ဧရာဝတီတိုင်းသို့ ရေဘေး ကယ်ဆယ်ရေး ပစ္စည်းများ လာရောက်လှူဒါန်းသော ယာဉ်တစီးသည် သြဂုတ်လ ၁၂ ရက် ညနေပိုင်းက ကျောင်းကုန်းမြို့အနီး၌ တိမ်းမှောက်ခဲ့သဖြင့် သံဃာ ၂ ပါး ပျံလွန်တော်မူခဲ့ပြီး လူ ၃ ဦး သေဆုံးသွားကြောင်း သိရသည်။
သာပေါင်းမြို့ရှိ စစ်ပင်ကြီး ကျေးရွာသို့ ကယ်ဆယ်ရေး ပစ္စည်းများ လာရောက်လှူဒါန်းပြီး ရန်ကုန်မြို့သို့ အပြန်တွင် ကျောင်းကုန်းမြို့ဘူတာစု ကျေးရွာအနီး၌ ယာဉ်တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
တမ်းမှောက်သည့် ယာဉ်ပေါ်တွင် ပါလာသည့် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ သုဓမ္မဝါဒီ စာသင်တိုက်မှ စာချဆရာတော် ဦးပညာဒီပါ လင်္ကာရနှင့် ဦးတိလောက ရဟန်း ၂ ပါး ပျံလွန်တော်မူသွားပြီး မင်္ဂလာဒုံ ဆေးရုံကြီးမှ ဒေါက်တာ နေမျိုးအောင်၊ ဒေါ်လှလှရီနှင့် မအေးမြတ်သူ တို့ သေဆုံးသွားကြောင်း ကျောင်းကုန်းမြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။
“ကားက ဘူတာစု ကျေးရွာနားမှာ မှောက်တာပါ။ မိုးကလည်း ရွာနေတဲ့အချိန် မောင်းတာလည်း အရှိန်များသွားတော့ စလစ်ဖြစ်ပြီး လမ်းဘေးက လယ်ကွင်းထဲကို ထိုးကျသွားတာပါ။ ကွယ်လွန်တဲ့သူတွေ အလောင်းကိုတော့ ညတွင်းချင်းပဲ ရန်ကုန်ကို ပြန်သယ်သွားကြပါတယ်”ဟု ကျောင်းကုန်း ရဲစခန်းမှ ဒုရဲအုပ် မင်းနိုင်ဦးက ဧရာဝတီကို ပြောသည်။
ယာဉ်တိမ်းမှောက်မှုဖြင့် ယာဉ်မောင်း ဦးမင်းထက်အောင်ကို ကျောင်းကုန်း မြို့မရဲစခန်းက ဖမ်းဆီးထားပြီး ပြစ်မှုနံပါတ် ၅၀/၂၀၁၅၊ ပုဒ်မ ၃၀၄ (က)၊ ၃၃၇ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ရန်ကုန်-ပုသိမ်ကားလမ်း၊ ကျောင်းကုန်းမြို့နှင့် ကန်ကြီးထောင့်မြို့ကြားရှိ ဒ ါးကမြို့ နယ်နိမိတ်အတွင်း၌ အရှည် ၂ မိုင်ခန့်တွင် ကား လမ်း ရေကျော်မှုများ ဖြစ်ပွားနေရာ ရေဘေးကူညီသည့် ကားများနှင့် ခရီးသွားကားများ သတိထားမောင်းနှင်သင့်ကြောင်း ကျောင်း ကုန်းမြို့ခံ ဦးမြင့်လွင်က ပြောသည်။
“ကျောင်းကုန်းကနေ ဒါးကမြို့ မရောက်ခင်မှာ လမ်းက ရေတွေ ကျော်ကျနေတော့ အန္တရာယ်များတယ်။ ဘေးဘက်တွေက အနည်း ဆုံး ၄ ပေ၊ ၅ ပေနက်တဲ့ နေရာတွေ။ ကားမောင်းတဲ့ လူတွေ သတိကြီးကြီးထားပြီး မောင်းသင့်တယ်။ အခုလို ကိုယ့်ဒေသကို ရေ ဘေး လာကူညီရင်း ဖြစ်သွားတာတော့ စိတ်မကောင်းဘူး”ဟုလည်း ၎င်းက ပြောဆိုသည်။
အဆိုပါ လမ်းပိုင်းကို တာဝန်ယူထားသည့် ကုမ္ပဏီ အနေဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် လမ်းအမှတ်အသားများ ထားရှိပေးသင့်ကြောင်း ဧရာဝတီတိုင်း သဘာဝဘေး အရေးပေါ် ကူညီထောက်ပံ့ရေး အဖွဲ့မှ ဦးမြင့်ဌေးက ပြောသည်။
“အခု ကားမှောက်တဲ့ နေရာက ရေကျော်ကျနေပေမယ့် လမ်းနယ်နိမိတ်တိုင်တွေ၊ အမှတ်အသားတွေ တပ်မထားတော့ ချောက်မှန်း မသိ၊ လမ်းဧရိယာမှန်းမသိဖြစ်ပြီး ချောက်ထဲကို ကားထိုးကျသွားတာပါ။ လမ်းကို ရေလွှမ်းနေလို့ရှိရင် လမ်းနယ်နိမိတ်တိုင်တွေ ထောင်ပြီး သတ်မှတ်ပေးထားရမှာပါ၊ အခုလက်ရှိအထိ သတ်မှတ်ထားတာ မတွေ့ရဘူး”ဟုလည်း ၎င်းက ဆိုသည်။
ကျောင်းကုန်းနှင့် ကန်ကြီးထောင့်မြို့ကြားရှိ လမ်းပိုင်းနေရာ ၆ ခုတွင် ကားလမ်းပေါ်၌ ရေ ၁ ပေမှ ၂ ပေ အထိ ကျော်လွန်နေပြီး ကုန်တင်ကားကြီးများမှလွဲ၍ ကိုယ်ထည်နိမ့်သည့် အိမ်စီးကားငယ်များနှင့် ဆိုင်ကယ်များ ဖြတ်သန်းမောင်းနှင်၍ မရတော့ကြောင်း ဒေသခံများက ပြောပြသည်။
“ဆိုင်ကယ်တွေဆို လုံးဝမောင်းလို့ မရတော့လို့ ဟိုဘက်ကားလမ်းနဲ့ ဒီဘက်လမ်းကို ထော်လာဂျီတွေက တစီး ကျပ် ၁၀၀၀ နဲ့ သယ် ပေးနေတယ်။ အိမ်စီးတဲ့ နိမ့်တဲ့ကားတွေ ဆိုရင်လည်း ကားလမ်းပေါ်က ကျင်းတွေ၊ ချိုင့်တွေနဲ့ ထိမှာစိုးလို့ လယ်ထွန်စက်တွေ၊ ထော် လာဂျီတွေက ဆွဲပေးနေရတယ်”ဟု ဒါးကမြို့ခံ တဦးက ပြောသည်။
ဧရာဝတီတိုင်းတွင် ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ ပုသိမ်၊ ဟင်္သာတ၊ မအူပင် ခရိုင်များရှိ မြို့နယ် ၁၇ ခုမှ လူပေါင်း ၄ သိန်းကျော် ရေဘေးကြုံတွေ့နေရကြောင်း တိုင်းအစိုးရ ရုံးစာရင်းများအရ သိရသည်။
ဧရာဝတီတိုင်းမှ ရေဘေးသင့်သူများထံသို့ ရန်ကုန်မြို့အပါအဝင် မြန်မာပြည် အနှံ့အပြားမှ အလှူရှင်ကားများ နေ့စဉ်အဆက်မပြတ် လာရောက်လှူဒါန်းလျက်ရှိရာ ရန်ကုန်မြို့နှင့်ပုသိမ်မြို့ကို ဆက်သွယ်ထားသော တခုတည်းသော ကားလမ်းဖြစ်သည့် ရန်ကုန် – ပုသိမ် ကားလမ်းအား အဆက်အသွယ် ပြတ်တောက် မသွားစေရေး ကြိုးပမ်းဆောင်ရွက်ရန် လမ်းပိုင်း တာဝန်ယူထားသည့် ကုမ္ပဏီ များကို ဧရာဝတီတိုင်း အစိုးရက သတိပေး ပြောဆိုထားသည်။