ဖရန်စစ် ဖူကူယားမား (Francis Fukuyama) သည် ပြီးခဲ့သော နှစ်ပေါင်း ၃၀ အတွင်း သြဇာလွှမ်းမိုးမှု အရှိဆုံး နိုင်ငံရေး အတွေးအခေါ် ပညာရှင်များထဲမှ တဦးဖြစ်သည်။ အမေရိကန် သမ္မတဟောင်း ရော်နယ် ရေဂင် (Ronald Reagan) ၏ နိုင်ငံခြားရေးရာ မူဝါဒဆိုင်ရာ အကြံပေးတဦးအဖြစ် သူ့ကို စတင်လူသိများခဲ့ပြီး “သမိုင်း နိဂုံး” (The End of History) အမည်ရှိသည့် စာတမ်းကြောင့် အထင်ရှားဆုံး ဖြစ်လာခဲ့သည်။ အဆိုပါစာတမ်းတွင် သူက စစ်အေးတိုက်ပွဲ ပြီးဆုံးသွားခြင်းကြောင့် နိုင်ငံရေး သဘောတရားရေးရာများ ပြိုလဲသွားခြင်းနှင့်အတူ ကမ္ဘာပေါ်တွင် လစ်ဘရယ် ဒီမိုကရေစီ လွှမ်းမိုးလာလိမ့်မည်ဟု အငြင်းပွားဖွယ်ရာ ဟောကိန်းထုတ်ခဲ့သည်။
ပါမောက္ခ ဖရန်စစ် ဖူကူယားမား သည် ယခုတပတ်အတွင်း အမေရိကန်နိုင်ငံ စတန်းဖို့ဒ် (Stanford) တက္ကသိုလ်ရှိ ဒီမိုကရေစီ၊ ဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးရေး ဌာန (Center on Democracy, Development and the Rule of Law) ၏ ဝါရင့် ပညာရှင်တဦးအနေဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပါသည်။ သြဂုတ် လ ၁၂ ရက်နေ့က ဧရာဝတီ သတင်းဌာန၏ အယ်ဒီတာချုပ် အောင်ဇော်နှင့် တွေ့ဆုံခဲ့ရာ သူက နိုဝင်ဘာ လ ၈ ရက်နေ့တွင် ကျင်းပရန်ရှိနေသော သမိုင်းဝင် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီကာလတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အတိုက်အခံများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့ပါသည်။
မေး ။ ။ ပထမအခေါက် လာတုန်းကထက်စာရင် ဘယ်လိုအပြောင်းအလဲတွေကို သတိထားမိခဲ့သလဲ။
ဖြေ ။ ။ ရန်ကုန်တခုတည်း ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုနဲ့ တည်ဆောက်ရေးလုပ်ငန်း အသစ်တွေ၊ လမ်းပေါ်မှာ ကားတွေ ပိုများလာတာကို ထင်ထင်ရှားရှား မြင်ရပါတယ်။ နိုင်ငံရေးအရတော့ ဆင့်ကဲဖြစ်စဉ်ပေါ့။ အရမ်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ အခုဆိုရင် ရွေးကောက်ပွဲတခု အမှန်တကယ် ဖြစ်လာတော့မယ်။ စစ်မှန်တဲ့ နိုင်ငံရေး အခြေအနေ တချို့လည်း ဖြစ်နေတယ်။ အထူးသဖြင့် NLD ပါတီ အတွင်းမှာပါ။ အရင်တခေါက် ကျနော် ဒီမှာရှိတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ စံပြပုံရိပ် (Icon) တခုသက်သက်ပဲ။ အခြေအနေတွေက အလွန် ရိုးရှင်းတဲ့ အသွင်ရှိပါတယ်။ အခုတော့ အားလုံးဟာ အလွယ်တကူ တွက်ချက်လို့ မရတော့ပါဘူး။ ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။
မေး ။ ။ အတိုက်အခံနဲ့ ဒီမိုကရက်တစ် ပါတီတွေနဲ့ ပတ်သက်လို့ မျှော်လင့်ချက် မြင့်မြင့်မားမား ရှိခဲ့တယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံက ပြည်သူတွေမှာ ရောထွေးတဲ့ ခံစားချက်တွေ ရှိနေကြတယ်။ တချို့က၊ အထူးသဖြင့် အရပ်ဘက် အဖွဲ့အစည်းတွေက ပါတီက ထုတ်ပြန်လိုက်တဲ့ အငြင်းပွားဖွယ်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းလိုမျိုး ကိစ္စတွေကြောင့် NLD ကို စိတ်ပျက်ခဲ့ကြတယ်။
ဖြေ ။ ။ တိတိကျကျပြောဖို့ အတွက် ဒီကနိုင်ငံရေး အခြေအနေကို ကျနော် လုံလုံလောက်လောက် မသိသေးပါဘူး။ ဒီအချိန်မှာ NLD က လူတယောက်တည်းကိုပဲ ဝန်းရံနေတာ မဟုတ်တဲ့ တခြား ဒီမိုကရက်တစ် ပါတီတွေလို တိုးတက်လာဖို့ လုပ်ရပါမယ်။ ဒါမှ ကွဲပြားခြားနားတဲ့ လူတွေဆီက အကြံဉာဏ် အမြောက်အများကို လက်ခံမယ့် အဖွဲ့အစည်း တည်ဆောက်ပုံတခု ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ပထမဆုံး ရွေးကောက်ပွဲအတွက် အလုပ်ဖြစ်မယ့် ဒီလမ်းကြောင်းက ရှောင်ရှားလို့ မရနိုင်ပါဘူး။
မေး ။ ။ ဒီမှာ အဖွဲ့အစည်း တည်ဆောက်ပုံ မရှိဘူး။ တိုင်းပြည် ပွင့်လင်းလာတဲ့အချိန်မှာ အတိုက်အခံက အခွင့်အရေး မယူနိုင်ခဲ့တဲ့ပုံ ဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ နိုင်ငံရေး ပရိယာယ်နဲ့ ပတ်သက်ရင် ပွင့်လင်းမြင်သာမှု မရှိဘူး။
ဖြေ ။ ။ ပိုလန်နိုင်ငံမှာ ဘာဖြစ်ခဲ့သလဲဆိုတာ မှတ်မိမယ် ထင်ပါတယ်။ Lech Walesa ရဲ့ စည်းလုံး ညီညွတ်ရေး လှုပ်ရှားမှု (Solidarity movement) က တကယ်ကို သြဇာရှိတဲ့ အဖွဲ့အစည်းတခု ဖြစ်ခဲ့ပါတယ်။ သူတို့က ပိုလန် လူ့အဖွဲ့အစည်း အားလုံးကို ကိုယ်စားပြုတယ်။ ဒါပေမယ့် ပထမဆုံး ရွေးကောက်ပွဲ နောက်ပိုင်း ၁ နှစ် ၂ နှစ် အတွင်းမှာ နိုင်ငံရေး ပါတီသစ်တွေ ပေါ်ထွက်လာပြီးတော့ နိုင်ငံရေး အင်အားစုတခု အနေအထားကနေ သူတို့ ပျောက်ကွယ်သွားခဲ့တယ်။ အစောပိုင်းမှာ Lech Walesa သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပေမယ့် သူဟာ သိပ်ပြီး ထိထိရောက်ရောက် မလုပ်နိုင်ဘူးဆိုတာ ပေါ်လာခဲ့တယ်။ ဒါကြောင့် သူ့ထက်ပိုပြီး တော်တဲ့ နိုင်ငံရေးသမားတွေနဲ့ ပြည်သူက အစားထိုးခဲ့တယ်။
ရွေးကောက်ပွဲနောက်ပိုင်းမှာ ဒါမျိုး အလားတူတွေ ဖြစ်လာနိုင်ပါတယ်။ ခင်ဗျားက အာဏာနဲ့ အာဏာကို အသုံးချဖို့အတွက် မှန်ကန်စွာ ယှဉ်ပြိုင်ပြီဆိုရင် တခြားတယောက်ကလည်း သူကပိုပြီး ထိထိရောက်ရောက် လုပ်နိုင်တယ်ဆိုတာ သက်သေပြလာပါလိမ့်မယ်။
မေး ။ ။ လာမယ့် ရွေးကောက်ပွဲအတွက် ဘယ်လို ခန့်မှန်းမိပါသလဲ။
ဖြေ ။ ။ ကျနော်က လူထုစစ်တမ်း ကောက်ယူကြည့်တဲ့သူ မဟုတ်ပါဘူး။ ကျနော် မြင်သလောက်ဆိုရင် NLD မှာ အခွင့်အရေးကောင်းတခု ရှိတဲ့ပုံပါပဲ။ ဒါပေမယ့် ခင်ဗျား ဘာတွေလုပ်ရမယ်၊ အနိုင်ရရင် အာဏာကို ဘယ်လို အသုံးချရမယ် ဆိုတာကို ခင်ဗျား သိမယ်ဆိုရင် ခင်ဗျား ယှဉ်ပြိုင်ရမယ်လို့ ကျနော် ထင်ပါတယ်။
မေး ။ ။ တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုတွေကို အလွဲသုံးစားလုပ်ခဲ့တဲ့၊ ပြည်သူတွေအပေါ် ပြစ်မှုတွေကျူးလွန်ခဲ့တဲ့ စစ်တပ်ခေါင်းဆောင်တွေက အာဏာကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒါက မြန်မာနိုင်ငံမှာ ကျနော်တို့ မဖြေရှင်းနိုင်ခဲ့တဲ့ အခြေခံ အကြောင်းတခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဘယ်လို ရှေ့ဆက်သွားနိုင်မလဲ။ ပြန်လည် သင့်မြတ်မှုအတွက် ဘယ်လိုလုပ်နိုင်မလဲ။
ဖြေ။ ။ တရားမျှတမှုက အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် တခါတလေမှာတော့ နိုင်ငံရေး အခြေအနေအရ ဘာလုပ်ရမယ်ဆိုတာကို ဦးစားပေးဖို့ လိုပါတယ်။ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင် စီးပွားရေး ပြုပြင်ပြောင်းလဲရေးက ပိုပြီး အရေးကြီးတဲ့ ဦးစားပေးတခု ဖြစ်ပါတယ်။ တောင်အာဖရိကကို ကြည့်လိုက်ပါ။ နယ်လ်ဆင် မင်ဒဲလား (Nelson Mandela) သမ္မတဖြစ်လာပြီး နောက်ပိုင်းမှာ တရားမျှတမှု မရှိခဲ့ပါဘူး။ အမှန်တရားနဲ့ ပြန်လည် သင့်မြတ်ရေးဆိုတာက တရားရုံးမှာ တရားစွဲတာကို သူတို့ ရှောင်ရှားခြင်းတခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တောင်အာဖရိကဟာ အသားအရောင်ခွဲခြားတဲ့ ခေတ်ကနေ လွတ်ဖို့ လိုတယ်လို့ သူတို့ ခံစားချက် ရှိခဲ့ကြလို့ပါ။ ဒီမှာ အလေးအနက်ထားပြီး စဉ်းစားဖို့လိုတဲ့ နမူနာတခုလို့ ကျနော်ထင်ပါတယ်။ ခင်ဗျားရဲ့ အချိန်အားလုံးကို တရားမျှတမှုရှာဖွေဖို့ အတွက် အသုံးချမယ်ဆိုရင် တခြားအရာတွေကို ပြီးမြောက်အောင် လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။
မေး ။ ။ စစ်တပ်ပိုင် ကုမ္ပဏီကြီးတွေက စီးပွားရေးကို လွှမ်းမိုးထားတုန်းပဲ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်လာတာကလည်း နှေးနေခဲ့တယ်။ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး ကာလမှာ ဘယ်လို စီးပွားရေး ပြုပြင်ပြောင်းလဲမှုက အရေးကြီးတယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ အဖွဲ့အစည်း (Institution) တွေရဲ့ အခြေခံအစုတခု မတည်ဆောက်ဘဲနဲ့ ဒီနေ့ ကမ္ဘာမှာ အောင်မြင်တဲ့ စီးပွားရေးတခု ရလာမယ်လို့ ကျနော်မထင်ပါဘူး။ ဒါကြောင့် ဥပဒေ အဖွဲ့အစည်းတွေ၊ ပိုင်ဆိုင်မှု အခွင့်အရေးတွေ၊ တရားရေးစနစ်နဲ့ ညီတဲ့ သဘောတူစာချုပ်တွေ အင်အားကောင်းဖို့ လိုပါတယ်။ စီပွားရေးက ပိုပြီး ပွင့်လင်းမြင်သာ ရှိဖို့ လိုပါတယ်။
ရှိပြီးသား အရင်းရှင် ခရိုနီတွေကို ချက်ချင်း ဖယ်ထုတ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ပြိုင်ဆိုင်မှုရှိတဲ့ ပုဂ္ဂလိက ကဏ္ဍတခု ဖွင့်လှစ်ခြင်းနဲ့ စတင်ဖို့လိုပါတယ်။ နိုင်ငံခြား ပြိုင်ဘက်တွေ အပါအဝင်ပေါ့။ ဘာကြောင့်လဲဆိုတော့ ရေရှည်မှာ ခရိုနီဝါဒက General Motors ဒါမှ မဟုတ်တခြား အင်အားကြီးတဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ရှိမှာမဟုတ်ပါဘူး။ ဒါက ဖြည်းဖြည်းချင်း လုပ်သွားရမယ့်ဟာလို့ ကျနော် ထင်ပါတယ်။ အရေးကြီးတာက ပညာရှင် အစုအဖွဲ့တခု ရှိဖို့လိုပါတယ်။ အင်ဒိုနီးရှားမှာ Berkeley Mafia (အမေရိကန်နိုင်ငံတွင် ပညာသင်ကြားခဲ့သော အင်ဒိုနီးရှား စီးပွားရေး ပညာရှင်များအဖွဲ့)၊ ချီလီနိုင်ငံမှာ Chicago Mafia ဆိုပြီး ရှိတယ်။ ဒီမှာ စီးပွားရေး အသွင်ကူးပြောင်းမှုကို ဘယ်လို စီမံခန့်ခွဲရမယ်ဆိုတာ အကြံပေးနိုင်ဖို့အတွက် အရည်အချင်း ပြည့်ဝတဲ့ စီမံခန့်ခွဲရေး ကျွမ်းကျင်တဲ့ ပညာရှင် အဖွဲ့တခုလိုတယ်။
မေး ။ ။ ဒါက အချိန်အကြာကြီး လုပ်ရလိမ့်မယ်။
ဖြေ ။ ။ စီးပွားရေးပြုပြင်ပြောင်းလဲရေးက တည်ဆောက်ရတာလောက် ကြာတဲ့ လုပ်ငန်းတခု မဟုတ်ပါဘူး။ ပြောရရင် ဥပဒေ အဖွဲ့အစည်းတွေလိုမျိုးပေါ့။ လျှင်မြန်တဲ့ စီးပွားရေးရလဒ်တွေ၊ ဖြစ်လာမယ့် အပြောင်းအလဲတွေ အများကြီး လုပ်နိုင်ပါတယ်။ ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေတခု ရှိမယ်ဆိုရင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံ သူတွေကလည်း ဒီစနစ်မှာ သူတို့ အလုပ်လုပ်နိုင်မယ်လို့ ယုံကြည်စိတ်ချမှုတွေ များလာပါလိမ့်မယ်။ အဲဒါဆိုရင် အရင်းအနှီး စီးဆင်းမှုနဲ့ တခြား အလားတူ ကိစ္စတွေမှာ အရေးပါတဲ့ အပြောင်းအလဲတွေ ဖြစ်စေပါလိမ့်မယ်။
မေး ။ ။ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အတိုက်အခံ လှုပ်ရှားမှုကို ဘာတွေ အကြုံပြုချင်ပါသလဲ။
ဖြေ ။ ။ အစိုးရကို ဘယ်လိုဆန့်ကျင်ရမလဲလို့ စဉ်းစားရာကနေ အစိုးရတခု ဘယ်လိုလုပ်ရမလဲ ဆိုတာကို ပြောင်းပြီး စဉ်းစားဖို့ လိုတယ်လို့ ကျနော်ထင်ပါတယ်။ စိတ်ရှိတိုင်းလုပ်လို့ မရတဲ့ ပြည်သူ့ရေးရာ မူဝါဒတွေ ချမှတ်ရတဲ့ အပိုင်းကို အလေးထားရမယ့် သဘောပါ။ လူတိုင်း စိတ်ကျေနပ်အောင် ခင်ဗျားလုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဦးစားပေးရမယ့် အချက်တွေ ထားရပါမယ်။ ဘယ်ဟာကို အရင်လုပ်ရမယ်၊ ဘယ်ဟာကို နောက်မှ လုပ်ရမယ်ဆိုတဲ့ ရေရှည်မူဝါဒ နည်းဗျူဟာ ရှိရပါမယ်။ အစိုးရ ယန္တယားကို ရောက်သွားရင်တောင် မူဝါဒတခုကို ချက်ချင်း အကောင်အထည်ဖော်လို့ မရပါဘူး။ ဗျူရိုကရေစီ စနစ်ကို ထိန်းချုပ်နိုင်ဖို့၊ ခင်ဗျား လုပ်ကိုင်ရ အဆင်ပြေဖို့နဲ့ ဆန့်ကျင်မှုတွေ ရှိမလာစေဖို့အတွက် လေ့လာသင်ယူရပါဦးမယ်။
မေး။ ။ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမယ်လို့ ထင်ပါသလား။
ဖြေ ။ ။ ကျနော် မသိပါဘူး။ ဒါပေမယ့် ပြင်ပက လေ့လာစောင့်ကြည့်သူ လုံလုံလောက်လောက် ရှိမယ် ဆိုရင်တော့ လွတ်လပ်ပြီး တရားမျှတမှု ရှိတဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့ မခက်ခဲဘူးလို့ ကျနော်ထင်ပါတယ်။
မေး ။ ။ လွှတ်တော် ကိုယ်စားလှယ်နေရာ ၄ ပုံ ၁ ပုံကို စစ်တပ်က ထိန်းချုပ်ထားတုန်းပဲ။
ဖြေ ။ ။ အဲဒါက ကျနော့်ရဲ့ အကြိုက်ဆုံးရွေးချယ်မှု ဖြစ်မှာမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် ဒါက အချိန်တန်ရင် ပြာင်းလဲသွားမယ့် အရာပါ။ ပီနိုရှေး (Pinochet) လက်အောက်က ချီလီနိုင်ငံကို ကြည့်ပါ။ သူက လွှတ်တော်မှာ စစ်တပ်က အရာရှိတွေကို နေရာပေးထားတဲ့ အခြေခံဥပဒေတခု ထားခဲ့တယ်။ အဲဒါကို ဖယ်ထုတ်နိုင်ဖို့ အတွက် နောက်ထပ် အချိန် ၁၅ နှစ် ယူခဲ့ရပါတယ်။ နောက်ဆုံးတော့ သူတို့ လုပ်နိုင်ခဲ့တယ်။
မေး ။ ။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ မူဝါဒကို ဘယ်လို အကဲဖြတ်မလဲ။ အမေရိကန် နိုင်ငံနဲ့ သမ္မတ အိုဘားမားရဲ့ လှုပ်ရှားမှုက မြန်လွန်းခဲ့တယ်လို့ ဝေဖန်မှုတွေ ရှိနေတယ်။
ဖြေ ။ ။ ဆက်လက်ပြီးတော့ ထိတွေ့ဆက်ဆံနေဖို့ အရေးကြီးတယ်လို့ အမေရိကန်က မြင်တယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်တို့မှ ပထမဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲကို ဦးတည်တဲ့ အကျင့်တခု ရှိပါတယ်။ ပြီးတော့ အဲဒီ အချက်ကို အရမ်း အလေးပေးပါတယ်။ တကယ်လို့ လူကောင်းတွေ အာဏာရသွားရင် ကျနော်တို့ စိတ်အေးသွားပြီး “ကောင်းတယ်၊ ဒီပြဿနာ ပြေလည်သွားပြီ” လို့ ပြောကြတယ်။ ဒါ အကြီးဆုံး အမှားတခု ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ်ခက်ခဲတဲ့ အပိုင်းတွေက ရွေးကောက်ပွဲပြီးမှ ရောက်လာတတ်လို့ ပါ။ ဒါကြောင့် အမေရိကန် ပြည်ထောင်စုက အကူအညီ အထောက်အပံ့တွေ အများကြီး ဆက်ပြီး ပေးနိုင်မယ်၊ မူဝါဒတွေ ချမှတ်ဖို့နဲ့ မူဝါဒတွေကို အမှန်တကယ် အကောင်အထည် ဖော်နိုင်ရေးအတွက် ကူညီမယ်လို့ ကျနော်ထင်ပါတယ်။
မေး ။ ။ မြန်မာနိုင်ငံဟာ သမ္မတ အိုဘားမားရဲ့ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုတခုလို့ ထင်ပါသလား။
ဖြေ ။ ။ နိုင်ငံရေးသမားတွေက ကြိုးစားခဲ့တယ် ဆိုရင်တောင် မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တာတွေအတွက် အမေရိကန်နိုင်ငံက အမှန်တကယ် ဂုဏ်မယူနိုင်ဘူးလို့ ကျနော်ထင်ပါတယ်။ တကယ်တော့ ဒါက ကမ္ဘာတလွှားက အမေရိကန်ရဲ့ ဆောင်ရွက်မှုတွေထဲမှာ လင်းနေတဲ့ အစက်တစက်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အရှေ့ အလယ်ပိုင်း၊ ရုရှား၊ တရုတ်နဲ့ တခြားနေရာတွေမှာ အဆင်မပြေခဲ့ဘူးလေ။
မေး။ ။ တရုတ်နဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းရင်းနဲ့ ဒီမိုကရေစီ နိုင်ငံတခုအဖြစ်ကို အသွင်ကူးပြောင်းဖို့ ဖြစ်နိုင်မလား။
ဖြေ ။ ။ ခင်ဗျားတို့ သူတို့နဲ့ ဆက်ပြီး ဆွေးနွေးနေရပါမယ်။ ခေါင်းဆောင်ပိုင်းနဲ့ သံတမန်ဆက်သွယ်မှု လမ်းကြောင်းတွေကို ထိန်းထားရပါမယ်။ တရုတ်နိုင်ငံက စီးပွားရေး အကျိုးစီးပွားနဲ့ ပထဝီနိုင်ငံရေး အကျိုးစီးပွားကို ဂရုစိုက်တယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ စောင့်ကြည့်ရပါတယ်။ အခုအချိန်မှာ တရုတ်နိုင်ငံအတွက် တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုလိုမျိုး သူတို့ပိုပြီး အာရုံစိုက်ရမယ့် တခြားနေရာတွေ ရှိနေပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံက မြန်မာကို သူတို့ ကိုယ်ပိုင် စက်ဝန်းထဲမှာ ဆက်ပြီး ရှိနေရေးအတွက် ဖိအားပေးဖို့ ကြိုးစားမှာလား ဆိုတာကတော့ ဒါက သူတို့အတွက် ကြီးမားတဲ့ ဦးစားပေးတခုလို့ ကျနော် အသေအချာ မပြောနိုင်ပါဘူး။