အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ရှမ်းပြည်နယ်သို့ သွားရောက်မည့် ခရီးစဉ် ဖျက်သိမ်းလိုက်ခြင်းသည် လတ်တလော ဖြစ်ပေါ်နေသာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး) ပါတီတွင်း ပြဿနာများနှင့်လည်း သက်ဆိုင်နေကြောင်း သတင်းရသည်။
ဒေါ်အောင်ဆန်းစုကြည် က ပါတီတွင်း ကိုယ်စားလှယ်နေရာ အပြောင်းအလဲ အခြေအနေတွေရှုပ်ထွေးနေသည့် ကြံ့ခိုင်ရေး ပါတီ တွင်း ဖြစ်ပေါ်နေသည့် ကိစ္စများသည် လွှတ်တော်နှင့် ပတ်သက်နေကြောင်း၊ ထို့အပြင် ပါတီတခုအတွင်း ယခုကဲ့သို့ ဖြစ်ပေါ်နေစဉ် ကာလတွင် NLD အနေဖြင့် မဲဆွယ်စည်းရုံးမှုများ ဆက်လက်လှုပ်ရှားရန် မသင့်လျော်ဟု ယူဆသဖြင့် ယခု တပတ်အတွင်း သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း NLD ပါတီ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန် က ဧရာဝတီသို့ ပြောသည်။
“သူတို့ဖြစ်တဲ့အချိန်မှာ ဘာမှမဖြစ်ဘူးဆိုပြီး မဲဆွယ်စည်းရုံးမှုမျိုး ဆက်လုပ်ဖို့မသင့်တော်လို့ ခရီးစဉ်ဖျက်လိုက်တာပါ။ ဒီကနေ့ CEC အစည်းအဝေးလည်း လုပ်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဦးရွှေမန်းလို လွှတ်တော်ဥက္ကဋ္ဌ တယောက်ကို အခုလိုလုပ်တဲ့ကိစ္စကို သဘောမကျဘူး။ ဒါဟာ စစ်အစိုးရ လက်ထက်ကလို ဖြစ်နေတယ်။ တရားဥပဒေ စိုးမိုးမှုမရှိဘူး။ ပါတီကြီးတခုမှာ အခုလိုဖြစ်နေ တော့ နိုင်ငံရေးဂယက်ရိုက်မှာကို သူ့အနေနဲ့ စိတ်ပူတယ်။ ဒီလိုကိစ္စအပေါ် သူ့အနေနဲ့ စိတ်ပူတယ်လို့ ပြောတယ်”ဟု ဦးဝင်းထိန် က ရှင်းပြသည်။
ထို့အပြင် ယနေ့ နံနက် ၁၀ နာရီ က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဥရောပသမဂ္ဂ တာဝန်ရိှိသူများက မဲစာရင်းမှန်ကန်ရေးနှင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးကိစ္စများနှင့်ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်းလည်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် တပတ်အတွင်းက NLD နှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းတို့မှ ရေဘေးသင့် ပြည်သူများကို ကူညီနေသည့် အစီအစဉ်ဖြင့် ရေဘေးဒုက္ခသည်များကို အားပေးလှူဒါန်းရန် မကွေးမြို့သို့ သွားရောက်သည့် ခရီးစဉ်အတွင်း NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် မဲဆွယ်စည်းရုံး ဟောပြောမှုများ ပြုလုပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က“ကျမကတော့ မေတ္တာရပ်ခံချင်တယ်၊ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲထည့်ပါ”ဟု ပြောသည်။
မကွေးတိုင်းရှိ ရေဘေးဒုက္ခသည်များနှင့် တွေ့ဆုံရန်လာသည့် ခရီးစဉ်တွင် မင်းဘူးမြို့နယ် စာတိုက်လမ်း မန်းသီတာ ဟိုတယ်ရှေ့၌ သြဂုတ် ၉ ရက်က ပြည်သူ တထောင်ကျော်နှင့် တွေ့ဆုံ၍ မိန့်ခွန်းပြောစဉ် ထိုသို့ မေတ္တာရပ်ခံခြင်း ဖြစ်သည်။