကိစ္စကို အကြောင်းပြုပြီးတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအပေါ်မှာ သက်ရောက်မှု ရှိလာနိုင်တယ်လို့ ယေဘုယျ ပြောလို့ရတယ်။ ဥပမာ ရွေးကောက် ပွဲ ရွှေ့ဆိုင်းတာမျိုး ဖြစ်လာနိုင်တယ်လို့ ယူဆတယ်။ လက်ရှိ အခြေအနေမှာ ပါတီစုံ ဒီမိုကရေစီစနစ်ကို သွားနေတယ်။ ဒါပေမယ့် ပြည်ခိုင်ဖြိုးပါတီရဲ့ အနေအထားက အသင်းကနေပြီးတော့ အသွင်ပြောင်းပြီး ဖွဲ့စည်းလာတာ။ ပြည်ခိုင်ဖြိုးအသင်းတုန်းက ဦးဆောင် ခဲ့သူအားလုံးနီးပါးဟာ တပ်မတော် ထိပ်တန်းအရာရှိကြီးတွေ၊ အဲဒီအခါကျတော့ ပြည်ခိုင်ဖြိုးအသင်းကို စတင်ဖွဲ့စည်းကတည်းကိုက တပ်မတော်သား ဦးဆောင်ပြီး စတင်ဖွဲ့စည်းခဲ့တာ။ အဲဒီအတွက်ကြောင့် ပြည်ခိုင်ဖြိုး ပါတီအတွင်းမှာတော့ ဗဟိုချုပ်ကိုင်မှု အသွင်များနိုင်တယ်။ ဗဟိုချုပ်ကိုင်မှု များပြီးတော့ အထက်၊ အောက် အမိန့်နာခံတဲ့ ပုံစံတွေ ပိုပြီးများတယ်လို့ သုံးသပ်လို့ရတယ်။ အဲဒါကြောင့် မလို့ အရင်တုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီလိုမျိုး ဖြစ်လာဖို့ ဆိုတာထက် ဗဟိုချုပ်ကိုင်မှု များတဲ့ ပါတီတခု အဖြစ် ဆက်လက် ရပ်တည်မှု များတယ်လို့ ပြောလို့ရတယ်။
နောက်ပြီး ရွေးကောက်ပွဲ တခုရဲ့ လွတ်လပ်ပြီး တရားမျှတနိုင်ခြေကို ဆန်းစစ်တဲ့နေရာမှာ ဥပမာ မဲပေးတဲ့ မဲဆန္ဒရှင်တွေက လွတ် လွတ်လပ်လပ်နဲ့ မဲပေးနိုင်တဲ့ ပတ်ဝန်းကျင်မျိုး ရှိဖို့ လိုအပ်တယ်။ အခု ကျနော်တို့ နိုင်ငံမှာက သဘာ၀ ဘေးအန္တရာယ် တခုဖြစ်တဲ့ ရေဘေးကလည်း ကြီးကြီးမားမား ကျရောက်ထားတယ်။ နောက်ပြီးတော့လတ်တလော အခြေအနေမှာလည်း အာဏာရပါတီထဲမှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲနဲ့ ပတ်သက် ပြီးတော့ ဒီအကျပ်အတည်း ကြုံတွေ့နေရတဲ့ အဲဒီ အခြေအနေနှစ်ခု အောက်မှာ ကြည့်လို့ ရှိရင် မဲဆန္ဒရှင်တွေရဲ့ လွတ်လပ်ပြီးတော့ ပွင့်လင်းတဲ့ မှန်ကန်တဲ့ဆန္ဒမဲကို ပေးနိုင်ခြေ အလားအလာ နည်းတယ်ဆိုရင် တော့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ကို စဉ်းစားသင့်တယ်။ တကယ်လို့ရွေးကောက်ပွဲကို မရွှေ့ဆိုင်းဘဲကျင်းပမယ်ဆိုရင် အဲဒီရွေးကောက် ပွဲမှာ ပြည်သူလူထုရဲ့တကယ့်သဘောထား ဆန္ဒအမှန်ကို ကိုယ်စားမပြုနိုင်ဘူးဆိုရင် နိုင်ငံရေးဖြစ်စဉ်မှာ နောက်ထပ် အမှား တခုကို ထပ်ပြီးတော့ ကျူးလွန်သလို ဖြစ်နိုင်တယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေက ကောင်းနေတာ မဟုတ်ဘဲ ဆိုးနေဆဲပဲ။ တကယ်တမ်း စဉ်းစားရမှာက အာဏာရ ပါတီရဲ့ ခေါင်းဆောင်ပိုင်း အပြောင်အလဲကို ကြည့်ပြီးတော့ မြန်မာပြည်ရဲ့ အခြေအနေက ဒီတိုင်းပဲ ဆက်ပြီး ဆိုးနေမလား၊ ဒီထက်ပိုပြီး ဆိုသွားမလားလို့ စဉ်းစားရမှာပေါ့။ အဲဒီလို စဉ်းစားတဲ့အခါမှာ ကျနော့်အမြင်ကတော့ ငါးဆယ်၊ ငါးဆယ်ပဲလို့ မြင်တယ်။ ဒီတိုင်းလည်း ဆက် ဆိုးနေသလို ဒီထက်လည်း ပိုဆိုးသွားနိုင်တယ်လို့ ပြောလို့ရတယ်။
ဒေါက်တာ မနာမ်တူးဂျာ
ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ
အခု လက်ရှိ အာဏာရ ပါတီအတွင်း ဘာတွေ ဖြစ်နေသလဲဆိုတာ ကျနော်တို့လည်း တိတိကျကျ မသိရသေးဘူး။ ကျနော့်အနေနဲ့ ဒီအပေါ်မှာ သဘောထားအမြင်ပြောဖို့ကတော့ အခုချိန်မှာ နည်းနည်းခက်သေးတယ်။ ဒါက ပါတီ အတွင်းရေး ပြဿနာ ဖြစ်နေ တယ် လေ။ ဒါပေမယ့် ကျနော် မြင်တာကို ပြောရမယ်ဆိုရင် လာမယ့် ရွေးကောက်ပွဲ ဖြစ်ဖို့က နှစ်လကျော်တောင် လိုသေးတယ် ဆိုတော့ အဲဒီအပေါ် ထိခိုက်မှုတော့ သိပ်မရှိနိုင်ဘူးလို့ မြင်တယ်။ ဒါပေမယ့် အခု ကျနော်စိုးရိမ်တာက လက်ရှိ အခြေအနေကောင်း တခုကို ရောက်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အပေါ် သွားပြီးထိခိုက်မှာကို စိုးရိမ်ပါတယ်။ အခု လကုန်လောက်မှာ နေပြည်တော်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ထိပ်ပိုင်း ခေါင်းဆောင်တွေ တွေ့မှာဆိုတာကိုး။ ကျနော်က အဲဒီတွေ့ဆုံမှုကို ပျက်သွားမှာကို စိုးရိမ် တယ်။ နောက်ပြီး အဲဒီတွေ့ဆုံမှုကိုလည်း ရက်ရွှေ့ဆိုင်းကောင်း ရွှေ့ဆိုင်းလိုက်နိုင်တယ်။ အဲဒါကို ကျနော်စိုးရိမ်တာ။ အခု ပါတီတွင်း မှာ ဦးရွှေမန်းနေရာမှာ ဦးဌေးဦးကို တာဝန်ပေးလိုက်တာဟာ ပြောင်းလဲလိုတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ သဘောထား ကြောင့် ပါတီဥက္ကဋ္ဌ ကို ပြောင်းလဲတာလို့ ထင်တယ်။ ဒါနဲ့ပတ်သက်ပြီး ပါတီရဲ့ပေါ်လစီကတော့ သိပ်ပြောင်းမယ်မထင်ဘူး။ အခု အနေ အထားကို ကြည့်မယ်ဆိုရင် အုပ်ချုပ်ရေးပိုင်းက ဘယ်လောက်အထိ အသာစီးရသွားသလဲ ဆိုတာကို စောင့်ကြည့်ရမှာပဲ။ ရက်ပိုင်းလောက် စောင့်ကြည့်ရင် သိနိုင်ပါတယ်။ အခုလက်ရှိ အပေါ်ယံ ပြောမယ်ဆိုရင် သမ္မတက ပိုပြီးတော့မှ အာဏာကိုင် လိုက် တဲ့ သဘောတော့ တွေ့ရတာပေါ့။
ဒေါက်တာ စိုးထွန်း
စီးပွားရေး လုပ်ငန်းရှင်
အဓိကကတော့ လာမယ့် ရွေးကောက်ပွဲကို စနစ်တကျ ဖြစ်ဖို့နဲ့ တည်ငြိမ်တဲ့ အစိုးရကို အာဏာလွှဲဖို့ပါပဲ။ စီးပွားရေး တည်ငြိမ်ဖို့ဆို တာဟာလည်း နိုင်ငံရေးတည်ငြိမ်ဖို့ အများကြီး လိုအပ်တာကိုး။ လက်ရှိ ပါတီတွင်း ဖြစ်တဲ့ကိစ္စ၊ ဥက္ကဋ္ဌ ပြောင်းတဲ့ ကိစ္စဆိုရင်တော့ လာမယ့် ရွေးကောက်ပွဲကို ထိခိုက်နိုင်တာမျိုး မရှိနိုင်ပေမယ့် ဒီကိစ္စက ဘယ်လောက်ထိ ကျယ်ပြန့်မလဲဆိုတာကိုတော့ ကျနော် လည်း မပြောနိုင်ဘူး။ ပြောရခက်တယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ ပြောရမယ် ဆိုရင် ရွေးကောက်ပွဲကို ဘယ်လောက်ထိခိုက်နိုင် မလဲဆိုတာကိုတော့ ကျနော်တို့က ဂရုတစိုက်စောင့်ကြည့်ဖို့ လိုတာပေါ့နော်။ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေက ဒီအပေါ်မှာ အများကြီး စောင့်ကြည့်နေမှာဆိုတော့ ရွေးကောက်ပွဲ တည်တည်ငြိမ်ငြိမ် ဖြစ်မယ်၊ နိုင်ငံရေး တည်တည်ငြိမ်ငြိမ်ဖြစ်မယ်ဆိုရင် ကျန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်ဝင်လာမှာပဲ။ နိုင်ငံရေး တည်ငြိမ်မှု မရှိဘူး၊ ရင်းနှီးမြှုပ်နှံမှုကို ထိခိုက်မယ်ဆိုရင်တော့ အလုပ်လက်မဲ့ ပြဿနာ တွေ ပေါ်ပေါက်လာနိုင်တဲ့ ပြဿနာ ရှိလာနိုင်တယ်။ စီးပွားရေး ကောင်းဖို့ဆိုတာ နိုင်ငံရေး တည်ငြိမ်မှုကို အများကြီး မှီခိုနေတာ ပါ။
ဦးအေးသာအောင်
ရခိုင်အမျိုးသားပါတီ နာယက
အတိအကျတော့ မသိဘူး။ သတင်းအနေနဲ့ကြားတယ်။ ကြံ့ခိုင်ရေးပါတီသည် မြန်မာနိုင်ငံမှာ ပါတီကြီးတခုလည်း ဖြစ်တယ်။ လက်ရှိအာဏာရပါတီလည်း ဖြစ်တယ်။ ဒီပါတီတွင်းမှာ ခေါင်းဆောင်အပြောင်းအလဲ ဖြစ်တဲ့အတွက်ကြောင့် ဒါကိုကျနော်တို့က ဘယ်လိုကြောင့်ဖြစ်တယ်ဆိုတာကို မှန်းပြီးပြောနေတယ်။ ဒါပေမယ့် အဲဒီလိုဖြစ်လာတဲ့နောက်ဆက်တွဲမှာ လက်ရှိ ကျင်းပဖို့ရှိတဲ့ ရွေးကောက် ပွဲ ကို တစုံတရာထိခိုက်မလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိတယ်။ နောက်တခုက သူရဦးရွှေမန်းသည် လွှတ်တော်ဥက္ကဋ္ဌလည်း ဖြစ်တယ်။ လွှတ်တော်ထဲမှာရော ဂယက်ရိုက်ပြီးတော့ ဒီလွှတ်တော်ဥက္ကဋ္ဌ နေရာက ဘယ်လိုဖြစ်မလဲဆိုတာကိုလည်း စဉ်းစားတယ်။ အဲဒီလိုဖြစ်လာရင် လွှတ်တော်တွင်းမှာ ဘယ်လိုဖြစ်မလဲ။ ဒါကလည်း စဉ်းစားစရာဖြစ်လာတယ်။
ကြံ့ခိုင်ရေးပါတီဟာ မြန်မာနိုင်ငံရဲ့ ပါတီကြီးတခုလည်းဖြစ်သလို အာဏာရပါတီကြီးတခုလည်းဖြစ်တဲ့အပြင် တပ်မတော်နဲ့လည်း တစိတ်တပိုင်း ပတ်သက်နေတဲ့ ပါတီတခုဖြစ်တယ်။ ကြံ့ခိုင်ရေးပါတီထဲမှာ ရှိနေကြတဲ့ ခေါင်းဆောင်ပိုင်း အားလုံးလိုလို တချိန်က တပ်မတော်မှာ ရာထူးနေရာ အဆင့်မြင့်မြင့်နေခဲ့တဲ့ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက်ကြောင့် ဒီ ဂယက်ဟာ ကြံ့ခိုင်ရေးပါတီတွင်းမှာရော မြန်မာ့နိုင်ငံရေးမှာရော တော်တော်လေး ဂယက်ရိုက်နိုင်တယ်။ နောက်ဆက်တွဲ ဘာတွေဖြစ်မလာလဲဆိုတာကို စောင့်ကြည့်ဖို့လို တယ်။ စိုးလည်းစိုးရိမ်တယ်။ ဖြစ်နေတာတွေကြည့်ရင်တော့ ခေါင်းဆောင်ပိုင်းနေရာကို လုတဲ့သဘောမျိုး ပြောလို့ရမယ်ထင်ပါတယ်။ ဒါပေမယ့် ပါတီတွင်း ဖြစ်နေတာတွေကိုတော့ အတိအကျမသိတော့ ကျနော်တို့အနေနဲ့ ရမ်းသမ်းပြီးမဝေဖန်သင့်ပါဘူး။
တပ်မတော်က စောစောပိုင်းက ကြံ့ခိုင်ရေးပါတီကို ဝိုင်းတဲ့အထဲမှာပါတယ်လို့လည်း ကြားမိတယ်။ သေချာတော့မသိဘူး။ ဒီပါတီ တခုမှာဖြစ်တဲ့ကိစ္စနဲ့ပတ်သက်လို့ လက်နက်ကိုင်အဖွဲ့အစည်းတွေပါလာတယ်ဆိုတာ စဉ်းစားစရာဖြစ်တယ်။ ဒါပေမယ့် ခုနကမေးခွန်း ထဲမှာပါတဲ့ တပ်မတော်က အာဏာသိမ်းဖို့ ဖြစ်နိုင်မလားဆိုတာ အာဏာသိမ်းမယ်လို့တော့ မထင်ပါဘူး။ လက်ရှိ ၂၀၀၈ ဖွဲ့စည်း ပုံအရ တပ်မတော်မှာ လုပ်ပိုင်ခွင့်တွေ၊ အာဏာတွေ အတိုင်းအတာတခုထိ ရပြီးသားဖြစ်တဲ့အတွက် အာဏာသိမ်းစရာလိုမယ် မထင်ပါဘူး။ အာဏာရပါတီတခုတွင်းမှာ အုပ်စုကွဲတယ်။ ခေါင်းဆောင်ပိုင်းတွေ နေရာအပြောင်းအလဲလုပ်တယ်။ ဖြစ်လာမယ့် နိုင်ငံ ရေးဂယက်ကို ပေါ့ပေါ့တန်တန် စဉ်းစားလို့တော့ မဖြစ်ဘူး။
ဦးမြတ်သင်းအောင်
လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ
ပါတီကြီးတခု ကွဲတာကတော့ တိုင်းပြည်အတွက် မကောင်းဘူး။ စည်းလုံးညီညွတ်မှု သိပ်မရှိတဲ့သဘော။ အရင်တုန်းကလည်း ဖဆပလ က အာဏာတက်လာပြီးတော့ ဒီလိုပဲ ကွဲကုန်တာပဲလေ။ ဒီအလေ့အထကတော့ မကောင်းဘူး။ အခုက နေရာယူတဲ့ သဘောလေးတွေ ဖြစ်တယ်။ NLD တောင် ဒီအတိုင်းဖြစ်နေပြီ။ ဥက္ကဋ္ဌကို သဘောကျတယ်။ ဒါပေမယ့် နေရာမပေးရင် ထွက်မယ် ဆိုတဲ့သဘော။ ဒါတွေကတော့ သိပ်မကောင်းဘူး။ ဘယ်လိုဖြစ်လာမလဲတော့ မသိဘူး။ ခွဲထွက်သွားတဲ့သူကပဲ ပါတီထောင်မလား။ ဟိုဘက်ကလည်း ပါတီကလည်း ထောင်ထားတာတွေရှိတယ် ဆိုတော့။ တိုင်းပြည်မတည်ငြိမ်တာလေးတွေ ဖြစ်တတ်တယ်။
အခုဟာလည်း စစ်တပ်က ပေါက်ဖွားလာတဲ့ပါတီဖြစ်လို့ ဒီလောက်ထိန်းနေတာပေါ့လေ။ မဟုတ်ရင် အစောကြီးကတည်းက ပေါက် ကွဲကုန်မှာပဲလို့ မြင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ကောင်းအောင် ဘယ်နေရာရရ ရတဲ့နေရာက ဆောင်ရွက်စေချင်တယ်။ အခု က ဘယ်လောက်ထိအောင်ကွဲသွားမလဲ မပြောတတ်ဘူး။ မြန်မာ့နိုင်ငံရေးကိုတော့ ဂယက်ရိုက်တာပေါ့။ နိုင်ငံရေးလည်းဂယက်ရိုက် တယ်။ စီးပွားရေးလည်း ဂယက်ရိုက်လာဦးမှာပဲ။ ဒီလောက်နဲ့ ပြီးသွားတာတော်သေးတယ်။ အခုကတော့ ပါတီတွင်းနေရာတိုက်ပွဲပေါ့လေ။ တိုင်းပြည်ရဲ့အာဏာကို လုယူတဲ့သဘောဖြစ်မယ် တပ်ကပါလာမယ်ဆိုရင် နိုင်ငံတကာက အကူအညီပေးတာတွေ အားလုံး တန့်သွားမှာပဲ။ သူတို့အခုတောင် စီးပွားရေးကို အကုန်ဖွင့်မပေးသေးဘူး။ ဒါမျိုးတွေရှိတယ်။ အဓိက နိုင်ငံရေးတည်ငြိမ်ဖို့။ နိုင်ငံရေး တည်ငြိမ်မှလည်း စီးပွားရေးက လုပ်လို့ရမှာ။
ဦးစိုင်းလိတ်
ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ
ပါတီကိစ္စဆိုတာကို လုံခြုံရေးပိုင်းဆိုင်ရာ တာဝန်ယူထားတဲ့ ရဲတို့ စစ်တပ်တို့ကို အသုံးချပြီးတော့မှ ပါတီကိစ္စကို ဖြေရှင်း တယ်ဆို တာ လုံးဝမဖြစ်သင့်တဲ့ကိစ္စ။ အင်မတန် အရုပ်ဆိုးအကျည်းတန်တဲ့ကိစ္စလို့ ပြောချင်တယ်။ ကြံ့ခိုင်ရေးပါတီ အနေနဲ့ လောလော ဆယ် အာဏာရထားတဲ့ ပါတီတခုဖြစ်တယ်။ ရေရှည်ကျရင်လည်း သူတို့အနေနဲ့ အာဏာကို ဆက်လက်ဆုပ်ကိုင်သွားချင်တယ် ဆိုရင် တရားနည်းလမ်းတကျနဲ့ ဒီမိုကရေစီနည်းလမ်းတကျနဲ့ သူတို့ချီတက်ဖို့ လိုအပ်တယ်။ လုပ်ဆောင်ဖို့လိုအပ်တယ်။ အဲဒီလိုမှမဟုတ်ဘဲ အခုလိုမျိုး အမြင်မတော်တာမျိုး ဆက်လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်အတွက် မကောင်းတဲ့ပုံဆောင်မှုတခုကို စတင်ပြီးဖော်ဆောင်ပေးသလို ဖြစ်မယ်။ လူထုအတွက် ပုံရိပ် မကောင်းဘူးပေါ့နော်။ အနာဂတ်လူငယ်တွေအတွက်လည်း ဦးဆောင်မှုအခန်း ကဏ္ဍက မှားယွင်းနေတယ်လို့ ပြောလိုပါတယ်။
လောလောဆယ်က စိတ်ပူကြတာပေါ့။ ရွေးကောက်ပွဲများ ရွှေ့ဆိုင်းလိုက်ရတော့မလားဆိုပြီး လူတွေက သို့လော သို့လောဖြစ်လာကြ တယ်။ သမ္မတအနေနဲ့ ကျနော်ကြားသလောက်ဆိုရင် ၁၉ ရက်ကနေ ၂၄ ရက်အတွင်းမှာ SD ဆိုတဲ့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ် စားလှယ်အဖွဲ့ ချိန်းထားပြုထားတာရှိတယ်။ အဲဒီအစီအစဉ်များ ပျက်မလား။ ပြည်တွင်းငြိမ်းချမ်းရေးများ ထိခိုက်မလားဆိုပြီး အားလုံးကလည်း ဝိုင်းစိုးရိမ်ကြတယ်။ အဆိုးဆုံးကတော့ ပြည်တွင်းငြိမ်းချမ်းရေး ထိခိုက်မှာကို စိုးရိမ်တယ်။ လက်ရှိစီးပွားရေးအရ လည်း အင်မတန်ကို ကျဆင်းနေတဲ့အချိန်ကာလ ဖြစ်တယ်။ နောက် သဘာဝဘေးအန္တရာယ်ကိုလည်း စုပေါင်းပြီး ဖြေရှင်းနေရတဲ့ အချိန်မှာ သူတို့အချင်းချင်း အဲဒီလိုမျိုး အာဏာရပါတီက အကွဲအပြဲတွေဖြစ်လာတဲ့ အတွက်ကြောင့်မို့ လူထုဘက်က စိုးရိမ်စရာဖြစ် စေတယ်။ အနာဂတ်ကိုလည်း ဝေဝေဝါးဝါး ဖြစ်စေတယ်။ အခုဖြစ်တဲ့ပုံစံက ပါတီတွင်းအာဏာလုတယ်ဆိုတာ အသေအချာပါပဲ။ နောက် ပုဂ္ဂိုလ်ရေးအားဖြင့် တိုက်ခိုက်ကြတယ်ဆိုတာကတော့ သူတို့ရဲ့ ဖုံးလို့ဖိလို့မရတဲ့ အနေအထားတခုပါ။
ပဒိုနော်ဇီဖိုးရာစိန်
ကရင်အမျိုးသား အစည်းအရုံး(KNU) ဒု ဥက္ကဋ္ဌ
USDP ကိစ္စကြားတော့ ကြားပါတယ်၊ အဲ့ဒါက ကျမတို့စိုးရိမ်မှု ရှိတာပေါ့၊ သူတို့အထဲမှာ အချင်းချင်းမှာ ဒီလို ဖြစ်နေတော့ တကယ် လို့ NCA ထိုးနိုင်မယ် ဆိုရင်တောင် ဘယ်လိုဖြစ်သွားမလဲ ၊ သူတို့အချင်းချင်းထဲမှာက ဒီလိုဖြစ်ပျက်နေတော့ ကျမတို့ ရှေ့ဆက်သွားနေရမယ့် ရွေးကောက်ပွဲ အခြေအနေကို ကျမ စိုးရိမ်မိပါတယ်။
ကျမတို့ ဖြစ်စေချင်တာကတော့ တရားမျှတသော ရွေးကောက်ပွဲပါ၊ ကျမတို့ တိုင်းရင်းသားတွေက ဆက်လက်ပြီးတော့ သူတို့ပြဿနာနောက်ဆက်တွဲတွေကို ဘယ်လို လက်ခံမလဲဆိုတာ စောင့်ကြည့် နေပါတယ်။ ကျမတို့ သုံးသပ်တာက စစ်တပ်ဘက်က တမျိုးတမည် ဖြစ်လိမ့်မယ်၊ လွှတ်တော်မှာ နေရာ ယူလာတာ ပိုများလာမလားပေါ့၊ လွှတ်တော် နေရာများများမှာ သူတို့ တာဝန်ယူပြီး အာဏာ ကို ရယူသွားဖို့ လုပ်နေတယ်လို့ မြင်တယ်၊
အပြောင်းအလဲက ဖြစ်နိုင်ဆုံးက ရွေးကောက်ပွဲက သန့်သန့်ရှင်းရှင်းမဖြစ်နိုင်တော့ဘူး။ တရားမျှတတဲ့ ရွေးကောက်ပွဲလည်း မဖြစ်နိုင် ဘူး၊ ပြည်သူလူထုကလည်း ရွေးကောက်လိုတဲ့သူတွေ ဖြစ်နိုင်တော့မှာ မဟုတ်ဘူး၊ ရှောရှောရှုရှု ဖြစ်မှာ မဟုတ်တော့ဘူး၊ သူတို့ အာဏာပဲ နေရာတကာ ချထားမယ့်ပုံ ဆိုတော့ ဆက်လက်ပြီးတော့ ဘယ်လို ပုံစံ ထွက်လာမလဲ ၊ ဒီမိုကရေစီ ဖြစ်နိုင်ပါ့ မလား သုံးသပ် မိတယ်။
ဗိုလ်မှူးကြီး စိုင်းလှ
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)
ကျနော်တို့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ကြိုးပမ်းနေတဲ့ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးကိစ္စကို လာပြီး ထိခိုက်မှာ မဟုတ်ပါဘူး။ လက်ရှိနိုင်ငံရေးပိုင်းမှာ စစ်တပ်ကနေပြီး သူတို့ကိုယ်စားလှယ်တွေကို ကိုယ်စားလှယ်လောင်း အဖြစ်နဲ့ USDP ကနေ ရွေးကြမှာ ဖြစ်တယ်၊ ရာခိုင်နှုန်းအရ ပိုများလာတာကို တွေ့ရတယ်၊ USDP ထဲမှာ တပ်မတော်က ဗိုလ်ချုပ်ကြီးတွေ အရာရှိတွေကို ရွေးချယ်ထားတယ်။
တပ်ကလည်း ၂၅ ရာခိုင်နှုန်းပါတယ်ဆိုတော့ လွှတ်တော်ထဲမှာ တပ်မတော်ရဲ့ သြဇာက ပိုများလာအောင် ဖန်တီးလိုတဲ့သဘောမျိုးပေါ့၊ အဲ့ဒီလို ရှုထောင့်ကပဲ သုံးသပ်ပါတယ်။ သူတို့ ကြားထဲ အာဏာလုကြလား ဘာလားဆိုတာကိုတော့ ကျနော်တို့က ဒီကိစ္စကို ကောင်းကောင်းလေး အတွင်းကျကျ မသိတော့ သိပ်မသုံးသပ်နိုင်ပါဘူး၊ အပြောင်းအလဲ ဆိုတာ ဘာလဲ၊ ဘယ်ဘက်က အပြောင်း အလဲ ဆိုတာ ကျနော်တို့ အခုထက်ထိ အတည်ပြုပြီးတော့ ပြောနိုင်တာမ ရှိသေးပါဘူး၊
ရွေးကောက်ပွဲမှာတော့ ကျနော် ခုနက ပြောသလိုမျိုးပါပဲ၊ USDP က တပ်ကနေလာတဲ့ အရာရှိတွေက ကိုယ်စားလှယ်လောင်းအဖြစ် နဲ့ အများကြီး ဝင်ပြီး အရွေးခံကြမယ်၊ ဒါပေမယ့် ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ၊ ဘယ်သူဘယ်ဝါကို ရွေးကြမယ် ဆိုတာ ကတော့ ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်ပါ။
NCA စာချုပ်က ပြီးဆုံးသွားပြီလို့ ပြောပါတယ်။ နှစ်ဖက်စလုံးက ၊ ဒီတော့စာချုပ်ကို လက်မှတ်ထိုးဖို့ပဲ လိုပါတော့တယ်၊ လက်မှတ် ထိုး မယ့်သူတွေကလည်း အခု ညှိနှိုင်းဖို့ လိုအပ်တယ်လို့ အခု မြင်တယ်၊ လက်မှတ်ထိုးမယ့် အပေါ်မှာပဲ ဆွေးနွေးကြမယ်၊ ဒါ့ကြောင့် ဒီ NCA ကို လာပြီးတော့ထိခိုက်နိုင်စရာ မရှိဘူးလို့တော့ ကျနော် ထင်ပါတယ်။ ။