တခေတ်တခါက နာမည်ကြီးခဲ့သော ကြော်ငြာတခု ရှိခဲ့သည်။ “ခေတ်မီသူတိုင်း ပင်လယ်ငါး စားကြသည်” ဟူ၏။ ရဲဘော်သုံးကျိပ်ဝင် ပုဂ္ဂိုလ်ကြီး တဦး၏ စီးပွားရေးလုပ်ငန်း ကြော်ငြာဖြစ်သည် ဟု မှတ်သားဖူးသည်။
သူ့ခေတ် သူ့အခါအရ ယင်းကြော်ငြာ ပေါက်ပါသည်။ ကြော်ငြာ ကောင်းလွန်းခြင်းကြောင့် စီးပွားရေး လုပ်ငန်းလည်း အောင်မြင်သည် ဟု သိရသည်။ “ခေတ်မီသူတိုင်း ပင်လယ်ငါးစားကြသည်” ဟူသော ကြော်ငြာစာသားကို ပြေးသတိ ရမိ၍ ကောက်ကာ ငင်ကာ နိဒါန်းချီရသည်မှာ လက်ရှိပေါ်ပေါက်နေ သော အမေရိကန် ကြက်ကြော် စားရရန် အချိန် ၂ နာရီကျော် ကြာမျှ စောင့်စားနေရခြင်း ကိစ္စကို ဝေဖန်ချင်၍ ဖြစ်ပါသည်။ အမေရိကန်KFC ကြက်ကြော် စားရရေး အချိန်ပေး တန်းစီစောင့်ဝယ်နေရခြင်း သည်လည်း ခေတ်မီချင်၍ ဖြစ်မည်။
ပင်လယ်ငါး စားသုံးရန် အကြောင်းတခုခုကြောင့် မဝံ့မရဲဖြစ်နေသော စားသုံးသူ ပြည်သူလူထုအား ပင်လယ်ငါးကို ရဲရဲဝံ့ဝံ့ စားသုံးကြရေး စိတ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုအရ ကြော်ငြာစာသားဖြင့် တချက်တည်း ပစ်ထည့်လိုက်သည်။ “ခေတ်မီသူတိုင်း ပင်လယ်ငါး စားကြသည်” ပြီးပြီ။ ခေတ်မမီချင်သည့် ပုဂ္ဂိုလ် ပင်လယ်ငါးမစားနှင့်၊ လူဟူသည် မည်သူ ခေတ်မမီဘဲ နေချင်ပါမည်နည်း၊ ခေတ်မီမီ နေချင်လွန်း၍ ခေတ်မီသည်ဟု ထင်စရာများကို လျှောက်လုပ်ပြနေရာက ရူးသည် ဟု ဆိုကာ အရူးဆေးရုံသို့ အပို့ခံရသည့်အဖြစ် များလည်း ရှိခဲ့ဖူးပါပြီကော။
ဆိုချင်သည်မှာ ပြည်သူ ပြည်သား အားလုံးသည် ခေတ်မီချင်သည်၊ ခေတ်မီ ချင်လွန်း၍ သည်ခေတ်တွင် ပင်လယ်ငါး အဝစားနေ ကြသည့်အပြင် နိုင်ငံတကာမှ လာသော ပေါ်ဦးပေါ်ဖျား ကိစ္စများကိုလည်း အငမ်းမရ ထိတွေ့ချင်နေကြ သည်။ ယခုလာပါချေပြီ။ ကမ္ဘာကျော် အမေရိကန်ကြက် ကြော် မြန်မာနိုင်ငံသို့ ရောက်ပြီ ဆိုသဖြင့် တတုံး တခဲလေး လောက်တော့ မြည်းစမ်းကြည့်ချင်ကြသည်၊ မြန်မာပြည်ဈေးကွက်တွင် ဦးစွာ လက်ဦးမှုရထား သော ထိုင်း CP ကြက်ကြော်လောက် ကောင်းပါ၏လား။ သူမသာ ကိုယ်မသာလေပဲလား။
ခေတ်မီချင်သူ ပြည်သူတို့၏ စိတ်ခံစားမှုများသည် ယခုတလော အမေရိကန် ကြက်ကြော် KFC ပေါ် အာရုံ ကျရောက် သွားသည်။ ယခင်က ပင်လယ် ငါးစားမှ ခေတ်မီမည် ဟူသော ကြော်ငြာစာသား၏ စိမ့်ဝင်ထိုးဖောက်မှု အသိအရ ယခုတော့ KFC ကြက်ကြော် စားရဖူးမှ ခေတ်မီတော့မည့် အသိတို့ တဟုန်ထိုး တိုးဝင်နေပြီထင်ပါ သည်။
အမေရိကန် နိုင်ငံ၊ ကင်တပ်ကီ ပြည်နယ်တွင် မွေးထားသော ကြက်များကို မည်သို့မည်ပုံ မည်သည့် နည်းစနစ်များ ဖြင့် ကြော်ခဲ့လေသည် မသိ၊ ကင်တပ်ကီ ကြက်ကြော်သည် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အရသာအကောင်း ဆုံးသော အစားအစာ အဖြစ် ယနေ့တိုင်အောင် ကျော်ကြားနေခဲ့ပါသည်။
ယင်းအစားအစာ ကို စားသုံးခဲ့ဖူးသော ကမ္ဘာ့ အရပ်ရပ်မှ ပုဂ္ဂိုလ်များသည် အစားအစာ၏ ကောင်းခြင်း ဂုဏ်ပုဒ်ကို ထောမနာ ပြုကာ ဂုဏ်ယူဝင့်ကြွား ကြသည်။ KFC ကြက်ကြော် စားဖူးမှ လူရာဝင်သည် အထိပင် ဖြစ်ခဲ့ကြသည်။ မြန်မာပြည်က ပုဂ္ဂိုလ်များသည် ရေခြားမြေခြားသို့ ခေတ္တထွက်ခွာ သွားရောက်ကြသော အခါ KFC ကြက်ကြော် စားဖူးသည် ရှိအောင် မက်ဒေါ်နယ်လ် ဟမ်ဘာဂါ စားဖူးသည် ရှိအောင် အငမ်းမရ ဦးလျင်စွာ ပြေးစားခဲ့သည်များ ရှိခဲ့ပြီ။ ဈေးကတော့ ကြီးသည် ဆို၏။
ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမပေါ်တွင် ဖွင့်လှစ် ထားသော KFC ကြက်ကြော်ဆိုင်အား ရင်းနှီး လုပ်ကိုင်သူများ ကိုယ်စား ကြော်ငြာ ပေးလိုက်ချင်ပါ သည်။ “ခေတ်မီချင်သူများ KFC ကြက်ကြော်ကို ဝယ်စား” သို့သော် မကြော်ငြာခင် ကတည်းက ဝယ်စားကြရန် တန်းစီစောင့်ရသည်မှာ နှစ်နာရီကျော် ကြာသည်ဆို၏။
အဖိုးတန်သော အချိန်များ အမေရိကန် ကြက်ကြော် တတုံးနှစ်တုံး စားရရေး ပေးဆပ်ရပြန်သည်။ ကြက်ကြော်စားရမှ ခေတ်မီချင်သည် ကိုး။ သည်လောက်တော့ ပေးဆပ်ရမည်ပေါ့ ဟု သုံးသပ်သည်။ သို့သော် အစားတလုတ် အတွက် သည်လောက် ဖြစ်ရသည်မှာ လူမျိုးသိက္ခာ ကျပါသည်။
အမေရိကန် ကြက်ကြော်ဆိုင်ဖွင့်ကြသော ပုဂ္ဂိုလ်များကို ဆန်းစစ်ပါမည်။ မြန်မာပြည်တွင် ဘဏ်လုပ်ငန်း အပါအဝင် မြေယာ အဆောက်အအုံနှင့် အခြား လုပ်ငန်းမျိုးပေါင်းစုံကို ရင်းနှီးလုပ်ကိုင်နေသော မြန်မာနိုင်ငံသား ဟောင်ကောင် နိုင်ငံသား မစ္စတာ ဆာ့ဂျ်ပန်း ခေါ် ဦးသိမ်းဝေနှင့် အမေရိကန်နိုင်ငံ KFC စားသောက်ကုန်လုပ်ငန်း တို့ ပူးပေါင်းဖွင့်လှစ် ကြခြင်း ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် KFC ဆိုင်ကို ၂၀၁၅ ဇွန်လ ၃၀ ရက်နေ့ တွင် စတင် ဖွင့်လှစ်ရောင်းချခဲ့သည်။ ထိုစဉ် ကတည်းက ဖွင့်လှစ် ရောင်းချခဲ့သော ကြက်ကြော်နှင့် အတူ စားသောက် ဖွယ်ရာ ဈေးနှုန်းများသည် အာဆီယံနိုင်ငံအချို့နှင့် နှိုင်းယှဉ်လျှင် ဈေးကြီးနေသည်ဟု သတင်းများ ပေါ် ထွက်ခဲ့သည်။
ရန်ကုန်တွင် ရောင်းချနေသော နှုန်းထားမှာ ကြက်ကြော် နှစ်တုံး၊ အချိုရည် တခွက်၊ အာလူးချောင်းကြော် တထုပ် အတွက် ကျပ် ၃၅၀၀ ဖြစ်ပါသည်။ ကြက်ကြော် တတုံး အတွက် ၁၃၀၀ ကျပ်၊ အချိုရည် တခွက် အတွက် ကျပ် ၈၀၀ ပေးရသည့် အတွက် အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာခန့် ပေးနေရသည်ဟု မီဒီယာများက ဖော်ပြနေသည်။ မလေးရှားတွင် ကြက်ကြော်တတုံးနှင့် အချိုရည် တခွက်အတွက် မလေးရှားရင်းဂစ် လေးရင်းဂစ် (အမေရိကန် တဒေါ်လာ ) သာ ရှိသည် ဟု ဆိုသည်။
မစ္စတာ ဆာ့ဂျ်ပန်းကတော့ ပြောပါလိမ့်မည်၊ မြန်မာနိုင်ငံတွင် ယင်းကြက်ကြော်ဆိုင် KFC ဖွင့် လှစ်နိုင်ရေး ကျပ် သုံးသိန်းထက် မပိုသော လက်ဆောင် ပစ္စည်းပေးခြင်းကို ကျနော့်ဖြင့် မကြာခဏ ပေးနေရသည်ကြောင့် ကြက်ကြော် ဈေးနှုန်းများ အခိုက်အတန့် မြင့်တက်နေရသည် ဟု ဆိုမည် ထင်ပါသည်။ ယင်းသို့ ထင်ကြေးကို အရမ်းကာရော ရေးသား သုံးသပ်ခြင်း မဟုတ်ပါ။
လွန်ခဲ့သော ကာလတခုက ပြည်ပ အသံလွှင့်အဖွဲ့အစည်းတခုဖြစ်သည့် လွတ်လပ်သော အာရှအသံ (RFA) နှင့် ဒေါ်အောင်ဆန်းစု ကြည်တို့ အပတ်စဉ် အမေးအဖြေကဏ္ဍဖြစ်သည့် “ဒီမိုကရေစီ ခရီးကြမ်းနှင့် ဒေါ်အောင်ဆန်း စုကြည်” အစီအစဉ်တွင် ဒေါ်စုက လုပ်ငန်းကိစ္စများနှင့် ပတ်သက်၍ သုံးကျပ်ဖြစ်စေ၊ သုံးသိန်းဖြစ်စေ ငွေကြေး ပမာဏတခုခုကို ပေးကမ်းခြင်း လာဘ်ထိုးခြင်းပင် ဖြစ်သည် ဟု ဆိုခဲ့ဖူးသည်။ ဒေါ်စု ယင်းသို့ဆိုခဲ့ခြင်းမှာ ပြီးခဲ့သော မေလ ၅ ရက်နေ့က CSIS ဟုခေါ်သော အမေရိကန်နိုင်ငံ ဝါရှင်တန် အခြေစိုက် “မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး ဌာန (မြန်မာပြည်)” ၏ နိုင်ငံရေးနှင့် စီးပွားရေး ဝန်းကျင် ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပခဲ့သည်။
ယင်းပွဲတွင် မြန်မာစီးပွားရေး လုပ်ငန်းရှင်ကြီးတဦး ဖြစ်သည့် မစ္စတာဆာ့ဂျ်ပန်းခေါ် ဦးသိမ်းဝေက မြန်မာပြည်တွင် စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာန အဆင့်မြင့်ပုဂ္ဂိုလ် အချို့အား လာဘ်ထိုးရခြင်း အပေါ် ကာကွယ် ပြောဆိုခဲ့သည်ဟု ဆိုသည်။ ယင်းကာကွယ်ပြောဆိုမှုကို RFA က ဒေါ်စုကို သဘောထား မေးမြန်းခဲ့ရာ ဒေါ်စုက လာဘ်ထိုးတာဟာ လာဘ်ထိုးတာပါပဲဟု ပြောကြားခဲ့ခြင်းဖြစ် သည်။ (Daily Eleven -၈-၅-၂-၁၅၊ စာ-၂)
ဦးသိမ်းဝေတို့၏ KFC ကြက်ကြော် တတုံးနှင့် အချိုရည် တခွက်သည် အမေရိကန် နှစ်ဒေါ်လာ ပေးနေရသည့် သဖွယ် ဖြစ်နေရော့လားဟု ဝေဖန်သံများ ကြားနေရ၏။ ဦးသိမ်းဝေကတော့ ဈေးနှုန်း ပြင်ပေးနိုင်မှု ရှိ မရှိကို “ဈေးကြီးတယ် လို့ ပြောတဲ့သူ ရှိသလို ဈေးသင့်လျော်တယ်လို့ ပြောတဲ့သူလည်း အများကြီးပါပဲ၊ တကယ်ပြော ရရင် ဖောက်သည်တွေရဲ့ အခြေအနေကို ကြည့်ရင် သိပါတယ်၊ ဒီမှာဖွင့်တာ တပတ်ရှိပြီ၊ နေ့တိုင်း နှစ်နာရီ သုံးနာရီလောက် တန်းစီရတယ်၊ လူတွေက ကြိုက်လား၊ မကြိုက်လား၊ ကြိုဆိုလား၊ မကြိုဆိုလား သူ့အဖြေနဲ့သူ ပေါ်နေတာ ပဲ” ဟု ဆိုသည်။ (Daily Eleven ၊ ၈-၇-၂၀၁၅၊ စာ-၁၅)
အမေရိကန်ကြက်ကြော် စားရဖို့အရေး အချိန် ၂ နာရီပေးကာ တန်းစီဝယ်ယူရမှုကို သူ သဘောကျပုံရသည်။ အမေရိကန် ကြက်ကြော်ကို မြန်မာတို့နှင့် မိတ်ဆက်ပေးနိုင်ခြင်း အတွက်လည်း ဂုဏ်ယူချင်ယူပေလိမ့်မည်။ မိမိဆိုင်ရှေ့ လူစုပြုံတိုး နေလျှင် မည်သူ မပျော်ရှိမည်နည်း။
လူဆိုသည် ကလည်း ခက်သားကလား၊ ကမ္ဘာကျော် အစားအစာတခု မြန်မာပြည် ရောက်လာပြီ ဆိုလျှင် ဦးဦးဖျားဖျား ဝယ်စားပြီးသွားပြီဟု ကြွားချင်ကြသည်။ ယင်းသည်လည်း ဆင်းရဲသော နိုင်ငံရှိ လူကုံထံအလွှာတို့၏ အမူအကျင့်ပင်၊ ယခုပင်လျှင် မြန်မာလူကုံထံ အလွှာတို့ အချိန်အကုန်ခံကာ KFC ကြက်ကြော်ကို ဝယ်နေကြသည်။ ဈေးကြီးနေသော် လည်း ဈေးကြီးကြီး ပေးဝယ်ခဲ့ရသည် ကိုက ဂုဏ်တရပ်အဖြစ် ဖော်ပြနေပုံရသည်။
အခြေခံလူတန်းစား များအတွက်တော့ အနိမ့်ဆုံးအခကြေးငွေ တရက် ကျပ် ၃၆၀ဝ ရမည် မရမည် မသေချာ သေးချိန် မှာ ကြက်ကြော် တတုံး အတွက် ၁၃၀၀ ကျပ်၊ အချိုရည် တခွက် အတွက် ကျပ် ၈၀၀ ပေးရသည့် အတွက် အမေရိကန် ဒေါ်လာ နှစ်ဒေါ်လာခန့် ကုန်ကျ နေသဖြင့် KFC ကြက်ကြော်ဝယ်စားနိုင်ရန် အိပ်မက်ထဲမှာတောင် မရှိ၊ အမေရိကန် ကြက်ကြော်သည် မြန်မာ အခြေခံ လူတန်းစားများနှင့် လူလတ်တန်းစားများ အတွက် စားဖို့ရန် ရည်ရွယ်ရောင်းချခြင်း မဟုတ်ဟု ယူစရာ ဖြစ်လာသည်။ ယင်းသို့ဆိုလျှင် ကြက်ကြော်ရောင်းကာ စီးပွားရှာသူများအား ပန်ကြားပါသည်။
ယခု ဈေးကြီးနေသေးသည် ဟု ဆိုနေသော KFC ကြက်ကြော်ဈေးနှုန်းကို လူတန်းစား မရွေး ဝယ်စားနိုင်အောင် ဈေးချ ပေးစေလိုသည်။ အကယ်၍ အကွက်အကွင်းကျ နေရာကောင်းရရန် ဆိုင်ရာသို့ လာဘ်ပူဇော်ငွေများ ပေးရလျှင်လည်း၊ ထိုငွေကြေးများကို စားသုံးသူများ ကျခံစေရန် ကြက်ကြော်ဈေးနှုန်းထဲ မထည့်သွင်းဘဲ လူတန်းစား မရွေး စားသုံး နိုင်ရေး ရည်ရွယ်သင့်ပါကြောင်း ထောက်ပြဝေဖန်လိုက်ရပါသည်။ ။