သမ္မတ ဦးသိန်းစိန်က တွေ့ဆုံမေးမြန်းခန်းတခုမှာ နိုင်ငံအတွက် ဦးဆောင်နိုင်တဲ့ လူငယ်လူလတ်တွေ အဆင်သင့် မရှိသေးတာကြောင့် နောင်လာမယ့် သက်တမ်းအတွက် တာဝန်ယူရကောင်း ယူရနိုင်တယ်ဆိုတဲ့ သဘောမျိုး ပြောဆိုသွားပါတယ်။ သမ္မတ ပြောပြီးနောက်မှာ ဝေဖန်သံတွေ ညံသွားပါတယ်။
သမ္မတရဲ့စကား ဘယ်လောက် အတိုင်းအတာထိ မှန် မမှန် စစ်တမ်းလုပ်ဖို့ကောင်းတယ်။ မြန်မာနိုင်ငံသား လူငယ် လူလတ်တွေ သမ္မတပြောသလို ချာကုန်ကြပြီလား။ ဒီစကား ဘာကြောင့် သမ္မတ ပြောထွက်ရတာလဲ။ သူ့ဝန်းကျင်က လူငယ်လူလတ်တွေကို ကြည့်ပြီး ကောက်ချက်ချလိုက်လေသလား။
ရန်ကုန်မြို့တာ် စည်ပင်သာယာရေး ကော်မတီက အရွေးချယ်ခံ တတ်သိပညာရှင် ဒေါက်တာ စိုးထွန်းက သမ္မတရဲ့ ကောက်ချက်ချမှုကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မြန်မာလူငယ်တွေ မညံ့ကြောင်း တုံ့ပြန်လိုက်ပါတယ်။ အလားတူ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ကလည်း သူနဲ့နှိုင်းယှဉ်ပြီး မြန်မာလူငယ်တွေ မညံ့ကြောင်း ပြည်တွင်းထုတ် ပုဂ္ဂလိကသတင်းစာတွေမှာ ဖြေဆိုထားတယ်။
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲရက်က တဖြည်းဖြည်း နီးလာပါပြီ။ ရွေးကောက်ပွဲဝင်ကြမယ့် ကိုယ်စားလှယ်လောင်း အမည် စာရင်းကို နိုင်ငံရေးပါတီတွေက ထုတ်ပြန်လာကြတယ်။ သမ္မတပြောတဲ့ လူငယ်လူလတ်တွေ ဦးဆောင်နိုင်တဲ့ အရည်အချင်းရှိ မရှိ ရွေးကောက်ပွဲလွန် ကာလမှာ သိရတော့မှာပါ။ လတ်တလော အမည်စာရင်းတွေအရ နိုင်ငံ့ဝန်ထမ်း သက်ပြည့် အငြိမ်းစားတွေ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားတာ တွေ့ရတယ်။ အငြိမ်းစား ပါမောက္ခချုပ်တွေ၊ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်တွေ၊ အငြိမ်းစား ဦးဆောင်ညွှန်ကြားရေးမှူးနဲ့ ညွှန်မှူး (ငြိမ်း)၊ လက်ထောက်ညွှန် (ငြိမ်း)၊ ဒု ညွှန် (ငြိမ်း) တွေလည်း ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားတာ တွေ့ရတယ်။
တပ်မတော်မှာ ဗိုလ်ချုပ်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ် စတဲ့အဆင့်မြင့် ရာထူးတာဝန်တွေ ယူခဲ့တဲ့သူ တချို့လည်း ပင်စင်ယူပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြဦးမှာပါ။ သက်ပြည့်ပင်စင် ယူထားကြတဲ့ အငြိမ်းစား ပါချုပ်ဟောင်းတွေ၊ အငြိမ်းစား ကျောင်းအုပ်ကြီးတချို့က ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်အရွေးခံပြီး လွှတ်တော်ထဲမှာ ဝင်ထိုင်ခဲ့ကြပါသေးတယ်။
အခုလာမယ့် ရွေးကောက်ပွဲမှာလည်း သူတို့တတွေ ဒုတိယ သက်တမ်းအတွက် ဝင်ပြီး ကံစမ်းကြဦးမှာပါ။ တချို့အမတ် လောင်းတွေ အသက် ၇၀ ကျော်လို့ ၈၀ နားကပ်နေကြပြီ။ အဲဒီလောက်အထိ တိုင်းပြည် ချစ်ပြနေတော့လည်း လူငယ်တွေက အဲဒီလို လူကြီးတွေကို အားနာမိနေတော့တယ်။
လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း ဘာမေးခွန်းမှမထုတ် ဘာအဆိုမှ မတင်ခဲ့ကြဘဲ လခစား ဝန်ထမ်းဉာဉ် မပျောက်တဲ့ ဗျူရိုကရက်ဟောင်းကြီးတွေကို ပြည်သူတွေက စိတ်ကုန်နေကြပြီ။ လွှတ်တော်ထဲ ငုတ်တုတ်ထိုင် ပြည်သူ့လစာယူနေကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် မခံကြပါနဲ့။ နိုင်ငံ့အရေးအရာတွေမှာ တတ်ကျွမ်းနားလည်တဲ့ လူငယ် လူလတ်တွေ မရှိရင် သင်ကြားလေ့ကျင့် မွေးထုတ်ဖို့ လိုပါတယ်။
အခုလက်ရှိ လူငယ် လူလတ်တွေ ညံ့တယ်၊ချာတယ်ဆိုရင် စနစ်တကျ လေ့ကျင့်မပေးခဲ့တဲ့ လူကြီးတွေမှာသာ တာဝန် ရှိတယ်။ မျိုးဆက်တွေရဲ့ သဘောက အဆက်အစပ်ရှိပါတယ်။ လူရဲ့ ပင်ကိုယ်သဘောကလည်း အတုမြင်အတတ် သင်ပြီး အတုခိုးတဲ့ အလေ့အထရှိပါတယ်။ လူကြီးကောင်းကသာ လူလတ်ကောင်းကို မွေးထုတ်နိုင်ပါတယ်။ လူလတ်တွေ ကောင်းမှလည်း လူငယ်တွေ ကောင်းမှာပါ။ လူငယ်တွေကောင်းရင် ကလေးတွေလည်း ကောင်းပြီပေါ့။
အနာဂတ်က လူငယ်တွေ လက်ထဲမှာလို့ ယုံကြည်ရင် လူငယ်တွေ လူလတ်တွေကို ရဲရဲဝံ့ဝ့ံ့ ထုတ်သုံးရပါလိမ့်မယ်။ နယ်ပယ်အသီးသီးမှာ လူငယ်လူလတ်တွေကို ယုံယုံကြည်ကြည် မသုံးဘဲနေရင် လူဟောင်းကြီးတွေ လက်ထဲမှာပဲ တိုင်းပြည်က အီလည်လည် ဖြစ်နေဦးမှာပါ။ လက်တွေ့မှာတော့ ရပ်ကွက်ထဲ ဆွမ်းလောင်းအသင်းလို မျိုးမှာတောင် လူငယ်တွေကို နေရာမပေးနိုင်ခဲ့တဲ့ လူကြီးတွေကများတယ်။ တိုင်းပြည်ရဲ့အနာဂတ်အတွက် လူငယ်လူလတ်တွေကို နေရာပေးဖို့ မတွန့်တိုစေချင်ဘူး။
အစိုးရအဖွဲ့မှာဖြစ်စေ အရပ်ဘက် အဖွဲ့အစည်းတွေမှာဖြစ်စေ လူငယ် လူလတ်တွေရဲ့ ကာယအား ဉာဏအား အထူး လိုအပ်ပါတယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ လူကြီးတွေကို အသက်ကြီးပြီ အိုပြီဆိုပြီး ပစ်ပယ်တဲ့ ဓလေ့မရှိပါဘူး။ နာယကဂုဏ် ၆ ပါးနဲ့ ညီခဲ့ရင် အိမ်ဦးခန်းမှာ ထားကြတာပါပဲ။ သက်ရှိ ပန်းချီကားအဖြစ် မြတ်မြတ်နိုးနိုး လေးလေးစားစား နေရာပေးကြတယ်။ အသက်ကြီးတာ တခုတည်းနဲ့ သက်ကြီးပူဇော်ပွဲ ရောက်တဲ့အခါ ကန်တော့ခံ စင်မြင့်ထက်မှာ မိန့်မိန့်ကြီးထိုင်လို့ရတယ်။
နိုင်ငံ့အရေးအရာတွေ လုပ်ကြကိုင်ကြရတာ အင်မတန် ခက်ခဲပင်ပန်းဆင်းရဲကြတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို ပြန်လည် တည်ဆောက်ဆဲ နိုင်ငံတွေအတွက် ပိုပြီး ခက်ခဲတော့မှာပေါ့။ ဒါကြောင့် နိုင်ငံရေးပါတီ အသီးသီးက (အာဏာ ရပါတီ၊ အတိုက်အခံပါတီ၊ တိုင်းရင်းသားပါတီတွေက) လူငယ်တွေ လူလတ်တွေကို မဖြစ်မနေ နေရာပေးဖို့လိုပါတယ်။ လူငယ်တွေအတွက် လမ်းဖွင့်ထားကြရပါမယ်။ လူငယ်တွေ မတတ်သေးရင် သေချာ သင်ပေးကြပါ။ မတတ်ရကောင်း လားလို့ အပြစ်တင်မစောကြပါနဲ့။ လက်တွဲခေါ်ယူဖေးမကြပါ။ သူတို့ (လူငယ်) တွေ နာယူကြပါလိမ့်မယ်။
မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာကို ရယူခဲ့ကြတဲ့သူတွေက ပဒေသရာဇ်ခေတ်ကစလို့ သက်ဆုံးတိုင် အာဏာကို ချုပ်ကိုင်ချင်ကြသူတွေက များတယ်။ ဘဝရှင်မင်းတရားကြီး နတ်ရွာစံပြီဆိုမှ အိမ်ရှေ့ကိုယ်တော်က ထီးဖြူဆောင်းပြီး အုပ်ချုပ်မင်းလုပ်ကြရတယ်။ တပါတီခေတ် ရောက်တော့လည်း မထူးဘူး။ အသက် ၇၀ ကျော်၊ ၈၀ တန်းအရွယ်တွေက တုံချိတုံချိနဲ့ ကြွပ်ကြွပ်အိတ်ကြီးတွေဆွဲ၊ ပါတီဦးထုပ်တွေဆောင်းလို့ ညီလာခံတွေတက်ကြ နှီးနှောဖလှယ်ပွဲဆိုတာတွေ တက်ကြ နိုင်ငံ့အရေးကို စွမ်းစွမ်းတမံ လုပ်ပြနေသေးတယ်။ တိုင်းပြည် ချစ်လိုက်ကြပုံများ လူငယ်တွေကို အလှည့်မပေး နိုင်ကြဘူး။
ကုန်ထုတ်လုပ်ရေး ဂရပ်မျဉ်းတွေကလည်း တက်လိုက်ကြတာ။ မိုးထိုးတော့မယ့် အတိုင်းပါပဲ။ သွားလေသူ လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးဆို တိုင်းပြည်ချစ်လိုက်တာ။ အသက် ၈၀ ကျော်တဲ့အထိ သူ့ခမျာ မနားရဘူး။ တကယ်ဆို အဲဒီအရွယ်က တရားဘာဝနာ အားထုတ်ရမယ့် တတိယအရွယ်။ မြေးတွေမြစ်တွေနဲ့ ဘဝနေဝင်ချိန်ကို ဖြတ်သန်းရမယ့်အချိန်။ လူငယ် လူလတ်တွေ စိတ်မချနိုင်ဖြစ်ပြီး ပါတီတာဝန်တွေရော တိုင်းပြည်တာဝန်ပါ ဦးလည်မသုန် ထမ်းခဲ့ရှာတယ်။
၁၉၈၈ ခုနှစ် အရေးတော်ပုံကာလ အလွန်မှာလည်း စစ်ဗိုလ်ချုပ်ကြီးတွေက တိုင်းပြည်ကို နှစ် ၂၀ ကျော် နေ့မအား ညမနား အုပ်ချုပ်ပြီး တိုင်းပြည်ချစ်ပြသွားခဲ့တယ်။ သက်ပြည့် ပင်စင်ယူရမယ့် အရွယ်တွေ ကျော်လွန်နေသည့်တိုင် လူငယ်တွေကို နေရာမပေးအားဘူး။ တိုင်းပြည်အတွက်ဆိုတဲ့ စေတနာတွန်းအားနဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတွေ စွမ်းစွမ်းတမံ လုပ်သွားခဲ့ကြတယ်။
ထိပ်ပိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတွေဆိုရင် သွားတာလာတာတောင် ပြေးဟယ်လွှားဟယ် မလုပ်နိုင်ပေမယ့် ကိုယ်တိုင်ဦးစီးပြီး တိုင်းရေးပြည်ရေး လုပ်သွားခဲ့တာ ပြည်သူတွေအမြင်ပဲ။ ဒါလောက်လုပ်ပြတာတောင်မှ မလိုတမာ သူတချို့က သွားပုပ်လေလွင့် ပြောကြပြန်သေးတယ်။ ခက်တာက ကျနော်တို့ဆီက လူတွေကလည်း ဝေဖန်တာ ဝါသနာ ပါတယ်။ သိကြားမင်းဖန်ဆင်းတဲ့ ကျွဲကိုတောင် ဂျိုကုပ်သလေး ဒူးကြီးသလေး လုပ်ချင်ကြတာကလား။ ဗိုလ်ချုပ်ကြီးတွေကတော့ တိုင်းပြည်အနာဂတ်အတွက် ဝေဖန်တာတွေ လျစ်လျုရှုပြီး သူတို့လုပ်စရာရှိတာ အသေအချာ အကွက်ကျကျ လုပ်သွားကြတာပါပဲ။ တိုင်းပြည် မွဲပြာကျသွားတာ တခုက လွဲရင်ပေါ့။
အခုလည်း နိုင်ငံတော်သမ္မတက တိုင်းပြည် ခေါင်းဆောင်ဖို့အတွက် လူငယ် လူလတ်တွေ မရှိဘူးလို့ ပြောနေပြန်ပါပြီ။ နိုင်ငံချစ်သူ တယောက်အနေနဲ့ တိုင်းပြည်အနာဂတ်အတွက် ရတတ်မအေးနိုင် ဖြစ်နေပုံရတယ်။
တိုင်းပြည်အတွက်လည်း ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ လုပ်ခဲ့တယ်ဆိုတာလည်း အငြင်းပွားစရာ မရှိပါဘူး။ သမ္မတရဲ့ တတိယအရွယ် လက်ကျန်အချိန်တွေကို မိသားစုအတွက်နဲ့ သံသရာအတွက်သာ သုံးစေချင်ပါတော့တယ်။
သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်