တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) အပြီးသတ် ချုပ်ဆိုနိုင်ရေးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင် လက်မှတ် ရေးထိုးနိုင်ရေးအတွက် တိုင်းရင်းသား အဖွဲ့ကြီး ၅ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များက သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် သြဂုတ် ၂၅ ရက်၌ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် NCA ကို အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ (UPWC)နှင့် တိုင်းရင်းသားများဘက်မှ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့က ညှိနှိုင်းနေခြင်း ဖြစ်သည်။
ယခု ဆွေးနွေးမည့် တိုင်းရင်းသား အဖွဲ့ကြီး ၅ ဖွဲ့သည် SD အဖွဲ့၌ ပါဝင်သော ကရင်အမျိုးသား အစည်းအရုံး(KNU )၊ ကချင် လွတ် လပ် ရေး တပ်မတော်(KIA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) တို့ ဖြစ်သည်။
အားလုံးပါဝင်ရေးမူကို ထို လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ကြီး ၅ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များက ဦးဆောင်ဆွေးနွေး ဆုံးဖြတ် သွားမည်ဟု SD ခေါင်းဆောင်တချို့က ဧရာဝတီကို ပြောသည်။
“NCA အဆုံးသတ်နိုင်ဖို့ ကျမတို့ ထိပ်သီးခေါင်းဆောင်တွေ သွားဆွေးနွေးမှာပါ။ တခြားဘာမှတော့ ထပ်ဆွေးနွေးဖို့ မရှိတော့ဘူး။ အားလုံးပါဝင်ရေးမူကို အစိုးရက လက်ခံဖို့ပဲ ကျန်တော့တယ်”ဟု SD အဖွဲ့ခေါင်းဆောင် တဦးဖြစ်သည့် KNU ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန် က ဧရာဝတီကို ပြောသည်။
အားလုံးပါဝင် လက်မှတ်ရေးထိုးရေးမူအား ညှိနှိုင်းရန် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် SD ကိုယ်စားလှယ်များအကြား သြဂုတ်လ ၂၈ (သို့) ၂၉ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း သမ္မတ၏ အရေးပေါ်ကိစ္စများ ရှိနေသဖြင့် သြဂုတ်လ ၂၅ ရက်၌ အရောက်လာ ဆွေးနွေးရန်၊ သြဂုတ်လ တလလုံးတွင် ထိုရက်သာ အားလပ်ကြောင်း နှုတ်ဖြင့် အကြောင်းကြားထားသည်ဟုလည်း SD ခေါင်းဆောင်ပိုင်းက ပြောသည်။
NCA စာချုပ်မူကြမ်းကို ၉ ကြိမ်အထိ ဆွေးနွေးပြီးဖြစ်ကာ အချောသတ်ပြီး ဖြစ်ကြောင်းလည်း သိရသည်။ NCA အပြီးသတ်လက်မှတ် ရေးထိုးရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်ရေး၊ မပါဝင်ရေးသာ ကျန်ရှိနေခြင်း ဖြစ်သည်။
အစိုးရက ၎င်းတို့နှင့် ပဏာမ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသားအဖွဲ့ ၁၅ ဖွဲ့နှင့် သာ လက်မှတ်ရေးထိုးလိုပြီး၊ “ဝ” အမျိုးသား အဖွဲ့ချုပ်(WNO) ၊ ရခိုင်အမျိုးသား ကောင်စီ(ANC)၊ လားဟူအမျိုးသား ဒီမိုကရက်တစ် ပါတီ (LDU)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA ) ကိုးကန့်တပ်ဖွဲ့၊ ရကိ္ခုင့် တပ်မတော် (AA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက် ရေးတပ်မတော် (TNLA) တို့နှင့် နောက်ပိုင်းမှသာ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ပြောဆို ထားသည်။
“အခုထပ်ဆွေးနွေးတဲ့ အထဲမှာ အားလုံးပါဝင်ရေးမူကို မဆွေးနွေးဘဲ အစိုးရက လက်ခံတဲ့ ၁၅ ဖွဲ့ ကိစ္စကိုပဲ ထပ်ဆွေးနွေးမယ်ဆိုရင် အစိုးရဆီကို သွားနေစရာတောင် မလိုတော့ဘူးလို့ တချို့ခေါင်းဆောင်တွေက သုံးသပ်ထားပါတယ်”ဟု ရှမ်းပြည် ပြန်လည်ထူ ထောင် ရေး ကောင်စီ(RCSS/SSA)မှ ဗိုလ်မှူးကြီး စိုင်းလှက ပြောဆိုသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တပ်မတော် ကိုယ်စားလှယ်အဖြစ် ဦးဆောင်ဆွေးနွေးနေသည့် ဒု ဗိုလ်ချုပ်မှူးကြီး မြင့်စိုးသည် ရာထူးမှနှုတ်ထွက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ၏ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း ဖြစ်သွားခြင်းနှင့် ပါတီ အတွင်း ဥက္ကဋ္ဌ ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲအား ထိခိုက်နိုင်သော် လည်း NCA စာချုပ် ကို ထိခိုက်နိုင်ခြင်း မရှိကြောင်း SD ခေါင်းဆောင်တချို့က သုံးသပ် ပြောဆိုကြသည်။